ပုလဲငွေမို့၊ သဲရေစို့၊ ပဲရွှေမြို့အပိုင်၊ အောက်ခရိုင်၌၊ ကျောက်တိုင်စိုက်၊ နေမင်းအထိ၊ ရေစာရင်းညှိလိုက်တော့၊ ရေကင်းအထိပိုင်ပေသော နတ်ဦးရှင်ခင်ဗျား…..။ ဒီလိုအသံတွေက မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ အမြဲတမ်းလိုလို ကြားနေကြရတဲ့ ဦးရှင်ကြီး အတွက် ဆွမ်းတင်မြှောက် နေတဲ့ အသံတွေဖြစ်ပါတယ်။ ရေငန်ပိုင် ဦးရှင်ကြီးကို ဆွမ်းတင်မြှောက် ကြတဲ့အခါ အချို့က ညဦးပိုင်းမှာ တင်မြှောက်ကြတာရှိသလို အချို့ က နံနက် အရုဏ်တက် အချိန်မှာ တင်မြှောက်ကြပါတယ်။နံနက် အရုဏ်တတ်ချိန် တင်မြှောက် ကြသူတွေက ဦးရှင်ကြီးဟာ အမြဲတမ်း ရှစ်ပါးသီလ စောင့်ထိန်းတယ်လို့ယူဆပြီး တင်မြှောက်ကြခြင်း ဖြစ်သလို အချို့ကလည်း ဝါတွင်းကာလမှာ နံနက်ပိုင်းအချိန်တင်မြှောက်ကြတယ်လို့ဆိုပါတယ်။ ကျွန်းညိုရွာဒေသခံတွေက ရေငံပိုင်ဦးရှင်ကြီးဟာ ဒီကနေ့အချိန်ထိတိုင် ကျွန်းညိုကြီးပေါ်နေထိုင် လျက်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။အဲဒီကျွန်းတွေကလည်း အလွန်နတ်ကြီးတဲ့နေရာလို့ ယုံကြည့်ကြတဲ့တွက် ကျွန်းအနီးမှာ အပြောအဆိုကအစ အမှားမရှိစေဖို့ အထူးဂရုစိုက်ကြပါတယ်။အဲဒီဒေသမှာ ရှိတဲ့ မိကျောင်းတွေကလည်း ဦးရှင်ကြီး ရဲ့ အစောင့်အရှောက်တွေလို့ ဆိုကြပါတယ်။တစ်စုံတရာ အမှားအယွင်းရှိခဲ့ရင် မိကျောင်းအန္တရာယ် နဲ့ အခြားအန္တရာယ်တွေ ရှိနိုင်တယ် လို့ဆိုပါတယ်။ ဦးရှင်ကြီး ရဲ့ ဘဝဖြစ်စဉ်ကလည်း ထူးခြားပါတယ်။ ပဲခူး ဟံသာဝတီနေပြည်တော်ကြီးမှာ ပုညရာဇာ အမည်ရတဲ့ ဘုရင်မင်းတရားကြီး အုပ်စိုးစဉ် ကဇင်းရွာ(အချို့က စည်တီးရွာ) မှာ မွန်လူမျိုးဇနီးမောင်နှံတို့ နေထိုင်ကြပါတယ်။ ဖခင်ဖြစ်သူ အမည် က နာဋိတ်တော် ဖြစ်ပြီး မိခင်က မိသုကညာ(ခေါ်)ဒေါ်ဖြူဖြစ်ပါတယ်။ သူတို့မှာ တစ်ဦး တည်းသော သား နာဒကွန်ပေါင်(ခေါ်) မောင်ရှင် ကိုမွေးဖွားခဲ့ပါတယ်။မောင်ရှင် ငယ်ရွယ်စဉ်မှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ဖြူက သားငယ်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်တွေ မလုပ်ရ လေအောင် ငယ်စဉ်ကတည်းက ကိုးကွယ်တဲ့ ဆရာတော်ထံမှာ အပ်နှံပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားစေ ပါတယ်။မောင်ရှင် တစ်ယောက် ဆရာတော်ထံမှာနေထိုင်းရင်း ပညာရှင်တို့ထံမှ ပန်းထိမ်၊ပန်းပု အစရှိတဲ့ လက်မှုပညာ၊ ရာဇဝင်၊ သမိုင်း အစရှိတဲ့ နှုတ်မှုပညာတွေအပြင် စောင်းတီးပညာကိုလည်း သင်ယူပါတယ်။ မောင်ရှင်တစ်ယောက် ဆရာတော်ထံမှာ ၃ နှစ် ၃ မိုး ပညာသင်ယူပြီးတဲ့အခါမှာတော့ ပညာရပ်တွေ သင်ယူတတ် မြောက်ပြီးဖြစ်တဲ့အတွက် မိခင်ဖြစ်သူကို ပြန်လည်လုပ်ကျွေးခွင့်ပြုဖို့ခွင့်ပန်ကြားပြီး နေအိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ မိခင်မုဆိုးမကြီး ဒေါ်ဖြူကို သူရဲ့ စောင်းအတတ်ပညာနဲ့ ဆင်းရဲနွမ်းပါးစွာ ရှာဖွေ လုပ်ကိုင် ကျွေးမွေးပါတယ်။မောင်ရှင်ဟာ ဖခင်ကြီး ကွယ်လွန်သွားတဲ့အချိန်အထိ ရှင်သာမဏေမပြုရသေးတဲ့အတွက် မိခင်ဖြစ်သူဟာ သားငယ်ကို ရှင်ပြုပေးလိုတဲ့စိတ်၊ စားရေးသောက်ရေးခက်ခဲတဲ့ စိတ်တွေနဲ့ စိတ်သောက ရောက် နေခဲ့ပါတယ်။ ဒေါ်ဖြူ တစ်ယောက် ခင်ပွန်း ဖြစ်သူ မကွယ်လွန်မီ ကောင်းစားစဉ်က သူမရဲ့ အစ်မဖြစ်သူ ဒေါ်သူထံ ငွေသုံးပိဿာ ချေးငှားထားခဲ့တာကို သတိရမိလာပါတယ်။အဲဒီအချိန်မှာ ဒေါ်သူ ကောင်းစားနေချိန်ဖြစ်တဲ့အတွက် ချေးထားတဲ့ ငွေတွေ ပြန်ရဖို့ သားအမိနှစ်ယောက်ထွက်လာခဲ့ကြပါတယ်။လမ်းမှာ ဒေါ်သူရဲ့ သားဖြစ်သူ ကိုဘိုးအောင်နဲ့ ဆုံတွေ့ ပါတယ်။ဒေါ်ဖြူတစ်ယောက် အစ်မဖြစ်သူ ဒေါ်သူထံရောက်တဲ့အခါ မောင်ရှင်ရဲ့ ဖခင် ရှိစဉ် ချေးငှား ထားတဲ့ ငွေ ၃ ပိဿာကို သားမောင်ရှင် ရှင်ပြုဖို့အတွက် ပြန်လည်ပေးသနားဖို့ တောင်းပန်ပါတယ်။ ဒေါ်သူက ချေးထားတဲ့ ငွေတွေကို ပြန်လည်ပေးဆပ်ခြင်းမပြုဘဲ ဆဲဆိုကြိမ်းမောင်း ကာ နှင်ထုတ်ပါတယ်။ ဒေါ်ဖြူ တို့သားအမိ နှစ်ယောက် ရှက်လည်းရှက်၊စိတ်လည်းနာ၊မျက်နှာလည်း ငယ်လှတဲ့အတွက် နေရင်းရပ်ရွာမှာ မနေထိုင်တော့ဘဲ ဒလမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ဒေါ်သူ ရဲ့သားဖြစ်သူ မောင်ဘိုးအောင် ကလည်း မိခင်ဖြစ်သူ ရဲ့ မတရားလုပ်မှုတွေကို တွေ့မြင်တဲ့အတွက် မောင်ရှင်တို့နဲ့ အတူ ဒလမြို့ကို လိုက်ပါပြောင်းရွှေ့ပါတယ်။ မောင်ရှင်နဲ့ ကိုဘိုးအောင်တို့ဟာ ရရာအလုပ်လုပ်ကိုင်ရင်း ဒေါ်ဖြူကို ရှာဖွေကျွေးမွေးမယ်လို့ စိတ်ကူးကာ ရရာ အလုပ်ကို ရှာဖွေပါတော့တယ်။သူတို့ညီအစ်ကို နှစ်ဦးဟာ ဒလမြို့လှေသူကြီး ဦးတောထံ သွားရောက်ပြီး မျောခုတ် အငှားလိုက်ခွင့်ပြုဖို့ ခွင့်ပန်တဲ့အခါ လူလိုနေတဲ့အတွက် စရံငွေတွေကိုပါပေးလိုက်ပြီး