“လူသားတို့ရဲ့ ဖန်ဆင်းရှင်အဖြစ် သိကြတဲ့ ဒဏ္ဍာရီလာ နွီဝါးမယ်တော်”

လူသားတို့ရဲ့ ဖန်ဆင်းရှင်အဖြစ် သိကြတဲ့ ဒဏ္ဍာရီလာ နွီဝါးမယ်တော်
—————————-
တရုတ်ဒဏ္ဍာရီတွေထဲမှာ မပါမဖြစ်တဲ့ ဒဏ္ဍာရီလာနတ်ဘုရားတွေအကြောင်း ပြောကြမယ်ဆိုရင်တော့ နွီဝါးမယ်တော်အကြောင်းကလည်း ချန်လှပ်ထားလို့မရပါဘူး။ နောက်ပြီး နွီဝါးမယ်တော်အကြောင်း ပြောမယ်ဆိုရင် မပါမဖြစ်ကတော့ မောင်နှမဖြစ်သလို အကြင်လင်မယားလည်းဖြစ်တဲ့ ကောင်းကင်အရှင် ဖူရှီးပဲ ဖြစ်ပါတယ်။ နွီဝါးနဲ့ ဖူရှီးတို့ကို လူသားတွေရဲ့ ဘိုးဘေးတွေအဖြစ်နဲ့ ယနေ့တိုင် ဂါရဝပြုနေကြဆဲ ဖြစ်ပါတယ်။

ဒဏ္ဍာရီဇာတ်လမ်းဆိုတာဟာ စာပေမှတ်တမ်းတွေ၊ ပါးစပ်ရာဇဝင်တွေနဲ့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတဲ့ အကြောင်းအရာတွေကနေ ဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒဏ္ဍာရီဇာတ်လမ်းတွေဟာ အတိအကျ မှန်ကန်တယ်လို့ မဆိုနိုင်သလို မမှန်ဘူးလို့လည်း ငြင်းချက် မထုတ်နိုင်ပါဘူး။ ဒီလိုပဲ တရုတ်ဒဏ္ဍာရီဇာတ်လမ်းတွေမှာလည်း အံ့ဩစရာကောင်းတဲ့ လူနဲ့သက်ရှိတွေ၊ မှော်အစွမ်း၊ တန်ခိုးအစွမ်းတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းပုံပြင်တွေ ပါဝင်နေပါတယ်။
နွီဝါးနဲ့ ဖူရှီးတို့ကို ဖော်ပြတဲ့အခါ လူတစ်ပိုင်း၊ မြွေနဂါးတစ်ပိုင်း ပုံစံနဲ့ ဖော်ပြကြပါတယ်။ ဖူရှီးက ရွှေရောင်အကြေးခွံနဲ့ နဂါးခန္ဓာကိုယ်ရှိပြီး နွီဝါးကတော့ ငွေရောင်အကြေးခွံနဲ့ မြွေခန္ဓာကိုယ်ရှိပါတယ်။ ဖူရှီးနဲ့ နွီဝါးတို့ကိုတော့ လက်ထပ်ခြင်းရဲ့ ရှေ့ဆောင်အဖြစ်လည်း မှတ်ယူကြပါတယ်။ မောင်နှမတော်စပ်တဲ့ နွီဝါးနဲ့ ဖူရှီးတို့ဟာ မီးတောက်နှစ်ခုကနေ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတာကို မြင်တွေ့ရာကနေ အဲဒီမီးတောက်အောက်မှာပဲ မောင်နှံအဖြစ်နေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ထပ်တဲ့အခါမှာ အရှက်ပြေစေဖို့အတွက် နွီဝါးရဲ့ မျက်နှာကို မြက်နဲ့ရက်ထားတဲ့ယပ်တောင်နဲ့ ကာထားခဲ့တယ်ဆိုတဲ့ အဆိုလည်းရှိပါတယ်။ ဒီလိုကြောင့်လည်း တရုတ်အမျိုးသမီးအများစု မင်္ဂလာဆောင်တဲ့အခါ မျက်နှာကို ပဝါနဲ့၊ ယပ်တောင်နဲ့ ကာတဲ့ဓလေ့ ဖြစ်လာတာဖြစ်ပါတယ်။

အဲဒီနောက် ကောင်းကင်အရှင် ဖူရှီးနဲ့ မြေပြင်အရှင် နွီဝါးတို့ဟာ ကမ္ဘာကြီးမှာ လူသားတွေ ဖြစ်တည်လာဖို့အတွက် ရွှံ့နွံတွေကို လူသားသဏ္ဍာန်ပြုလုပ်ပြီး ပုံဖော်ဖန်တီးခဲ့ကြပါတယ်။ ပထမဆုံး ပုံဖော်ဖန်တီးတဲ့ လူသားတွေဟာ ဂုဏ်သိက္ခာပိုရှိပြီး ဉာဏ်ရည်လည်း ပိုမိုထက်မြက်တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ ကြိုးတစ်ချောင်းကို ရွှံ့ထဲနှစ်ပြီး ခါယမ်းလိုက်ရာကနေ ရွှံ့စက်ကျရာမှာ လူသားတွေ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း လူသားတို့ရဲ့ ဖန်ဆင်းရှင်ဘိုးဘေးအဖြစ်နဲ့ ဂါရဝပြုကြတာဖြစ်ပါတယ်။

