လောဘကြောင့် ဆုတောင်းမှားယွင်းခဲ့တဲ့ ရွှေကြိုက်သူ ဘုရင်ကြီး Midas

ဂရိဒဏ္ဍာရီတွေထဲမှာ ကြွယ်ဝချမ်းသာမှုကြောင့် နာမည်ကျော်ပြီး ရွှေနဲ့ ပတ်သက်တဲ့အရာတွေကို သိပ်ခုံမင်တဲ့ ဘုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် “သိပြီးပြီလား” ကဏ္ဍလေးမှာတော့ ရွှေကို အခုံမင်လွန်ပြီး ဆုတောင်းမှားကာ နောင်တရခဲ့ရတဲ့ ဘုရင်ကြီး Midas အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Midas ဆိုတာကတော့ အာရှမိုင်းနားမှာရှိတဲ့ Phrygia နိုင်ငံရဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပြီး သူ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်အာဏာတွေနဲ့ အရာအားလုံးဟာဆိုရင် ဘုရင်တစ်ပါးမှာ ရှိသင့်ရှိထိုက်တာထက်တောင် ပိုမိုသာလွန်တယ်လို့ ဆိုရမှာပါ။ ဘုရင်ကြီး Midas ရဲ့ ဘဝအကြောင်းပြောရမယ်ဆိုရင် ကြီးမားလွန်းတဲ့ နန်းတော်ရဲတိုက်ကြီးထဲမှာ စည်းစိမ်ချမ်းသာအပြည့်နဲ့ ချောမောလှပတဲ့ သမီးတော်လေးနဲ့အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေထိုင်ခဲ့တဲ့ ဘုရင်တစ်ပါးလို့ဆိုရမှာပါပဲ။ ဘုရင်ကြီး Midas ဟာ အလွန်အမင်းကြွယ်ဝချမ်းသာသူဖြစ်တဲ့အလျောက် သူ့ရဲ့ အကြီးမားဆုံးသောပျော်ရွှင်မှုက ရွှေဖြစ်တယ်လို့လည်း တွေးထင်ထားသူဖြစ်ပါတယ်။ ဒီအခါမှာတော့ သူ့ရဲ့ ဝိသမလောဘလှုံ့ဆော်မှုတွေကြောင့် နေ့နေ့ညညဆိုသလို သူပိုင်ဆိုင်တဲ့ ရွှေဒင်္ဂါးပြားတွေကို ရေတွက်နေတတ်ပြီး ဥစ္စာရွှေငွေဟာ သူ့ရဲ့ စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

တစ်နေ့မှာတော့ ဝိုင်နဲ့ ပျော်ပွဲရွှင်ပွဲတွေရဲ့ နတ်ဘုရားဖြစ်တဲ့ Dionysus ဟာ Midas အုပ်စိုးတဲ့ တိုင်းပြည်ကို ဖြတ်ကာ ခရီးနှင်လာခဲ့ပါတယ်။ ဒီလိုဖြတ်သန်းခရီးနှင်လာချိန်မှာတော့ နတ်ဘုရား Dionysus ရဲ့ အပေါင်းအပါတွေထဲက အရက်နတ်ဘုရားဖြစ်တဲ့ Silenus က လမ်းတစ်လျှောက်မှာ ပင်ပန်းလာတာကြောင့် ဘုရင်ကြီး Midas ရဲ့ နှစ်ခြိုက်မှုတွေထဲကတစ်ခုဖြစ်တဲ့ နန်းတော်တစ်ဝိုက်က နာမည်ကျော် နှင်းဆီဥယျာဉ်မှာ တရေးတမော ဝင်ရောက်အိပ်စက်ခဲ့ပါတော့တယ်။ သူ့ရဲ့နှင်းဆီဥယျာဉ်မှာ ဝင်ရောက်နားခိုတဲ့သူက နတ်ဘုရား Silenus ဖြစ်တယ်ဆိုတာကို Midas က သိရှိသွားတဲ့အခါတော့ ချက်ချင်းပဲ သူ့ရဲ့ နန်းတော်ကို ဝင်ရောက်လည်ပတ်နားခိုဖို့ ဖိတ်မံသကပြုခဲ့ပါတော့တယ်။ နန်းတော်အတွင်း Silenus နေထိုင်နေစဉ်အချိန်အတွင်းမှာလည်း ဘုရင်ကြီး Midas က အိမ်ရှင်ပီပီ ဧည့်ဝတ်ကျေပွန်ခဲ့ပြီး အချိန်အနည်းငယ်ကြာမြင့်ပြီးတော့မှသာ Silenus ကို နတ်ဘုရား Dionysus ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

