မြန်မာ့လူ့ဘောင်ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ ပွဲအခမ်းအနားတစ်ခုခုပြုလုပ်တဲ့အခါတိုင်း (ဒါမှမဟုတ်) ဖျော်ဖြေပွဲတွေ ပြုလုပ်တဲ့အခါတိုင်း အစစအရာရာအဆင်ပြေချောမွေ့နေပြီဆိုရင် “လမိုင်းကပ်တယ်”၊ အဲဒီလိုမဟုတ်ဘဲ ဖျော်ဖြေနေတဲ့ အချိန်အတောတွင်းမှာ အမှားမှားအယွင်းယွင်းနဲ့ လွဲချော်မှုတွေရှိလာပြီဆိုရင်တော့ “လမိုင်းမကပ်ဘူး” ဆိုပြီး ပြောကြတာမျိုးကို ပရိသတ်တို့အနေနဲ့ကြားဖူးနား၀ရှိကြမှာပါ။ အထူးသဖြင့် အနုပညာလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေအနေနဲ့ အဲဒီ ‘လမိုင်း’ ဆိုတဲ့ အသုံးအနှုန်းကို ပိုမိုရင်းနှီးပြီး အသုံးများကြမယ်လို့ ထင်ပါတယ်။
မြန်မာ့ရိုးရာဓလေ့ထုံးစံတွေထဲမှာ လမိုင်းနတ်တင်ခြင်းဓလေ့ကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး လမိုင်းနတ်တင်ရတဲ့ ရည်ရွယ်ချက်အကြောင်းရင်းကတော့ မိမိတို့လုပ်ကိုင်တဲ့လုပ်ငန်းဆောင်တာရပ်တွေမှာ အဆင်ပြေမှုရှိစေဖို့အတွက် ဖြစ်ပါတယ်။ ရှေးယခင်တုန်းကဆိုရင် လယ်သမားတွေ ထွန်ရေးငင်ကာစအချိန်မှာ ထွန်တုံး၊ ထွန်သန်၊ လှည်း အစရှိတဲ့ လယ်ယာသုံးပစ္စည်းတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့အတွက် လမိုင်းနတ်ကို ပူဇော်ပသလေ့ရှိကြသလို သစ်ခုတ်၊ လှေထိုး၊ ငါးဖောင်ချ၊ သမ္ဗန်ခတ်အစရှိတဲ့ အလုပ်တွေကိုလုပ်ကိုင်ကြသူတွေအနေနဲ့လည်း လမိုင်းနတ်တင်တာမျိုးရှိပါတယ်။ လှေသမားတွေအနေနဲ့ ထမင်းအိုးထဲက ထမင်းကိုခူးခပ်တဲ့အခါတိုင်းမှာ စားဦးစားဖျားအဖြစ် လမိုင်းနတ်ကို အလေးအနက်ထား တင်မြှောက်ပသကြတာနဲ့ ပတ်သက်လို့လည်း ညောင်ရမ်းခေတ်ရဲ့ စာဆိုရှင် ဝန်ကြီးပဒေသရာဇာက သူ ရေးသားခဲ့တဲ့ ပိန်းကောလှေဧချင်းမှာ “တစ်ယောက်ချင်းသည် ထမင်းခူးသော်၊ တစ်ဆုပ်ကယ်နေ့တိုင်း လမိုင်းရှိပူဇော်” လို့ ထည့်သွင်းစပ်ဆိုခဲ့ပါတယ်။ ဒီလိုရေးသားစပ်ဆိုခဲ့မှုကို လေ့လာကြည့်မယ်ဆိုရင် လမိုင်းနတ်ကို ပူဇော်ပသတဲ့ဓလေ့ဟာ ရှေးယခင်ခေတ်အချိန်အခါကတည်းက တည်ရှိနေခဲ့တဲ့ဓလေ့တစ်ခုဖြစ်တယ်ဆိုတာကို သိရှိစေနိုင်ပါတယ်။
ဇလုံအကြီးတစ်လုံးထဲမှာ အုန်းသီးအစိမ်းကို အလယ်မှာထားပြီး ဖီးကြမ်းငှက်ပျောသီးတွေ ခြံရံပြင်ဆင်ထားတဲ့ ကန်တော့ပွဲတစ်ပွဲနဲ့ လမိုင်းနတ်ကို တင်မြှောက်ပသတဲ့ဓလေ့ကိုတော့ ယနေ့အချိန်ထိတိုင် မြန်မာ့ဆိုင်းဝိုင်းတွေ၊ အငြိမ့်သဘင်တွေနဲ့ ဇာတ်ပွဲတွေမှာ မြင်တွေ့နေရဆဲပါ။ ပြင်ဆင်ထားတဲ့ကန်တော့ပွဲနဲ့အတူ အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေကိုလည်း ထွန်းညှိထားကြပြီး ဒီလို တင်မြှောက်ပူဇော်တဲ့အကျိုးရလဒ်အနေနဲ့ လမိုင်းကပ်ပြီး ဖျော်ဖြေရေးအတီးသမားတွေ အကုန်လုံး အတိုင်အဖောက် ညီညီညာညာနဲ့ အခက်အခဲမဖြစ်ဘဲ တီးခတ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုပ်သေးလောကဆိုရင်လည်း ဇာတ်စင်ဆောက်တဲ့အခါမှာတောင် သစ်နဲ့မဆောက်ဘဲ လမိုင်းနတ်ကို ပူဇော်တဲ့အနေနဲ့ ဝါးတွေနဲ့ချည်း ဆောက်ခဲ့ကြတဲ့ အစဉ်အလာလည်းရှိပါသေးတယ်။
လမိုင်းတင်တဲ့ဓလေ့အကြောင်းပြောပြီးတဲ့အခါမှာတော့ “လမိုင်း” ဆိုတာ ဘာလဲဆိုတာကို သိချင်နေတဲ့သူတွေ အတွက် ဆက်ပြီးရှင်းပြပေးချင်ပါတယ်။ “လမိုင်း” ဆိုတာက ကမ္မဇိဒ္ဓိတန်ခိုးတွေရှိကြပြီး တချို့လမိုင်းတွေရဲ့ ကမ္မဇိဒ္ဓိတန်ခိုးတွေဆိုရင် လောကီဆရာတွေတောင်မနိုင်လောက်အောင် စွမ်းပကား ကြီးမားကြသလို ပွင့်တော်မူပြီးတဲ့ဘုရားတစ်ဆူကနေ သုံးဆူအထိ မီတဲ့လမိုင်းတွေလည်းရှိတယ်လို့ ပြောဆိုနေကြတာတွေလည်းရှိပါတယ်။ ဒါကြောင့် “လမိုင်း” ဆိုတာကို အလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံး အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် မှော်ဆန်တဲ့ဒဏ္ဍာရီလာနတ်တစ်မျိုးလို့ ခေါ်ဆိုသတ်မှတ်နိုင်ပါတယ်။
စကြာ၀ဠာကြီးထဲမှာ လမိုင်းအမျိုးအစား များစွာရှိပြီး တချို့တွေကလည်း လမိုင်း ၃ မျိုး၊ တချို့ကျတော့လည်း လမိုင်းက ၅ မျိုးကနေ ၆ မျိုးကျော်အထိရှိတယ်လို့ ဆိုထားကြပါတယ်။ လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင်တော့ ကုန်းလမိုင်း၊ ရေလမိုင်း၊ တောလမိုင်း၊ တောင်လမိုင်း၊ အာကာသလမိုင်းနဲ့ ကဝါလမိုင်းတို့ ဖြစ်ကြပါတယ်။ အသေးစိတ်ပြုစုမှတ်သားထားတဲ့ စာရင်းတွေအရဆိုရင် လမိုင်းအမျိုးအစားပေါင်း ၆၂ မျိုးထက်ပိုပြီး ရှိပါတယ်။
