လူနေထူထပ်တဲ့ ရန်ကုန်မြို့ပြရဲ့ ရေပေးဝေရေးစနစ်ကို ထောက်ပံ့ပေးနေတဲ့ ရေလှောင်ကန်ကြီး တွေထဲမှာ လှော်ကားရေလှောင်ကန်ကြီးကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။အဲဒီရေလှောင်ကန်ကြီးဟာ ၁၉၀၀ ပြည့်နှစ်များဆီကနေ ယနေ့အချိန်အထိ နှစ်ပေါင်း ၁၀၀ ကျော်တိုင် ရန်ကုန်မြို့တော် ရေရရှိရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတဲ့ ရေလှောင်ကန်ကြီး လည်းဖြစ်ပါတယ်။
၁၈၄၂ ခုနှစ် သာယာဝတီမင်းလက်ထက်မှာတော့ ရန်ကုန်မြို့နေပြည်သူများ ရေအလုံ အလောက်ရရှိဖို့အတွက် ရေတွင်းကြီး ၃၀ ခန့်တူးဖော်ပြီး မြို့နေပြည်သူတစ်သောင်းကို ရေစတင်ပေးဝေခဲ့ပါတယ်။အဲဒီနောက် ၁၈၇၉ ခုနှစ် မှာတော့ မြို့ပြလူဦးရေဟာ သုံးသောင်းခွဲကျော်ရှိလာတာနဲ့အမျှ ရေပေးဝေမှုဟာ မလုံမလောက်ဖြစ်လာ ပါတယ်။ဒါကြောင့် ရန်ကုန်မြို့ဝန် ဦးရွှေရေးက ကန်တော်ကြီးကန်ကို စတင်တူးဖော်ခဲ့ပါတယ်။ အချင်း ၁၀ လက်မရှိတဲ့ သံကြွပ်ပိုက်လိုင်းတွေကိုသုံးပြီး ဗိုလ်တစ်ထောင်နဲ့ ပုဇွန်တောင်မြို့များကို စတင် ရေပေးဝေခဲ့ပြီး ပိုက်လိုင်း မှ တစ်ဆင့် ရေပေးဝေခြင်း လုပ်ငန်း စတင်ခဲ့ပါတယ်။
ကန်တော်ကြီး ကန်ဟာ ရန်ကုန်မြို့လယ်ကနေ ၁.၅ ကီလိုမီတာနဲ့ ရွှေတိဂုံစေတီတော် အရှေ့ဘက် ၇၅၀ မီတာ အကွာခန့်မှာတည်ရှိပါတယ်။ကန်ရေပြင်ဧရိယာ က ၁၆၀.၂၅ ဧက( ၀.၂၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကုန်းမြေ ဧရိယာက ၁၀၀.၀၅၈ ဧကရှိတာကြောင့် စုစုပေါင်းဧရိယာ ၂၆၀.၃၀ ဧကရှိပါတယ်။ ဒါပေမဲ့ ၁၈၈၄ ခုနှစ်မှာတော့ ကန်တော်ကြီးကန်တစ်ခုတည်းနဲ့ ရေပေးဝေဖို့ မလုံလောက်တာကြောင့် ဧရိယာ ၁.၅ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အင်းယားကန်ကို ထပ်မံတူးဖော်ခဲ့ပါတယ်။ အင်းယားကန်ကနေ အချင်း ၃၀ လက်မရှိတဲ့ ရေအားဖြည့် ပိုက်လုံး တွေနဲ့ ယခုစက်မှုလမ်းကနေ ဦးချစ်မောင်လမ်း၊ ဖိုးစိန်လမ်းတစ်လျှောက် သွယ်တန်းပြီး ကန်တော်ကြီးကန်သို့ ရေပေးပို့ကာ ရန်ကုန်မြို့ကို ဆက်လက်ဖြန့်ဝေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကန်တော်ကြီးကန်နဲ့ အင်းယားကန်တို့ကနေ ရေပေးဝေရေးကို ရပ်ဆိုင်းလိုက်ကြပါတယ်။ အကြောင်းကတော့ ရေပေးဝေခြင်းမလုံလောက်တဲ့ ပြဿနာကြောင့်သာမကပဲ အဲဒီအချိန်က မြို့ပြနေလူထုရဲ့ သဘာဝပတ်ဝန်းကျင်မထိန်းသိမ်းခြင်းကြောင့် ကန်ရေတွေညစ်ညမ်းလာပြီး ရေအရည်အသွေး ကျဆင်းလာ ခြင်းကြောင့် ၁၈၈၇ ခုနစ်မှာအပြီးတိုင်ရပ်စဲလိုက်ကြပါတယ်။ရေပေးဝေရေးလိုအပ်ချက်အရ ၁၉၀၀ ပြည့်နှစ် မှာတော့ ရန်ကုန်မြို့ရဲ့ မြောက်ဘက် ၁၇ မိုင်ခန့်အကွာ မှာရှိတဲ့ လှော်ကားကန်ကြီးကို စတင်တူးဖော်ခဲ့ကြ ပါတယ်။သာဓုကန်စေတီအနီးမှာရှိတာကြောင့်လည်း သာဓုကန်လို့လည်းခေါ်ကြပါတယ်။ ၁၉၀၄ ခုနစ်အရောက် မှာတော့ အဲဒီလှော်ကားရေလှောင်ကန်ကြီးကနေ ရန်ကုန်မြို့သို့ ရေစတင်ပေးဝေခဲ့ပြီး ကန်တော်ကြီးကန်နဲ့ အင်းယားကန်တို့ကိုတော့ မြို့တော်ရဲ့ အနားယူအပန်းဖြေရာ ရေကန်ကြီးတွေအဖြစ်နဲ့ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြတာ ယနေ့အထိပဲဖြစ်ပါတယ်။
လှော်ကားကန်ကြီးဟာ မြေသားတမံအမျိုးအစားဖြစ်ပြီး စတင်တည်ဆောက်စဉ်က သိပ်သည်းမှုရအောင် ဆင်နဲ့နင်းကာ ကြိတ်ခဲ့တယ်လို့လည်းဆိုပါတယ်။တူးဖော်ဆောက်လုပ်ရာမှာလည်း အဲဒီခေတ်အခါအရ ကုန်ကျစရိတ်အသက်သာဆုံးလို့ ဆိုကြပါတယ်။
ရေပေးဝေနိုင်မှု ပမာဏကလည်း တစ်ရက်ကို ဂါလန် ၁၄ သန်းရှိခဲ့ပါတယ်။ ရေပေးဝေရေးလမ်းကြောင်း ကိုကြည့် မယ်ဆိုရင်လည်း အဲဒီအချိန်အခါက အရှည်ဆုံးလမ်းကြောင်းဖြစ်ခဲ့ပါတယ်။ အချင်း ၄၂ လက်မရှိတဲ့ ရေပို့ပိုက်နဲ့ ရန်ကုန်မြို့တွင်းကို ဆက်သွယ်ထားပါတယ်။ ရေပို့ပိုက်လမ်းကြောင်းကတော့ ယခု ဦးချစ်မောင်လမ်းနဲ့ ဖိုးစိန်လမ်း ဆုံမှာ နှစ်လိုင်းခွဲထွက်သွားပါတယ်။ တစ်လိုင်းကတော့ ဦးချစ်မောင်၊ဗညားဒလ၊ သိမ်ဖြူလမ်း တစ်လျှောက်ကနေ ဗိုလ်ချုပ်လမ်းအထိ ဆက်သွယ်ထားပြီး ရန်ကုန်မြို့ရဲ့အရှေ့ပိုင်းဒေသများကို ရေပေး ဝေပါတယ်။ ဒုတိယလိုင်း ကတော့ ဖိုးစိန်လမ်းအတိုင်းသွားပြီးနောက် အဲဒီအချိန်က ဖိုးစိန်ရေတွန်း စက်ရုံကိုရောက်ပါတယ်။ အဲဒီကနေ ရွှေတိဂုံဘုရားရေလှောင်ကန်ကို ဆက်သွယ်ထားပါတယ်။
ဆက်သွယ်ထားတဲ့ ရေပို့ပိုက်လိုင်းကတော့ အချင်း ၂၇ လက်မရှိပါတယ်။ရွှေတိဂုံဘုရား ရေလှောင်ကန် အထွက် မှာလည်း ပိုက်လိုင်းနှစ်လိုင်းခွဲထွက်သွားပြန်ပါတယ်။တစ်ခုကတော့ ရွှေတိဂုံ ဘုရားလမ်း တစ်လျှောက် သွယ်တန်း ထားကာ ရန်ကုန်မြို့ထဲကို ရေပေးဝေပြီး နောက်တစ်လိုင်းကတော့ ဦးထောင်ဘိုလမ်းကနေ ပန်းဆိုးတန်းလမ်း တစ်လျောက်ဆက်သွယ်ထားပါတယ်။ ဒါကြောင့် လှော်ကားရေလှောင်ကန်ကြီးဟာ ရွှေတိဂုံဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနဲ့ သိမ်ဖြူလမ်းတွေကနေ နေရာသုံးခုခွဲကာ ရန်ကုန်မြို့ထဲကို ရေပေးဝေနေခဲ့တာ ယနေ့ အချိန်ထိပဲဖြစ်ပါတယ်။
