“လေ့လာ မှတ်သားစရာတွေ ပြည့်နှက်နေတဲ့ သုံးပြည်ထောင်ခေတ်”

လေ့လာ မှတ်သားစရာတွေ ပြည့်နှက်နေတဲ့ သုံးပြည်ထောင်ခေတ်
—————————-
သုံးပြည်ထောင်ခေတ်ဆိုတာ တရုတ်နိုင်ငံသမိုင်းမှာ သွေးမြေအကျဆုံး ခေတ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ တရုတ်သမိုင်း၊ ယဉ်ကျေးမှုနဲ့ စာပေမှာ အထူးထင်ရှားတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။

ခရစ်နှစ် ၁၀၅ ခုနှစ်မှာ ဟန်ဧကရာဇ် ဟီ နတ်ရွာစံပြီးနောက် နိုင်ငံရေး၊စီးပွားရေးအခြေအနေတွေကြောင့် အရှေ့ ဟန်အင်ပါယာ အင်အားဆုတ်ယုတ်လာပါတယ်။ ငယ်ရွယ်တဲ့ ဧကရာဇ်တွေကို နန်းတင်ပြီး ဆွေတော်မျိုးတော် အကြီးအကဲတွေက အာဏာကို ဆုပ်ကိုင်ထားကြပါတယ်။နောက်ပိုင်းမှာ နန်းတွင်းအရှုပ်အထွေးတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ တိုင်းပြည်စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အပြင် သဘာဝကပ်ဘေးတွေကြောင့် ပြည်သူတို့ရဲ့ စားဝတ်နေရေး ကြပ်တည်းလာခဲ့ပြီး နေရာအနှံ့ ပုန်ကန်မှုတွေ ဖြစ်ပေါ်လာပါတယ်။နေရာအနှံ့ ပေါ်ပေါက်ခဲ့တာက ခေါင်းပေါင်းဝါ ပုန်ကန်မှုဖြစ်ပါတယ်။အဲဒီပုန်ကန်မှုကြောင့် တိုင်းပြည်အတွင်း အလွန်ကို ရှုပ်ထွေးခဲ့ပါတယ်။

ခရစ်နှစ် ၂၂၀ မှာ ချောင်ချောင်းရဲ့သား ချောင်ဖီးက ဟန်မင်းဆက်ကို အဆုံးသတ်ကာ ဝေ့ ပြည်ထောင်ကို တည်ထောင်ပါတယ်။ အဲဒီခေတ်ကာလက ဝေ့ပြည်ဟာ အင်အားအကြီးဆုံးဖြစ်ပြီး မြောက်ပိုင်းဒေသကို ထိန်းချုပ်ပါတယ်။

ဝေ့ပြည်ထောင်ကို ထိန်းချုပ်မှုက ဗဟိုချုပ်ကိုင်မှု ဖြစ်ပြီး ဟန်မင်းဆက်ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဆက်လက် အသုံးပြုပါတယ်။ နယ်စပ်ဒေသတွေကို စစ်သူကြီးတို့က စီမံအုပ်ချုပ်ပြီး ဗဟိုနဲ့ ချိတ်ဆက်ဆောင်ရွက် ပါတယ်။

ဝန်ထမ်းရွေးချယ်ရာမှာ အရည်အချင်းထက် မိသားစုနွယ်ဖွားတွေကို အခြေခံတဲ့ စနစ်ကို ကျင့်သုံးခဲ့ပြီး နောင်မှာတော့ အထက်တန်းလွှာ မိသားစုတို့ရဲ့ အာဏာတည်မြဲရေးကို အားပေးခဲ့ပါတယ်။
လျိုပေ့က ရှူ ပြည်ထောင်ကို ၂၂၁ ခုနှစ်မှာ တည်ထောင်ပါတယ်။ မြို့တော်က ချန်တူးဖြစ်ပြီး အနောက်တောင်ပိုင်း ဒေသကို အုပ်ချုပ်ပါတယ်။ ကျူးကောလျန့်လို ပညာရှင် ရှိတဲ့အတွက် မဟာဗျူဟာ ကျနစွာ အုပ်ချုပ်နိုင်ခဲ့ပါတယ်။ လျိုပေ့နဲ့ ကျူးကောလျန့်တို့က ပညာတတ်တွေကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက် ပါတယ်။