နတ်ဘုရား Silenus နဲ့ ဘုရင်ကြီး Midas တို့ရဲ့ဖြစ်ပုံအလုံးစုံကို နတ်ဘုရား Dionysus သိရှိသွားတဲ့အချိန်မှာတော့ ဘုရင်ကြီး Midas ရဲ့ ဖော်ရွေကြင်နာမှုတွေအတွက် လွန်စွာကျေးဇူးတင်စိတ်ဖြစ်ခဲ့ပြီး ဘုရင်ကြီးရဲ့ ဆုတောင်းတစ်ခုကိုလည်း ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီအခါမှာတော့ ရွှေနဲ့ ပတ်သက်လာရင် ရူးသွပ်တဲ့ စွဲလမ်းမှုတွေရှိတဲ့ ဘုရင်ကြီး Midas ဟာ ဖြစ်လာမဲ့ အကျိုးဆက်တွေကို စဉ်းစားဆင်ခြင်ခြင်း အလျဉ်းမရှိ၊ တုံ့ဆိုင်းမနေဘဲနဲ့ “လက်နဲ့ထိသမျှ အရာတိုင်း ရွှေအဖြစ်သို့ ပြောင်းလဲရပါလို၏” လို့ ဆုတောင်းခဲ့ပါတော့တယ်။

ဒါပေမဲ့ နတ်ဘုရား Dionysus ကတော့ ဒီဆုတောင်းရဲ့နောက်မှာ ဖြစ်လာနိုင်တဲ့အကျိုးအကြောင်းတွေကို အမြော်အမြင်ကြီးစွာနဲ့ ကြိုတင်တွေးဆမိတာကြောင့် ဆုတောင်းနဲ့ပတ်သက်ပြီး သေချာတွေးတောဖို့အတွက်ကို ဘုရင်ကြီး Midas ကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ Midas ကတော့ သူလိုချင်တဲ့ ဆုတောင်းအပေါ်မှာ သေချာနေခဲ့ပြီး အခြားဆုကိုတောင်းဖို့လည်း စိတ်ကူးမရှိခဲ့ဘဲ သူ့လက်နဲ့ထိသမျှအရာတိုင်းကို ရွှေအဖြစ်ပြောင်းလဲသွားဖို့ကသာ သူ့ရဲ့အလိုချင်ဆုံး ဆန္ဒဖြစ်နေပါတော့တယ်။ ဒါကြောင့်လည်း နတ်ဘုရား Dionysus က ထပ်မံတားမြစ်ခြင်း မပြုတော့ဘဲ ဘုရင်ကြီး Midas လိုချင်နေတဲ့ဆုတောင်းကိုသာ ဖြည့်ဆည်းပေးခဲ့ပါတော့တယ်။

