“လောကဓံအလှည့်အပြောင်းတွေကြားက သဘင်ပညာရှင် ဆင်ခိုးမကလေး”

လောကဓံအလှည့်အပြောင်းတွေကြားက သဘင်ပညာရှင် ဆင်ခိုးမကလေး
———————————–

မြန်မာ့သဘင်လောကမှာ အဆိုအကနဲ့ နာမည်ကျော်ကြားခဲ့သလို လောကဓံအလှည့်အပြောင်းတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူကတော့ ဆင်ခိုးမကလေး မရွှေမျှင် ဖြစ်ပါတယ်။
မရွှေမျှင်ကို ချစ်မြတ်နိုးနေတဲ့ ရနောင်မောင်မောင်တုတ်က ဆင်ပေါ်တင် ခိုးပြေးတယ်လို့ သတင်းထွက်ပေါ်ရာကနေ “ဆင်ခိုးမကလေး” လို့ နာမည်ရလာခြင်းဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုနှစ် (ခရစ်နှစ် ၁၈၅၂ ခုနှစ်) မှာ တောင်တွင်းကြီးမြို့မှာ မွေးဖွားခဲ့သူ မရွှေမျှင်ဟာ ငယ်ရွယ်စဉ်ကတည်းက အကပညာကို တတ်မြောက်ပြီး မြေဝိုင်းမင်းသမီးအဖြစ် ကျော်ကြားခဲ့သူပါ။ မရွှေမျှင်ရဲ့ နာမည်ကို မြန်မာ့စွယ်စုံကျမ်းမှာ မရွှေမြှင် လို့ ဖော်ပြထားပြီး လူထုဒေါ်အမာကတော့ မင်းသမီး မကြေးမျှင် လို့ ဖော်ပြပါတယ်။ ဦးသော်ဇင်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာတော့ မမျှင် လို့ပဲ ရေးသားထားပါတယ်။

ကိုယ်လုံးကိုယ်ပေါက်က သေးသွယ်ပြီး အသားအရေက ညိုစိမ့်စိမ့်၊ မျက်နှာချိုပြီး ချစ်စရာကောင်းတဲ့ မရွှေမျှင်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ တောင်တွင်းကြီးက လယ်တော်အုပ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ လယ်တော်အုပ်ကိုယ်တိုင်ကလည်း အနုပညာကို ဝါသနာပါသူဖြစ်တာကြောင့် မရွှေမျှင်ကို အားပေးမြှောက်စားခဲ့ပါတယ်။ ဒီလိုနဲ့ တောင်တွင်းကြီးရဲ့ ၁၂ ရာသီပွဲ၊ မိုးခေါ်ပွဲတွေမှာ မရွှေမျှင်မကရင် ပွဲမစည်ဘူးလို့တောင် ပြောစမှတ်ပြုခဲ့ရပါတယ်။
မရွှေမျှင်နဲ့ လယ်တော်အုပ်တို့မှာ သားနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ သားအကြီးနာမည်က ညာဘွား ဖြစ်ပြီး သားအငယ်နာမည်ကတော့ သက်ထား ဖြစ်ပါတယ်။ သားနှစ်ယောက်မိခင်ဖြစ်နေပေမဲ့ အကကောင်းတဲ့ မမျှင်ရဲ့ နာမည်ဂုဏ်သတင်းဟာ တောင်တွင်းကြီးကို ကျော်လွန်ပြီး ရတနာပုံနေပြည်တော်အထိ ပျံ့နှံ့ခဲ့ပါတယ်။

ဝါဆိုလ နန်းတွင်းလယ်ထွန်မင်္ဂလာပွဲမှာ လာရောက်ကပြဖို့ ဝန်မင်းတို့က အမိန့်နဲ့ ဆင့်ခေါ်ခဲ့ပါတယ်။ နေပြည်တော်ကို ခင်ပွန်းဖြစ်သူ လယ်တော်အုပ်နဲ့အတူ သွားရောက်ဖျော်ဖြေခဲ့ပြီးနောက် နာမည်ကျော် နန်းတွင်းအီနောင်ပြဇာတ်ကို ကြည့်ရှုဖို့ မမျှင်ဟာ သားကြီးညာဘွားနဲ့အတူ နေပြည်တော်မှာ နေရစ်ခဲ့ပါတယ်။ ဒီလိုနေရစ်ခဲ့တာက မမျှင်ရဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။