လိုက်ပါခွင့်ပြုပါ တယ်။ ရရှိလာတဲ့ စရံငွေတွေကို မိခင်ဖြစ်သူထံပေးအပ်တဲ့အခါဒေါ်ဖြူက မလိုက်ပါစေလိုပေမဲ့ မောင်ရှင်က သူ့ကို စိတ်မပူဖို့နဲ့ နေ့စဉ် ကျန်းမာချမ်းသာစေဖို့ ဆုမွန်ကောင်းတောင်းရင်း နေရစ်ပါလို့ မိခင်ကြီးကို နှစ်သိမ့်စကား ဆိုကာ စောင်းကိုပိုက်လို့ မျောခုတ်ရာလိုက်သွားခဲ့ပါတယ်။ မျောခုတ်တဲ့ လှေကြီးဟာ ခနောင်တိုချောင်းမှ တွံ့တေး၊အဲဒီကမှ မိန်းမလှကျွန်းညို ခေါ် သာလေယ တောကို ဆိုက်ရောက်ခဲ့ပါတယ်။ ကျွန်းကိုရောက်တဲ့အခါမှာ လှေသူကြီး ဦးတော က ကွမ်း၊ဆေး၊လက်ဖက်၊ထန်းလျက် တွေနဲ့ ကျွန်းကို စောင့်ရှောက်တဲ့နတ်အပေါင်းကို တင်မြှောက်ပါတယ်။အဲဒီနောက် လှေထိုးသားတွေနဲ့အတူ မျောခုတ်ဖို့ ကျွန်းပေါ်တက်သွားခဲ့ပါတယ်။ မောင်ရှင်ကိုတော့ ထမင်းဟင်းချက်ပြုတ်ဖို့နဲ့ လှေထဲ ဝင်နေတဲ့ ရေတွေ ခပ်ထုတ်ဖို့ တစ်ယောက်တည်းချန်ထားခဲ့ပါတယ်။ မောင်ရှင်တစ်ယောက် သူ့ရဲ့ အလုပ်အကိုင်တွေပြီးစီးတဲ့အခါ သူဝါသနာပါရာ စောင်းကို တီးလို့နေပါတယ်။သူ့ရဲ့ စောင်းသံကို ကြားတဲ့ အစိမ်းနတ်သမီး တွေက မောင်ရှင် ကို နှစ်သက်သဘောကျတဲ့အတွက် စျေးသည် အသွင် ဟန်ဆောင်ကာ လှေကြီးအနီးကို ရောက်လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ လှပတဲ့ ရုပ်အသွင်ဖန်ဆင်းလာတဲ့ နတ်သမီး တွေနဲ့ မောင်ရှင်တို့ ချစ်ခင်ရင်းနှီးသွားကြပါတယ်။ညနေစောင်းတဲ့အခါ နတ်သမီးတွေ ပြန်လည် ထွက်ခွာသွားကြပါတယ်။နောက်ရက်တွေမှာလည်း နတ်သမီးတွေ ရောက်ရှိလာပြီး မောင်ရှင်လုပ်ရမဲ့ ထမင်းဟင်း ချက်ပြုတ်မှုတွေကို နတ်တန်ခိုးနဲ့ဖန်ဆင်းချက်ပြုတ်ပေးပါတယ်။ အရသာထူးကဲလှတဲ့ထမင်း၊ဟင်းတွေကို လှေသားတို့ စားလိုက်ရတဲ့ အချိန်မှာတော့ တစ်ခုခု ထူးခြားနေပြီလို့ တွေးထင်လိုက်ကြပါတယ်။အဲဒါကြောင့် လှေထိုးသားတို့က မျောခုတ်မယ်လို့ဆိုကာ ထွက်ခွာသွားဟန်ပြပြီး မောင်ရှင်ကို ချောင်းမြောင်း ကြည့်ရှု ကြပါတယ်။အဲဒီအခါမောင်ရှင်တစ်ယောက် နတ်သမီးတွေနဲ့အတူ မြူးထူး ပျော်ပါးသင့်မြတ် နေတာကိုတွေ့မြင်သွားပြီး ဒီကျွန်းမှာ ကြာကြာမနေသင့်တော့ဘူးလို့ ဆိုကာ ရသမျှ သစ်မျော တွေကို တင်ဆောင်ကာ လှေ ထွက်ခွာဖို့လုပ်ဆောင်ကြပါတယ်။ ရေအလယ်ကို လှေကြီး ရောက်တဲ့အခါ ကျောက်ဆူးချထားသလို မရွှေ့ဘဲရှိနေပါတော့တယ်။ဒီအခါလှေသူကြီးက ကံဆိုးသူ တစ်စုံတစ်ဦးကြောင့်သာ လှေမရွေ့ရခြင်းဖြစ်တဲ့အတွက် မဲဖောက်ပြီး မဲကျသူကို ရေချ စတေးမယ် လို့ဆိုပါတယ်။ကံဆိုးသူ တစ်စုံတစ်ဦးကြောင့် လှေသားအားလုံး အသက်မဆုံးရှုံးလိုကြတဲ့အတွက် လှေသူကြီးရဲ့ အဆိုကို လှေထိုးသား အားလုံးက သဘောတူကြပါတယ်။အဲဒီလိုနဲ့ မဲချတဲ့အခါ ၃ ကြိမ် ၃ ခါ စလုံး မောင်ရှင် မဲကျပါတယ်။ သဘောတူညီမှု ရရှိထားပြီးဖြစ်တဲ့ မဲချ မှုအပြီးမှာတော့ လှေသူကြီးနဲ့လှေထိုးသားတို့က မောင်ရှင်ကို ရေထဲ တွန်းချလိုက်တဲ့အခါမှာတော့ မောင်ရှင်ဟာ ဖြုန်းခနဲ နစ်မြုပ်သွားပြီးဘွားကနဲ့ ပေါ်လာရာမှာ နတ်ကညာတို့က ပွေ့ယူ ခေါ်ငင်သွားကြတယ်လို့ဆိုပါတယ်။ မောင်ရှင်ဟာ အသက်မသေဘဲ လူစင်စစ်က နတ်ဖြစ်သွား တယ်လို့ ဆိုကြသလို အချို့ကလည်း လူတစ်ပိုင်း နတ်တစ်ပိုင်းလို့ဆိုကြပါတယ်။ မောင်ရှင်ကို ရေထဲချလိုက်တဲ့အခါလှေကြီးဟာ မလှော်ရဘဲ သူ့အလိုလို ရေထဲမျောပါသွားတဲ့အတွက် လှေသူကြီးနဲ့ လှေထိုးသားတို့က မောင်ရှင်ကြောင့် လှေရပ်တန့်ခြင်းဖြစ်တယ်လို့ ပိုမိုယုံကြည်သွားကြပါတယ်။ မောင်ရှင် ရဲ့ အကြောင်းကို သိရှိသွားတဲ့ မိခင်ဒေါ်ဖြူဟာ သူ့သားရှိရာ ကျွန်းကို လိုက်ပို့ခိုင်းပါတယ်။ကျွန်းကို ရောက်တဲ့ အခါ သားဖြစ်သူကို တမ်းတငိုကြွေးပါတယ်။ဒီအခါမှာ မောင်ရှင်က ကိုယ်ထင်ပြပြီး တစ်နှစ်တစ်ခါ ဝါဝင်ဝါထွက် တွေမှာ မုန့်ဆမ်း၊ကောက်ညှင်း၊ငှက်ပျော၊လက်ဖက် စတာတွေနဲ့တင်မြှောက်ဖို့ မှာကြားပါတယ်။ အဲဒီလိုမှာကြားတဲ့အတိုင်း ဒေါ်ဖြူ ပြုလုပ်တဲ့အခါစီးပွားရေးအဆင်ပြေပြီး ချမ်းချမ်းသာသာ ဖြစ်လာခဲ့ပါတယ်။ စီးပွားရေး အဆင်ပြေလာရတဲ့အကြောင်းကို ပတ်ဝန်းကျင်က မေးမြန်းရာမှာ သားဖြစ်သူကို ရည်စူး တင်မြှောက်တယ်လို့ ဆိုတဲ့အတွက် ပတ်ဝန်းကျင်မှာနေထိုင်သူတို့က လိုက်လံတက်မြှောက်ရာကနေ ရေငန်ပိုင် ဦးရှင်ကြီးရယ်လို့ လူသိများလာခဲ့ပါတယ်။ ဝါဝင်ဝါထွက်ကာလတွေမှာ ဦးရှင်ကြီး တင်မြှောက်မှုတွေကို နေရာအများအပြားမှာ တွေ့မြင်ရသလို နှစ်စဉ် နှစ်တိုင်း ပွဲတော်တွေပြုလုပ် ပူဇော်မှုတွေလည်းရှိပါတယ်။ဦးရှင်ကြီးနတ်ဝင်လာခဲ့ပြီဆိုရင်တော့ နတ်ကျားတွေ နဲ့တူ ဝါးလုံး လေးတိုင်စင်ပေါ် လက်တစ်ဖက်က စောင်းကိုပိုက် လက်တစ်ဖက်က ပုတီးကို ကိုင်ကာ ရပ်နေတဲ့ ဦးရှင်ကြီး ရဲ့ ပုံရိပ်တွေက တွေ့မြင်ရသူတွေကို အံ့ဩမှင်တက်မိစေပါတယ်။