ကုန်းလမိုင်းဆိုတာကတော့ ကွင်းပိုင်၊ ရပ်ပိုင်၊ ရွာပိုင်၊ နယ်ပိုင်တွေ၊ အသူရကယ်ပြိတ္တာတွေ၊ စုန်းကဝေတွေနဲ့ အစရှိတဲ့ အောက်လမ်းဆရာတွေကြောင့်ဖြစ်ရတဲ့ လမိုင်းဖြစ်ပြီး ရေလမိုင်းကတော့ ရေဝဲ၊ ရေလှိုင်းတွေ၊ ရေအောက်ကမ္ဘာထဲက ထူးဆန်းတဲ့သတ္တဝါတွေနဲ့ သာမန်ထက်အရွယ်အစားကြီးတဲ့ ငါးတွေ၊ ရေဘဝဲတွေရဲ့ တိုက်ခိုက်ခံရမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့လမိုင်းပါ။ ဒါကြောင့် ယျေဘူယျအနေနဲ့ ရေလမိုင်းဆိုတာက ပင်လယ်သမုဒ္ဒရာနဲ့ မြစ်ချောင်းအင်းအိုင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ယူဆသတ်မှတ်နိုင်ပါတယ်။
မိမိရဲ့ နေထိုင်တဲ့နေရာမှာ မိမိရဲ့ ကိုယ်ပိုင်စည်းကမ်းရှိသလို တခြားသောနေရာဒေသတွေမှာလည်း သူတို့ရဲ့ ဒေသအလိုက် စည်းကမ်းတွေဆိုတာရှိပါတယ်။ ဒါကြောင့် တောထဲမှာလည်း တောစည်းကမ်းဆိုပြီးရှိပါတယ်။ တောစည်းကမ်းတွေကို မလိုက်နာတဲ့အခါမျိုးမှာ တောတွင်းရှိတဲ့ တောစောင့်နတ်တွေရဲ့ နှောင့်ယှက်ခြင်း၊ တစ်နည်းအားဖြင့် တောခြောက်ခံရမှာပါ။ ဥပမာပြောရရင် စကားအပြောအဆိုရုန့်ရင်းကြမ်းတမ်းတာမျိုး၊ အပေါ့အပါးကိုမဆင်မခြင်စွန့်မိတာမျိုး၊ ခွင့်မတောင်းဘဲ သစ်ခုတ်မိတာ၊ တောလိုက်မိတာမျိုးတွေပေါ့။ တောထဲဝင်ရောက်သူတို့က တောစောင့်နတ်တွေဆီမှာ တောင်းပန်တာ၊ခွင့်တောင်းတာမျိုးတွေမလုပ်ဘဲ ဒီလိုအပြုအမူလုပ်ရပ်တွေကို ကျူးလွန်မိမယ်ဆိုရင်တော့ ခုနကပြောခဲ့သလို တောခြောက်ခံရတာမျိုးကြုံရနိုင်ပြီး အဲဒီလိုတောခြောက်ခံရတာကိုတော့ တောလမိုင်းလို့ ခေါ်ဝေါ်ကြပါတယ်။
တောထဲမှာ တောစည်းကမ်းဆိုပြီးရှိသလို တောင်ပေါ်မှာလည်း တောင်စည်းကမ်း ရှိပြန်ပါသေးတယ်။ တောင်ပိုင်ဆီမှာ ခွင့်မတောင်းဘဲ ဆေးမြစ်တူးတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရွှေတူးတာ၊ ကျောက်တူးတာပဲဖြစ်ဖြစ် ကျူးလွန်လုပ်ကိုင်မိမယ်ဆိုရင် မျက်စိလည်လမ်းမှားပြီး ထူးဆန်းတဲ့အသံတွေ၊ တော်လည်းသံတွေကြားရတာမျိုး၊ အကြောင်းအရင်းမည်မည်ရရမရှိဘဲ အချင်းချင်းရန်လိုပစ်ခတ်တာမျိုး၊ သစ်ပင်တွေနဲ့မြေကြီး ထိလုနီးပါးယိမ်းထိုးနေတာမျိုး၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပက်ပင်းတိုးတာမျိုးအစရှိတဲ့ တောင်စောင့်နတ်တို့ရဲ့ နှောင့်ယှက်မှုကိုခံရနိုင်ပါတယ်။ ဒါကြောင့်ပြောရမယ်ဆိုရင် တောလမိုင်းနဲ့ တောင်လမိုင်းက ဆင်တူမှုရှိတယ်လို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ နေရာအရပ်ဒေသကိုလိုက်ပြီး ကန့်သတ်ချက်တချို့လည်းရှိနိုင်ပါတယ်။ ဥပမာ – ခြေလေးချောင်းသားကို တောင်ပေါ် ယူဆောင်လို့မရတာမျိုး၊ မြွေ၊ ဒေါင်း၊ ဖွတ်၊ လိပ်သား စားခွင့်မရှိတာမျိုး၊ ‘မဖွယ်မရာမနေရ’ ဆိုတာမျိုးနဲ့ ‘သွေးမြေမကျရ’ ဆိုတာမျိုးတွေဖြစ်ပါတယ်။