လယ်ထွန်မင်္ဂလာပွဲမှာ ကပြခဲ့တဲ့ မမျှင်ကို တွေ့မြင်သွားသူကတော့ ရနောင်မောင်မောင်တုတ် ဖြစ်ပြီး နေပြည်တော်ကနေ မပြန်သေးတဲ့ မမျှင်ကို သီးသန့်လာရောက်ကပြဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ အရင်ပွဲတွေလို ပရိသတ်အများအပြားရှိတာမဟုတ်ဘဲ အရက်သေစာသောက်စားမူးယစ်နေတဲ့ ရနောင်မောင်မောင်တုတ်နဲ့ မောင်းမမိဿံ အနည်းငယ်ကိုသာ ဖျော်ဖြေရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

သေရည်မူးယစ်နေတဲ့ ရနောင်မင်းသားက မမျှင်ကို လိုက်ဖမ်းတဲ့အခါ မမျှင်ဟာ ကကွက်မပျက်အောင် ကခုန်ရင်း ရှောင်တိမ်းခဲ့ရပါတယ်။ သားနှစ်ယောက်မိခင်၊ လင်ရှိမယားဖြစ်လို့ သတိထားဖို့ တောင်းပန်ခဲ့ပေမဲ့ ရနောင်မောင်မောင်တုတ်ဟာ သူလိုချင်တာကလွဲရင် ဘာကိုမှ ဂရုမစိုက်သူ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တရားဝင်ခင်ပွန်းဖြစ်သူ လယ်တော်အုပ်ကို ကွာရှင်းပြီးမှသာ ရနောင်နဲ့ လက်ထပ်ပါရစေလို့ အတန်တန်တောင်းပန်တဲ့အခါ ရနောင်မင်းသားက သားကြီးညာဘွားကို ဓားစာခံအဖြစ် ခေါ်ထားပြီး မမျှင်ကို တစ်ယောက်တည်း ပြန်ခိုင်းခဲ့ပါတယ်။

တောင်တွင်းကြီးကို ပြန်ရောက်တဲ့ မမျှင်တစ်ယောက် လယ်တော်အုပ်နဲ့ သားနှစ်ယောက်ကို စောင့်ရှောက်ဖို့အတွက် မိန်းမတစ်ယောက်ကို ငွေ ၅၀၀ ကျပ်ပေးပြီး ခင်ပွန်းသည်နဲ့ ပေးစားခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ မချစ်မနှစ်သက်သူနဲ့ ထိမ်းမြားရတော့မယ့်ဘဝ၊ ချစ်မြတ်နိုးရတဲ့ ရင်သွေးတွေနဲ့ ခင်ပွန်းကို ထားခဲ့ရမယ့်ဘဝကြောင့် စိတ်မချမ်းသာစွာနဲ့ နေခဲ့ရပါတယ်။

သံယောဇဉ်မပြတ်နိုင်တဲ့ မမျှင်ရဲ့အပြန်ခရီး နှောင့်နှေးနေတာကို သည်းမခံနိုင်တဲ့ ရနောင်မင်းသားဟာ မမျှင်ကို ဆင်နဲ့လာခိုးပါတော့တယ်။ ရနောင်မောင်မောင်တုတ်ရဲ့ စိတ်ထင်ရာလုပ်ရပ်တွေကို ဘယ်သူမှ မတားဆီးနိုင်ခဲ့ပါဘူး။ရနောင်မောင်မောင်တုတ်ဟာ မမျှင်ကို အလေးပေးမြှောက်စားခဲ့ပြီး တရားဝင်မယား ၆ ယောက်ရှိတဲ့အထဲမှာတောင် မမျှင်ကို သော့ကိုင် ဘဏ္ဍာစိုးအဖြစ် ထားရှိခဲ့ပါတယ်။

ရနောင်ဟာ သီပေါမင်းနဲ့ ဒိုင်းခင်ခင်ကို ဆက်သွယ်ပေးတဲ့ကိစ္စကြောင့် အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။ သီပေါမင်းနဲ့ ဒိုင်းခင်ခင်တို့ရဲ့အကြောင်းကို သိရှိသွားတဲ့ စုဖုရားလတ်က ဒိုင်းခင်ခင်ကို သုတ်သင်ခဲ့သလို ရနောင်ကိုလည်း အကျဉ်းချခဲ့ပါတယ်။ ရနောင်မောင်မောင်တုတ်ဟာ ကြေးတိုက်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကတ်ကြေးနဲ့ ထိုးသတ်သွားတယ်လို့ သမိုင်းစာအုပ်အချို့မှာ မှတ်တမ်းတင်ထားပေမဲ့ အချို့ကတော့ ရနောင်ရဲ့ပြိုင်ဘက်က အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။
ရနောင်ရဲ့သော့ကိုင် ဘဏ္ဍာစိုးဖြစ်ခဲ့တဲ့ မမျှင်ကိုလည်း ကြိမ်ဒဏ် ၁၃ ချက်ရိုက်ပြီး ချုပ်နှောင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိဖုရားခေါင်ကြီး စုဖုရားလတ်ရဲ့အမိန့်နဲ့ မမျှင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ “ဆင်ခိုး ဒီကရှေ့လျှောက် ဒုက္ခမရောက်စေရဘူး” လို့ စုဖုရားလတ်က မမျှင်ကို အားပေးစကားဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ မမျှင်ဟာ “ဆင်ခိုးမကလေး” အဖြစ်နဲ့ နန်းတော်ထဲမှာ အထင်ရှားဆုံး အကပညာရှင်မင်းသမီး ဖြစ်လာခဲ့ပါတယ်။

