“လူသားတွေကို ပျော်ရွှင်ရယ်မောစေခဲ့သူ ချာလီချက်ပလင်”

နှုတ်ခမ်းမွှေးတိုတို၊ ဘောင်းဘီပွပွ ၊ ဖိနပ်ဦးမော့၊တုတ်ကောက်အမည်းကိုကိုင်ကာ ဦးထုပ်အမည်း ဆောင်းထားပြီး ကားကားယားယား လမ်းလျှောက်သရုပ်ဆောင်တဲ့ ချာလီချက်ပလင်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေကို ပျော်ရွှင်စေအောင် ပြုလုပ်ခဲ့သူပါ။
ချာလီချက်ပလင်ဟာ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ လူသိအများဆုံးတွေထဲက တစ်ဦးဖြစ်သလို သူဖန်တီးခဲ့တဲ့ လက်ရာ တွေက လက်ရှိအချိန်ထိတိုင် ရှင်သန်နေဆဲ ဖြစ်ပါတယ်။
ချက်ပလင်ကို ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က အင်္ဂလန်နိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူက ချားစ်ချက်ပလင် ဖြစ်ပြီး မိခင်ဖြစ်သူက ဟန်နာချက်ပလင် ဖြစ်ပါတယ်။
ချက်ပလင်ရဲ့ ငယ်ဘဝက ဆင်းရဲမွဲတေမှုနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။ဒီလို ဘဝအတွေ့ အကြုံတွေက ရုပ်ရှင်ရိုက်ကူးတဲ့အခါ လူ့သဘောသဘာဝ အဖြစ်အပျက်တွေကို ပိုမိုနီးကပ်လာစေပါတယ်။
ချက်ပလင်ရဲ့ ငယ်စဉ်ကာလက အမေတူ အဖေကွဲ အစ်ကိုဖြစ်သူ ဆစ်ဒနီချက်ပလင်နဲ့အတူ ကုန်ဆုံးခဲ့ရပါတယ်။ မိခင်ဖြစ်သူဟာ ဖခင်ရဲ့ ထောက်ပံ့မှုကို မရရှိခဲ့ဘဲ အဝတ်အစားချုပ်လုပ်တဲ့ ဝင်ငွေအနည်းငယ်နဲ့သာရပ်တည်ခဲ့ရ ပါတယ်။
ချက်ပလင် အသက်ခုနစ်နှစ်အရွယ်မှာတော့ ဆင်းရဲသားတို့ခိုလှုံရာ Lambeth Workhouse ကို ပို့ဆောင်ခံရ ပါတယ်။ ၁၈ လအကြာမှာ မိခင်နဲ့ ပြန်လည် ဆုံတွေ့ခဲ့ရပေမဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ Norwood Schools ကို ပို့ဆောင်ခံရပြန်ပါတယ်။
ဖခင် ချားလ်စ်ချက်ပလင်ဟာ အရက်အလွန်အကျွံသောက်တဲ့အတွက် ၁၉၀၁ ခုနှစ် အသက် ၃၈ နှစ်မှာ ကွယ်လွန် ပါတယ်။အဲဒီအချိန်မှာ ချက်ပလင်ရဲ့ အသက်က ၁၂ နှစ် သာ ရှိပါသေးတယ်။
အသက် ၁၄ နှစ်အရွယ်မှာတော့ မိခင်ဖြစ်သူဟာ စိတ်ရောဂါဆေးရုံကို အကြိမ်ကြိမ်တက်ရောက်ခဲ့ရပါတယ်။ ချက်ပလင်တစ်ယောက် စိတ်ရောဂါသည်အမေဖြစ်သူ ပျော်ရွှင်အောင် ရယ်စရာဟာသတွေ အကြိမ်ကြိမ် ပြုလုပ် ပြခဲ့ပါတယ်။
သူ့အသက် ၁၅ နှစ်အရောက်မှာတော့ မိသားစုကို ထောက်ပံ့ဖို့ အတွက် သံမဏိစက်ရုံတခုမှာ ဝင်ရောက် လုပ်ကိုင် ခဲ့ပါတယ်။ဒီအလုပ်လုပ်ပြီးတဲ့နောက် သူ့ရဲ့ အနာဂတ်တခုလုံး သူ့ရှေ့မှာတင် ရှိနေခဲ့ပြီး သူ့ကိုယ်သူ သံမဏိ စက်ရုံလုပ်သားဖြစ်လိမ့်မယ်လို့ ထင်နေ ခဲ့တယ်။