နွေခေါင်ခေါင်ကြီးမှာ မိုးကြိုးပစ်ချလိုက်တာမျိုး၊ အချိန်မဟုတ်အခါမဟုတ် အက်ဆစ်မိုးရွာသွန်းတာမျိုး၊ ရုတ်တရက်ဆိုသလို မိုးမှောင်ကျသွားတာမျိုးနဲ့ ကောင်းကင်မှာ ထူးဆန်းတဲ့ရောင်ခြည်အလင်းတန်းတွေ ထွက်ပေါ်လာတာမျိုးတွေကို ကြုံဖူး၊ ကြားဖူးကြမှာပါ။ ဒီလိုကိစ္စမျိုးတွေကိုတော့ လူအများက ရာသီဥတုဖောက်လွဲဖောက်ပြန်မှုလို့ ခေါင်းစဉ်တပ်နိုင်ပေမဲ့ လမိုင်းအကြောင်းနားလည်သူတွေကတော့ ဒါဟာ အာကာသလမိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
ကဝါလမိုင်းနဲ့ပတ်သက်လို့ကတော့ လူအများက ‘ကဝါလမိုင်း’ ဆိုတဲ့စကားလုံးဟာ အဆင့်မြင့်ဂမ္ဘီရပညာရှင်တွေဆီကနေ ထွက်ပေါ်လာတဲ့ ဝိဇ္ဇာလောကဝေါဟာရတစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ သဘောတရားအနေနဲ့ကတော့ အရှင်းလင်းဆုံးနဲ့ အနီးစပ်ဆုံး ဥပမာထားပြီးပြောရမယ်ဆိုရင် နတ်ဝိဇ္ဇာတွေက သီလသမာဓိအားနဲ့ လောကကောင်းကျိုးပြုသူတွေကို ကူညီသလိုလို ပုံစံမျိုးနဲ့ သူတို့လိုချင်တဲ့ အခြေအနေမျိုးရောက်အောင် သိမ်းသွင်းတာမျိုးဖြစ်ပါတယ်။ ကဝါလမိုင်းဟာ တခြားသောလမိုင်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် နူးညံ့သိမ်မွေ့မှုရှိတာကြောင့် တစ်ခါတလေမှာ ကာယကံရှင်ကတောင်မှ ကဝါလမိုင်း ဝင်လို့ဝင်မှန်းမသိတဲ့ အခြေအနေမျိုးတွေရှိပါတယ်။
ဒါကြောင့်လည်း တရားတိုက်တွေ၊ တရားစခန်းတွေမှာ တရားအားထုတ်နေကြတဲ့ ယောဂီတွေ အနှောင့်အယှက်မဖြစ်စေဖို့အတွက် သာသနာတော်စောင့်နတ်တွေကို ကူညီစောင့်ရှောက်ပေးဖို့ ဦးစွာပင့်ဖိတ်ကြတာမျိုးတွေ ပြုလုပ်ကြသလို ဗေဒင်ရဲ့အချုပ်က မဟာဘုတ်လို့ သတ်မှတ်ကြတဲ့အတိုင်း လမိုင်းအရေအတွက် မည်မျှပင်ကွဲလွဲပါစေ လမိုင်းအချုပ် ကတော့ ကဝါလမိုင်းဖြစ်တယ်လို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ဒီလိုမျိုးအခြေအနေအကြောင်းအရပ်တွေကြောင့်လည်း ဒီနေ့အချိန်ထိတိုင် ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ လုပ်ငန်းဆောင်တာခရီးသွားလာရေးတွေမှာ သက်ဆိုင်တဲ့လမိုင်းနတ်တွေကို ထုံးတမ်းစဉ်လာအတိုင်း လမိုင်းပွဲပေးပြီး ပူဇော်ပသတင်မြှောက်ကြလေ့ရှိနေဆဲဖြစ်ပါတယ်။