ရနောင်မောင်မောင်တုတ် ဆုံးပါးချိန်မှာ သူ့ရဲ့အသက်က ၂၈ နှစ်သာ ရှိသေးသလို ဆင်ခိုးရဲ့အသက်ကလည်း ၂၈ နှစ်အရွယ်သာ ရှိပါသေးတယ်။ အရွယ်ရှိသေးတဲ့ ဆင်ခိုးကို စုဖုရားလတ်က အိမ်ထောင်ချပေးဖို့ စီစဉ်တဲ့အခါမှာတော့ ခင်ပွန်းဟောင်းရှိကြောင်း လျှောက်တင်ခဲ့တဲ့အတွက် လယ်တော်အုပ်နဲ့ ပြန်ပြီး လက်ထပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း လယ်တော်အုပ်နဲ့ ပြန်လည်ပေါင်းထုပ်ပြီး မကြာခင်မှာပဲ လယ်တော်အုပ် ကွယ်လွန်သွားပြန်ပါတယ်။
သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်ခေတ်ရောက်တဲ့အခါ ဆင်ခိုးမကလေးဟာ ဇာတ်ထောင်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ နန်းတွင်းမှာ မင်းစိုးရာဇာတွေကိုသာ ဖျော်ဖြေခဲ့တဲ့ “ဆင်ခိုးမကလေး” ဟာ ပြည်သူ့မင်းသမီး၊ အရပ်မင်းသမီးဖြစ်လာပါတယ်။ ပြည်သူ့မင်းသမီးဘဝမှာ ကြည့်မြင်တိုင် ငါးကျော်ဖိုအရပ်က အရပ်လူကြီး မောင်မောင်ဘ နဲ့ တတိယအိမ်ထောင်ပြုပြီး သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ မောင်မောင်ဘ ကွယ်လွန်ပြန်တော့လည်း ဆင်ခိုးမကလေးဟာ တတိယအကြိမ် မုဆိုးမဖြစ်ပြန်ပါတယ်။

သီပေါမင်း အိန္ဒိယရောက်ပြီး ရတနာဂီရိမှာ သမီးတော်တွေ နားသ မင်္ဂလာပွဲလုပ်တဲ့အခါ ဆင်ခိုးဟာ ရွာစားကျော်စိန်ဗေဒါ၊ ဒေဝဣန္ဒာမောင်မောင်ကြီးတို့နဲ့အတူ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ဆင်ခိုးမကလေးရဲ့သားကြီး ညာဘွားဟာ နောင်မှာ လူရွှင်တော်နဲ့ ဆိုင်းဆရာဖြစ်လာပြီး၊ သားငယ်သက်ထားကတော့ မိခင်ရဲ့ပညာအမွေကို ဆက်ခံကာ ဇာတ်မင်းသားဖြစ်လာပါတယ်။
တစ်ချိန်က နန်းတွင်းအနုပညာရှင်တစ်ဦးဖြစ်ခဲ့တဲ့ ဆင်ခိုးမကလေးဟာ အသက် ၇၀ ကျော်အရွယ်မှာ စီးပွားရေးချို့တဲ့ပြီး ဆင်းရဲနွမ်းပါးစွာနဲ့ ကွယ်လွန်ခဲ့ရပါတယ်။ သူမဟာ မဆင်ခိုး၊ မငွေတော်၊ မကွမ်းငုံတို့ ထွန်းတောက်ခဲ့တဲ့ “မန္တလေး ပထမသဘင်ခေတ်” ရဲ့ “သဘင်မိခင်” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အသိအမှတ်ပြုခံခဲ့ရသူလည်း ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #ဆင်ခိုးမကလေး #မမျှင် #မကလေး #သဘင်မိခင်

More Interesting Blogs from Zlann