ချာလီ ချက်ပလင်ဟာ အနုပညာနဲ့ပတ်သက်တဲ့ မျိုးရိုးကဆင်းသက်လာခဲ့သူဖြစ်သလို ငယ်စဉ်ကတည်းက အနုပညာပိုးပါလာခဲ့ပါတယ်။ပထမဆုံးပါဝင် အသုံးတော် ခံခဲ့တဲ့ ပြဇာတ်က ‘ရှားလော့ဟုမ်း’ ပြဇာတ်ဖြစ်တယ်။ အဲဒီပြဇာတ်မှာ မင်းလုလင်ဘစ်လီအဖြစ်နဲ့ ကပြခဲ့ရပါတယ်။အဲဒီနောက် ဥရောပနဲ့ အမေရိကကို လှည့်လည် ကာ နည်လှည့်ပြဇာတ်အဖွဲ့နဲ့ လိုက်ပါခဲ့ပါတယ်။
၁၉၁ဝ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ပြီး ၁၉၁၃ ခုနှစ်မှာကာလီဖိုးနီးယားပြည်နယ်၊ လော့စိန်း ဂျလီးမြို့ ရုပ်ရှင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။
၁၉၁၈ ခုနှစ်မှာ အစ်ကိုဖြစ်သူ ဆစ်ဒနီနဲ့ ကိုယ်ပိုင်စတူဒီယို တည်ထောင်ကာ ရုပ်ရှင်လုပ်ငန်းကို လုပ်ကိုင် ခဲ့ပါတယ်။ရုပ်ရှင်ရိုက်ကူးရာမှာ ချက်ပလင်ဟာ ပြီးပြည့်စုံမှုကို အလွန်ရှာတဲ့သူဖြစ်ပါတယ်။ ဇာတ်ကွက်တစ်ခုကို ရာနဲ့ချီ အကြိမ်ကြိမ်ပြန်လည် ရိုက်ကူးလေ့ရှိပြီး အဆင်ပြေမှ ဆက်လက်ရိုက်ကူးတတ်ပါတယ်။
ဟာသသရုပ်ဆောင်အဖြစ် ဇာတ်လမ်းတိုတွေမှာ အောင်မြင်ခဲ့ပြီးနောက် The Kid (1921),A Woman of Paris (1923),The Gold Rush (1925),The Circus (1928),City Lights (1931),Modern Times (1936),The Great Dictator (1940),Monsieur Verdoux (1947),Limelight (1952),A King in New York (1957),A Countess from Hong Kong (1967)အစရှိတဲ့ ကမ္ဘာကျော်ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။
ချက်ပလင်ဟာ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ၊ တေးရေးဆရာနဲ့ သရုပ်ဆောင်အားလုံးကို သူတစ်ယောက်တည်း လုပ်လေ့ရှိပါတယ်။ ဒါဟာ သူ့ကို သူ့ရုပ်ရှင်တွေရဲ့ စစ်မှန်တဲ့ ဖန်တီးရှင် (Auteur) အဖြစ် သတ်မှတ်စေခဲ့ပါတယ်။
ချက်ပလင်ရဲ့ ရုပ်ရှင်ကားတွေ အောင်မြင်ရတာက ရယ်စရာကောင်းတဲ့ ဟာသနဲ့ စိတ်မကောင်းစရာ ဝမ်းနည်းဖွယ် အကြောင်းအရာတွေကို ရောစပ်ပြတတ်တဲ့ အတတ်ပညာကြောင့်ဖြစ်ပါတယ်။ သူ့ရုပ်ရှင်တွေကို ကြည့်ရင်း ရယ်မောရပေမယ့်၊ ကြည့်ပြီးတဲ့အခါ လူ့ဘဝရဲ့ ခါးသက်မှုတွေအကြောင်း ပြန်တွေးမိစေပါတယ်။
ချာလီချက်ပလင်ပါဝင်ရိုက်ကူးခဲ့တဲ့ ရယ်ရွှင်ဖွယ် ဇာတ်ကားတွေက ပွဲကြည့်သူတွေအတွက် ရယ်မောစရာ၊ ပျော်ရွှင်စရာသက်သက် ဖြစ်ပေမဲ့ အချို့ ပရိသတ်တွေအတွက်တော့ လေးနက်တဲ့ အဓိပ္ပာယ် ဆောင်စေပါတယ်။ သူရဲ့ရုပ်ရှင်ကားက ရယ်စရာဟာသတွေဖြစ်ပေမဲ့ လူ့ဘဝရဲ့ အလွှာစုံက ဖြစ်ပျက်နေမှုတွေကို စာနာနားလည် စေပါတယ်။