ဒါ့အပြင် နွီဝါးမယ်တော်ဟာ ကောင်းကင်ဘုံရဲ့ အပေါက်ကို ဖာထေးပေးသူအဖြစ်လည်း သိကြပါတယ်။ လူသားတွေကို ဖန်တီးပြီး များမကြာမီမှာပဲ ရေနတ်ဘုရားနဲ့ မီးနတ်ဘုရားတို့ အပြင်းအထန်တိုက်ပွဲ ဖြစ်ကြပါတယ်။ အချို့သော မှတ်တမ်းတွေမှာတော့ ဒုတိယမြောက် မိုးနတ်မင်းကြီးနဲ့ ကောင်းကင်ကို ထိန်းသိမ်းပေးနေတဲ့ ဖူဇီနတ်မင်းတို့ မရှိတော့တာကြောင့် ကောင်းကင်က တန်ခိုးကြီးနတ်မင်းတွေက လောကကို အုပ်စိုးခွင့်ရရှိဖို့ ကြိုးပမ်းလာကြပါတယ်။
ဒီအခါ လူအများက မီးကို အလေးပေးကိုးကွယ်ကြမယ်လို့ ဆုံးဖြတ်တဲ့အခါ ရေနတ်ဘုရားက စိတ်ဆိုးပြီး ယန်ဇီမြစ်၊ မြစ်ဝါမြစ်၊ နတ်ရေအိုင်ကြီး ၄ အိုင်၊ သမုဒ္ဒရာကြီး ၅ စင်းတို့က ရေတွေနဲ့ ခွန်လွန်းနတ်တောင်ထိပ်က အဆုံးမဲ့မီးတောက်ကို ငြှိမ်းပစ်လိုက်တာကြောင့် ကမ္ဘာကြီးအမှောင်ကျသွားပါတယ်။ ဒီလိုနဲ့ ရေနတ်ဘုရားနဲ့ မီးနတ်ဘုရားတို့ရဲ့ တိုက်ပွဲက ပြင်းထန်လာပြီး ကမ္ဘာမြေပြင်ကြီး အထိနာကာ ကောင်းကင်ဘုံရဲ့ ထောက်တိုင်အဖြစ် ယူဆကြတဲ့ ပုကျိုးတောင်ကြီး ကျိုးသွားပါတယ်။ ဒီလိုကောင်းကင်ထောက်တိုင်ကြီး လဲသွားတာကြောင့် မိုးကောင်းကင်ကြီး ပေါက်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ နဂါးနက်ကြီးကလည်း ကောင်းကင်ဘုံမှာရှိတဲ့ ဘုံဗိမာန်တွေကို ဖျက်ဆီးပစ်ပါတယ်။ မြေပြင်မှာတော့ ရေတွေကြီးကာ အမှောင်အတိနဲ့ လူတွေ ဒုက္ခရောက်ကြရပါတယ်။ ဒါကြောင့် နွီဝါးမယ်တော်ဟာ ကောင်းကင်အပေါက်ကို မပြုပြင်မီ အရပ်လေးမျက်နှာမှာ သောင်းကျန်းနေတဲ့ နတ်လိပ်၊ ခြူးခြင်္သေ့၊ ဇာမဏီနဲ့ နဂါးတို့ကို ဦးစွာနှိမ်နင်းပြီး အရပ်လေးမျက်နှာမှာ ကြယ်တာယာတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နောက်တော့ သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေလို့ခေါ်တဲ့ ဒြပ်စင် ၅ မျိုးပါဝင်ပြီး အရောင် ၅ မျိုးရှိတဲ့ ကျောက်တုံးနဲ့ ကောင်းကင်အပေါက်ကြီးကို ပြန်လည်ဖာထေးနိုင်ခဲ့ပါတယ်။ နောက်ပြီး ကောင်းကင်ဘုံမှာ သောင်းကျန်းနေတဲ့ နဂါးနက်ကြီးကိုလည်း နှိမ်နင်းနိုင်ခဲ့ပါတယ်။

အချို့မှတ်တမ်းတွေမှာတော့ နွီဝါးမယ်တော်ဟာ ကောင်းကင်ကို ပြုပြင်တဲ့နေရာမှာ နှလုံးသွေးနဲ့ ပေါင်းစပ်ကာ နတ်ဗိမာန်တွေရော လူသားတွေကိုပါ ကယ်တင်ခဲ့တာကြောင့် နတ်ခန္ဓာပျက်စီးပြီး အပိုင်းအစ ၁၀ ပိုင်းအဖြစ် ကွဲထွက်သွားပြီး အဲဒီအပိုင်းအစတွေဟာ လောကသုံးပါးကို လှည့်လည်စောင့်ရှောက်နေတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် နွီဝါးမယ်တော်ဟာ ကမ္ဘာကြီးနဲ့ ကောင်းကင်ဘုံကို ကယ်တင်သူ၊ လူသားတွေကို ဖန်ဆင်းသူ၊ လက်ထပ်ထိမ်းမြားခြင်းရဲ့ ရှေ့ဆောင်တို့အဖြစ်နဲ့ တရုတ်လူမျိုးတွေရဲ့ နှလုံးအိမ်ထဲမှာ အမြဲရှင်သန်နေတာ ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း
#နွီဝါးမယ်တော် #ကောင်းကင်အရှင်ဖူရှီး #Nuwa

More Interesting Blogs from Zlann