ကျူးကောလျန့်က အုပ်ချုပ်ရေးနဲ့ စစ်ရေးကို တစ်ပြိုင်နက် ထိန်းချုပ်ပြီး ထိရောက်တဲ့ ဗျူဟာမြောက် ဆုံးဖြတ် ချက်တွေကို ချမှတ်ပါတယ်။ဆွန်ချွမ်က ဝူ ပြည်ထောင်ကို ၂၂၉ ခုနှစ်မှာ တည်ထောင်ပါတယ်။ ရှန်ဟိုင်းနဲ့ မြစ်ဝါမြစ်အောက်ပိုင်းဒေသကို ထိန်းချုပ်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပူးပေါင်းအုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ဝူပြည်ထောင်က ရေတပ်အင်အားနဲ့ ကမ်းရိုးတန်းဒေသ ကုန်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ပါတယ်။

ဒီပြည်ထောင်သုံးခုလုံးမှာ စစ်သူကြီးတို့က နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားပြီး အုပ်ချုပ်ရေးရဲ့ အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

အဲဒီခေတ်ကာလမှာ ပြည်ထောင်သုံးခုအကြား အဆက်မပြတ် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် လယ်ယာမြေတွေ ပျက်စီး ဆုံးရှုံးခဲ့သလို မတည်ငြိမ်မှုတွေကြောင့် လူဦးရေ အလွန်အမင်း ကျဆင်းခဲ့ပါတယ်။

ပြည်သူအများစုက လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူတွေဖြစ်ပြီး စစ်ကြောင့် လယ်မြေပျက်စီးမှု၊ အေးချမ်းစွာ လုပ်ကိုင်ခွင့်မရရှိမှု၊ အခွန်ဝန်ထုတ် ကြီးမားမှုတွေကြောင့် ဆင်းရဲမွဲတေမှု မြင့်တက်ခဲ့ပါတယ်။

ရှူနိုင်ငံမှာ ကျူးကောလျန့်က လယ်ယာ ပြုပြင်ပြောင်းလဲရေးအဖြစ် ရေသွယ်စနစ်ကို အသက်သွင်းခဲ့ပေမဲ့ စစ်ဒဏ်ကြောင့် အကျိုးကျေးဇူးနည်းခဲ့ပါတယ်။

အဲဒီကာလက သမိုင်းဝင်လက်နက်ကိုင် ပြိုင်ဘက်တို့ရဲ့ အနိုင်ရရှိရေး အပြိုင်ကြိုးပမ်းမှုတွေ၊ စစ်ဗျူဟာတွေနဲ့ လူသားတို့ရဲ့ ရည်မှန်းချက်တွေကို ထင်ဟပ်စေတဲ့ ခေတ်တစ်ခုဖြစ်ပါတယ်။ သစ္စာရှိမှု၊ နည်းဗျူဟာ အစရှိတဲ့ အကြောင်းအရာတွေက တရုတ်ယဉ်ကျေးမှုမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်ပါတယ်။

အဲဒီခေတ်မှာ စစ်ရေးနဲ့ နိုင်ငံရေး ထူးချွန်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းခဲ့သလို အဲဒီခေတ် အုပ်ချုပ်ရေး စနစ်တွေက စစ်ရေး၊ နိုင်ငံရေး၊ ဒေသဆိုင်ရာ အာဏာခွဲဝေမှုနဲ့ ပြည်သူ့ထောက်ခံမှုရရှိရေး တို့ကို လေ့လာဖို့ အကောင်းဆုံး နမူနာတွေ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ရဲ့ ဆိုးကျိုးကြောင့် အသက်ရှင်ရပ်တည်နိုင်ဖို့ ခက်ခဲခဲ့ပေမဲ့ မလျှော့တဲ့ ဇွဲလုံ့လနဲ့ ရှင်သန်မှု ကို ရှာဖွေခဲ့ကြပါတယ်။ ပြည်သူတွေအနေနဲ့ ခေတ်သမိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားခဲ့ရပေမဲ့ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်ပေးနိုင်ခဲ့တဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။

အေဒီ ၂၈၀ မှာတော့ ကျင့်မင်းဆက်က ဝူပြည်ထောင်ကို သိမ်းပိုက်ပြီး တိုင်းပြည်ကို ပြန်လည် စုစည်းတည်ဆောက် ခဲ့ပါတယ်။

#ZLann_Podcast #ဇာတ်လမ်း #သုံးပြည်ထောင်ခေတ် #တရုတ်သမိုင်း #ချောင်ချောင် #လျိုပေ #ဆွန်ချွမ် #သုံးပြည်ထောင်

More Interesting Blogs from Zlann