အမေရိကန်နိုင်ငံမှာ နေထိုင်စဉ်အတွင်း FBI အကြီးအကဲဖြစ်သူ ဟူးဗားက ချာလီချက်ပလင်ရဲ့ အကြောင်းတွေကို စုံစမ်း စစ်ဆေးပါတယ်။ချက်ပလင်ရဲ့ အမှုတွဲဖိုင်ပေါင်း ၂၀၀၀ အထိ မှတ်တမ်းတင်ခဲ့ပေမဲ့ အဲဒီဖိုင်တွဲ တွေထဲမှာ ရာဇဝတ်မကင်းတဲ့ အချက်တွေ ရှာမတွေဘဲ ရှိခဲ့ပါတယ်။ဟူးဗားက ချက်ပလင်ဟာ ဂျူးလူမျိုး တစ်ယောက်ဖြစ်ပြီး ကွန်မြူနစ်တစ်ဦးလို့ဆိုကာ အကြိမ်ကြိမ်စုံစမ်းပါတယ်။
ဟူးဗားဟာ ချက်ပလင်ကို ဖမ်းဖို့ ခိုင်လုံတဲ့ အပြစ်ရှာမရတဲ့အဆုံးမှာတော့ အတင်းအဖျင်းဆောင်းပါးရှင် Hedda Hopper နဲ့ ပူးပေါင်းပြီး ချက်ပလင်ရဲ့ လူမှုရေး ကိစ္စတွေကို ရေးသားခိုင်းပါတော့တယ်။လူထုကို သွေးထိုး လှုံ့ဆော်မှု အောင်မြင်ခဲ့ပြီးနောက် ချက်ပလင်ရဲ့ ရုပ်ရှင်ကားတွေကို အမေရိကန်လူထုက ဆန့်ကျင်လာပါ တော့တယ်။
၁၉၅၂ ခုနှစ် Limelight ဇာတ်ကား မိတ်ဆက်ဖို့ အတွက် ချက်ပလင်တစ်ယောက် လန်ဒန်ကို သင်္ဘောနဲ့ ထွက်ခွာ သွားချိန်မှာတော့ အမေရိကန် ရှေ့နေချုပ်က ချက်ပလင်ကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။
၁၉၅၂ ခုနှစ်မှာ ပြည်ဝင်ခွင့်ပိတ်ပင်ခံရပြီးနောက် နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာတော့ ချက်ပလင်တစ်ယောက် အမေရိကန်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။အဲဒီအချိန်မှာ ချက်ပလင်ရဲ့ အသက်က ၈၃ နှစ် ရှိနေပြီ ဖြစ်ပါတယ်။
Academy Award (အော်စကာ) အဖွဲ့က ချက်ပလင်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ ၁၉၇၂ ခုနှစ်မှာ ဖိတ်ကြားခြင်း ဖြစ်ပါတယ်။ဖိတ်ကြားမှုကို အကြိမ်ကြိမ်စဉ်းစားပြီးနောက် ချာလီချက်ပလင်တစ်ယောက် အဲဒီပွဲကို တက်ရောက် ခဲ့ပါတယ်။စင်ပေါ်ကိုတက်လာတဲ့ ချက်ပလင်ကို ဇနီးဖြစ်သူက တွဲပေးထားရပါတယ်။စင်မြင့်ပေါ်ကို တက်လာတဲ့ ချက်ပလင်ကို တက်ရောက်လာသူ အားလုံးက မတ်တတ်ရပ်လို့ ဂုဏ်ပြုကြပါတယ်။ ဒီအခါချက်ပလင်က နာမည်ကျော် Tramp ဇာတ်ကောင်ရဲ့ ဟန်ပန်အတိုင်း ဦးထုပ်ကို မ ပြီး လူတွေကို ပြန်လည်နှုတ်ဆက်ပါတယ်။
ချက်ပလင်ဟာ အဲဒီဂုဏ်ပြုပွဲကြီးနောက် နောက်ထပ် ၅ နှစ် (၁၉၇၇) အထိ ဆက်လက် ရှင်သန်နေထိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ် ခရစ္စမတ်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ သူရဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။

More Interesting Blogs from Zlann