လှော်ကားရေလှောင်ကန်ကြီးဟာ ကန်ရေမျက်နှာပြင်ဧရိယာ ၄.၄ စတုရန်းမိုင်နဲ့ ကန်ရေသောက် ဧရိယာ ၁၀.၅ စတုရန်း မိုင်ရှိပြီး ရေဂါလန်သန်းပေါင်း ၁၂၀၀၀ ခန့်ကို သိုလှောင်ထားနိုင်ပါတယ်။ ၁၉၀၇ ခုနစ်မှာတော့ လှော်ကားကန်ရဲ့ ရေဖြန့်ဝေရာပိုက်လိုင်းတွေ ရေဖိအားမလုံလောက်တာကြောင့် ရေကူး ရေတွန်းစက်ရုံကို တည်ဆောက်ပါတယ်။ကျောက်မီးသွေးလောင်စာသုံး ရေနွေးငွေ့ အင်ဂျင်ရေတွန်းစက် ခြောက်လုံးတပ်ဆင်ပြီး ရွှေတိဂုံဘုရား ရေလှောင်ကန်ကနေတစ်ဆင့် ရေပေးဝေခဲ့ကြပါတယ်။ ဒါအပြင် ရန်ကုန်မြို့ရေပေးဝေရေးမှာ အချက်အချာကျတဲ့ လှော်ကားကန်ကြီးရဲ့ ရေသိုလှောင်နိုင်မှု လျော့နည်းမသွားစေဖို့ ဖူးကြီး ရေလှောင်ကန် ကို ထပ်မံ တည်ဆောက် ခဲ့ပါတယ်။အဲဒီ ရေလှောင်ကန်ကို ၁၉၇၉ ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး ၁၉၈၄ ခုနှစ် မှာစတင်ရေသိုလှောင်နိုင်ခဲ့ပါတယ်။ ၁၉၈၉ ခုနစ်မှာတော့ ဖူးကြီးရေလှောင်ကန်မှရေတွေကို အချင်း ၆၀ လက်မရှိတဲ့ ကွန်ကရစ်ပိုက်တွေသုံးပြီး နေ့စဉ်ရေဂါလန်ပေါင်း ၅၄ သန်းနဲ့ ဘားလားချောင်းမှရေကို အောင်တံခွန် ရေပေးဝေရေး စခန်းမှတစ်ဆင့် နေ့စဉ် ရေဂါလန် သန်း၄၀ ကို လှော်ကားကန်ထဲ အားဖြည့်ပံ့ပိုး ပေးလျက် ရှိပါတယ်။
လက်ရှိအချိန်မှာဆိုရင် လှော်ကားရေလှောင်ကန်ကြီးရဲ့ ရေပို့ပိုက်လိုင်းတွေဟာ နှစ်ပေါင်းတစ်ရာ ဝန်းကျင် လောက်ကြာနေပြီဖြစ်လို့ အချို့နေရာတွေမှာ ပြုပြင်ထိန်းသိမ်းမှုတွေပြန်လည် လုပ်ဆောင်ကြ ရပါတယ်။ နှစ်ကာလ ကြာမြင့်လာတာကြောင့် ကန်ကြီးမှ ရေစိမ့်ထွက်မှုပမာဏ များလာတယ်လို့ ရေလှောင်ကန် အင်ဂျင်နီယာ တွေက ဆိုပါတယ်။ရေယိုစိမ့်မှုအတွက့် မကြာခဏပြုပြင်ပေးနေပြီး လှော်ကားကန်ရဲ့ ရေယူ အဆောက်အအုံကတော့ လက်ရှိအချိန်အထိအသုံးပြုနေဆဲဖြစ်ပါတယ်။
လူဦးရေက တဖြည်းဖြည်းတိုးပွားလာတဲ့ ရန်ကုန်မြို့ပြ အတွက် ရေးပေးဝေမှုကို စည်ပင်နယ်နိမိတ်အတွင်းမှာ ရှိတဲ့ ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့များကလွဲလို့ ကျန်မြို့နယ်များကို ရေပိုက်လိုင်းစနစ်နဲ့ ရေပေးဝေနေတာ လည်းဖြစ်ပါတယ်။ အဓိကအားဖြင့် လှော်ကား ရေလှောင်ကန်၊ ဖူးကြီး ရေလှောင်ကန်၊ ဂျိုးဖြူရေလှောင်ကန်နဲ့ ငမိုးရိပ်ရေလှောင်ကန်စတဲ့ ကန်ကြီးလေးခုကနေ ရေဂါလန်သန်းပေါင်း ၁၈၅ သန်းနဲ့ အခြားသောစည်ပင်ပိုင် အဝီဇိတွင်းတွေကနေ တစ်နေ့ကို ရေဂါလန်သန်းပေါင်း ၂၀၅ သန်း ရေဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၀၄ ခုနှစ်ကနေ ယနေ့အချိန်အထိ ရန်ကုန်မြို့ပြအတွက် ရေပေးဝေထောက်ပံ့ပေးနေတဲ့ တာဝန်ကို လှော်ကားရေလှောင်ကန်ကြီးက နေ့စဉ် မနားတမ်း တာဝန်ယူ ဖြန့်ဖြူးပေး လျက်ရှိပါတယ်။