‘ဆုတောင်းပြီး နောက်ရက်တစ်ရက်မှာ Midas ဖြစ်ချင်သလို ထိသမျှရွှေဖြစ်စေရမယ်” လို့လည်း နတ်ဘုရား Dionysus က ကတိပေးခဲ့တာကြောင့် နောက်နေ့မနက်အိပ်ရာနိုးချိန်မှာတော့ Midas တစ်ယောက် နိုးနိုးချင်းဆိုသလို စိတ်အားထက်သန်စွာနဲ့ လက်ကိုဆန့်တန်းလို့ စားပွဲလေးကို ထိလိုက်ပါတော့တယ်။ အဲဒီအခါမှာတော့ သာမာန် စားပွဲတစ်လုံးအဖြစ်ကနေ ရွှေစားပွဲအဖြစ်ကို ပြောင်းလဲသွားခဲ့တာကြောင့် ရွှေကြိုက်သူ ဘုရင်ကြီး Midas အတွက်တော့ အဲဒီအခိုက်အတန့်ဟာ ပျော်စရာအလွန်ကောင်းတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ထိုင်ခုံ၊ ကော်ဇော်၊ တံခါး၊ ရေချိုးကန် အစရှိတဲ့ နန်းတော်အတွင်းက အရာ၀တ္ထုပစ္စည်းတွေကို ပျော်ရွှင်မှု အပြည့်နဲ့ မမောမချင်း လျှောက်ထိကြည့်နေခဲ့တော့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ရွှေအတိပြီးတဲ့ စည်းစိမ်ဥစ္စာတွေမှာ မွေ့လျော်နေတဲ့ ဘုရင်ကြီး Midas တစ်ယောက် သူ့ရဲ့ ဆုတောင်းကကောင်းတာလား၊ ဒါမှမဟုတ် ကျိန်စာသင့်နေတာလားဆိုတာကို စတင်တွေးတောမိဖို့ အကြောင်းဖန်လာပါတော့တယ်။
အကြောင်းရှိရင် အကျိုးဆိုတာရှိစမြဲပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ အရာတွေရဲ့ နောက်မှာ နောက်ဆက်တွဲ အကျိုးဆက်ဆိုတာကလည်း အမြဲကပ်ပါလာမှာပါပဲ။ ဒီလောကနိယာမတရားက Midas အတွက်လည်း ခြွင်းချက်မရှိပါဘူး။ ဟိုဟိုဒီဒီ လက်နဲ့လိုက်ထိကြည့်ရတာ ပင်ပန်းသွားတဲ့ ဘုရင်ကြီးဟာ မနက်စာ စားဖို့ စားပွဲပေါ်မှာထိုင်လိုက်ပြီး မနက်ခင်းမှာ သဘာဝရဲ့ ရနံ့လေးကို ရှူရှိုက်ဖို့ရာ နှင်းဆီပန်းတစ်ပွင့်ကို လှမ်းယူလိုက်ပါတယ်။ ဒါပေမဲ့လည်း ပန်းကို သူ့လက်နဲ့ထိလိုက်တဲ့အခါမှာတော့ နှင်းဆီပန်းဟာ ရွှေအဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ Midas ဟာ နောက်ဆိုရင် နှင်းဆီပန်းတွေကို လက်နဲ့မထိဘဲ ပန်းရနံ့ကို အဝေးကနေ ရှူရှိုက်ရမယ်လို့ စိတ်ထဲတေးထားလိုက်ပါတယ်။

ဒီလိုနဲ့ Midas ဟာ မနက်စာအတွက် စပျစ်သီးတစ်လုံးကို ကောက်ယူလိုက်တဲ့အချိန်မှာ စပျစ်သီးဟာလည်း ရွှေအဖြစ်ကို ပြောင်းလဲသွားပြန်ပါတယ်။ ပေါင်မုန့်နဲ့ ရေတစ်ဖန်ခွက်ဟာလည်း အလားတူပါပဲ။ အဲဒီအချိန်မှာတော့ သူဟာတုန်လှုပ်မှုကို စတင်ခံစားလာရပါပြီ။ ဒီလိုနဲ့ ဘုရင်ကြီးဟာ ဘဝရဲ့ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို မခံစားနိုင်တော့ဘဲ စိတ်ပင်ပန်းဆင်းရဲလာကာ သူ့ရဲ့ ဆုတောင်းကောင်းဟာလည်း ဆုတောင်းတစ်ခုဆိုတာထက် ကျိန်စာအလား သူ့ကို နှိပ်စက်နေခဲ့တာကြောင့် သူ့မျက်ဝန်းတွေမှာ မျက်ရည်တို့ ရစ်သိုင်းလာခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ ဘုရင်ကြီး Midas ရဲ့ ချစ်လှစွာသော သမီးတော်လေးက အခန်းထဲကို ဝင်လာခဲ့တာကြောင့် ဘုရင်ကြီး Midas က မင်းသမီးငယ်ကို ပွေ့ဖက်လိုက်တယ်ဆိုရင်ပဲ မင်းသမီးလေးဟာ ရွှေရုပ်တုကြီးတစ်ခုအဖြစ်ကို ရုတ်ချည်းပြောင်းလဲလို့သွားပါတော့တယ်။

ဒီအခါမှာတော့ စိတ်ပျက်မှု၊ ကြောက်ရွံ့မှုတွေကိုခံစားလာရတဲ့ ဘုရင်ကြီး Midas ဟာ ဒီကျိန်စာကို သူ့ဆီကနေ ပြန်ယူသွားပေးဖို့ နတ်ဘုရား Dionysus ဆီ ဆုတောင်းပါတော့တယ်။ နတ်ဘုရား Dionysus က Midas ရဲ့ တောင်းဆုကို ကြားတဲ့အခါ သူ့အတွက် အလွန်တရာ စိတ်မကောင်းဖြစ်မိပါတော့တယ်။ ဒါကြောင့်မို့ ကျိန်စာသင့်နေတဲ့ဆုတောင်းကို ပျောက်ပျက်စေမဲ့နည်းလမ်းတစ်ခုကို လမ်းညွှန်ပေးခဲ့ပါတယ်။ အဲဒါကတော့ Pactolus မြစ်ရေနဲ့ ထိသမျှရွှေဖြစ်စေတဲ့လက်ကို ဆေးကြောဖို့ပါပဲ။ ဘုရင်ကြီး Midas ဟာလည်း နတ်ဘုရား Dionysus ရဲ့ ညွှန်ကြားချက်အတိုင်း Pectolus မြစ်ဆီသွားရောက်ပြီး သူ့လက်တွေကို ဆေးကြောခဲ့ရာမှာ အံ့အားသင့်စရာကောင်းစွာပဲ သူ့လက်ကနေ ရွှေတွေဟာ မြစ်ရေထဲကို စီးဆင်းသွားတာ မြင်လိုက်ရပါတော့တယ်။ သူအိမ်ပြန်လာတဲ့အခါမှာတော့ ဘုရင်ကြီး Midas လက်နဲ့ထိခဲ့သမျှ အရာတွေအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။
နောက်ဆုံးမှာတော့ ဘုရင်ကြီး Midas ဟာ ပျော်ရွှင်စွာနဲ့ သူ့သမီးတော်လေးကို ပွေ့ဖက်လိုက်ပြီး သူ့ရဲ့ ကံကောင်းမှုတွေကို တိုင်းသူပြည်သားတွေနဲ့အတူ မျှဝေခံစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီကနေစလို့ ဘုရင်ကြီး Midas ဟာလည်း ပိုမိုကောင်းမွန်ပြီး ရက်ရောတဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့တာကြောင့် တိုင်းသူပြည်သားတွေဟာ သာယာဝပြောတဲ့ နိုင်ငံမှာ ဘဝကိုကောင်းမွန်စွာနေထိုင်ခဲ့ကြရပါတော့တယ်။ ဘုရင်ကြီး Midas နဲ့ ပတ်သက်ပြီး အခြားဒဏ္ဍာရီပုံပြင်တွေလည်းရှိသေးပေမဲ့ သူ့ရဲ့ လက်နဲ့ထိတိုင်း ရွှေဖြစ်စေတဲ့ ပုံပြင်လေးကတော့ ပိုမို လူသိများပြီး သင်ခန်းစာတွေလည်း ရရှိစေနိုင်တဲ့ ဒဏ္ဍာရီလေးတစ်ခုဖြစ်ပါတယ်။

ဘုရင်ကြီး Midas ရဲ့ ရွှေလက် ဒဏ္ဍာရီပုံပြင်လေးဟာ စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှု၊ ပျော်ရွှင်မှုဆိုတာ ရွှေနဲ့ တိုင်းတာလို့ရတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်က လူကောင်းတစ်ယောက်ဖြစ်ပြီး လူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ကာ ချစ်ခြင်းမေတ္တာတွေ၊ အမှတ်တရတွေလိုမျိုး ဘဝမှာအရေးကြီးပေမဲ့ ထိတွေလို့မရတဲ့ အရာတွေကိုလည်း တန်ဖိုးထားတတ်တာကမှ စစ်မှန်တဲ့ ကြွယ်ဝပျော်ရွှင်မှုကို ခံစားရစေမှာဖြစ်တယ်လို့ မီးမောင်းထိုးပြနေတဲ့ ဒဏ္ဍာရီ ဇာတ်ကြောင်းလေးတစ်ပုဒ် ဖြစ်ပါတော့တယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #Midas

More Interesting Blogs from Zlann