သက်ဝင်လှုပ်ရှားတတ်တယ်ဆိုတဲ့ ကြေးရုပ်ကြီးများ
——————————-
မဟာမုနိ ဘုရားပရဝဏ် အတွင်း တည်ရှိတဲ့ ကြေးရုပ်ကြီးတွေရဲ့ မူလအစက ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ် ကျောင်းတော်ကနေ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ခမာလက်ရာ ကြေးရုပ်ကြီးတွေဟာ ရှေးခေတ် စစ်ပွဲရဲ့ စစ်အောင်နိုင်သူတို့က သိမ်းယူခဲ့ကြတာကြောင့် နေရာအမျိုးမျိုး ပြောင်းရွှေ့ သယ်ဆောင်ခြင်း ခံခဲ့ရပြီး နောက်ဆုံးမှာတော့ မဟာမုနိ ပရဝဏ်အတွင်း ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ ကြေးရုပ်ကြီးတွေဟာ ယိုးဒယားကို ရောက်ရှိပြီး ကာလကြာပြီးနောက် ယိုးဒယားမင်း ဗြသာဓိပတိရာဇအရုပ်၊ မိဖုရားကြီးအရုပ်၊ ယိုးဒယားမင်းဆရာအရုပ်၊ ဧရာဝဏ်(ခေါ်) ခေါင်းသုံးလုံးနဲ့ဆင်ရုပ်၊ ယိုးဒယားတို့ ကိုးကွယ်တဲ့ ရာမရုပ်၊ ဟာနုမာန်မျောက်ရုပ်၊ အလမ္ပာယ်သမားအရုပ် အဖြစ် ခေါ်ဝေါ်ခဲ့ကြပါတယ်။
ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းက ယိုးဒယားနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ပြီး ကြေးရုပ်ကြီးတွေကို ဟံသာဝတီသို့ သယ်ယူလာပါတယ်။ အဲဒီလို သယ်ယူစဉ် ညဘက် အိပ်ချိန်တွေမှာ လူသဏ္ဍာန် ကြေးရုပ်တွေ ပျောက်သွားတတ်ပြီး ပြန်လည်ရှာဖွေရာ အခြားနေရာတွေကနေ ပြန်လည်တွေ့ရတတ်ပါတယ်။ နောက်ပိုင်းမှာ ကြေးရုပ်ရဲ့ မျက်လုံးနဲ့ ဝမ်းဗိုက်ကို အပေါက်ဖောက်လိုက်မှ ဟံသာဝတီကို သယ်ယူလာနိုင်ခြင်းဖြစ်တယ်လို့လည်း အဆိုရှိခဲ့ပါတယ်။
အမရပူရဆီ မဟာမုနိရုပ်ရှင်တော်ကို ပင့်ဆောင်ရာမှာ ကြေးရုပ်ကြီးတွေကိုလည်း ယူဆောင်ခဲ့ပါတယ်။ ရှေးယခင်က ကြေးရုပ်တွေကို ဘုရားကြီးအတွင်း မထားရှိဘဲ အာနန္ဒာဘွဲ့တော်ရှိတဲ့ ဘုရားရဲ့ အင်္ဂါထောင့် သိန္နီပြာသာဒ်တော်ကြီး အတွင်း ထားရှိခဲ့ကြပါတယ်။ အာနန္ဒာဘုရားဟာ အဲဒီအချိန်က ကျွန်းပြသာဒ်တော်အဖြစ် တည်ရှိခဲ့ပြီး ပုဂံမင်းလက်ထက်မတိုင်မီကာလက ငလျင်ကြောင့် မူလသိမ်ပြဿဒ်ကြီး ပြိုကျရာကနေ ကြေးရုပ်တွေ ထိခိုက်ကျိုးပဲ့ပျက်စီးပါတယ်။
ရှေးယခင်က အရုပ်ပေါင်း (၃၀) ရှိတယ်လို့ ဆိုကြပေမဲ့ အခုအခါမှာတော့ ၆ ရုပ်သာ ကျန်ရှိပါတယ်။ ခေါင်းသုံးလုံးရှိတဲ့ ဧရာ၀ဏ် ဆင်ရုပ်၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ခြေလက်အစုံပါ၀င်တဲ့ ခြင်္သေ့ရုပ်၊ ခန္ဓာကိုယ်နဲ့ ခြေလက်အစုံပါ၀င်ပြီး ဦးခေါင်းတခြားစီဖြစ်နေတဲ့ ခြင်္သေ့ရုပ်၊ ခန္ဓာကိုယ်နဲ့ခြေလက်အစုံပါဝင်ပေမဲ့ ဦးခေါင်းမရှိတော့တဲ့ ခြင်္သေ့ရုပ်၊ ၇ ပေနဲ့ ၈ ပေအရွယ်လူရုပ်နှစ်ရုပ် စုစုပေါင်း ၆ ရုပ် ကျန်နေသေးတာပါ။
ကြေးလူရုပ်တစ်ရုပ်က အမြင့် ၈ ပေရှိပြီး၊ နောက်တစ်ရုပ်က အမြင့် ၇ ပေရှိပါတယ်။ ၇ ပေရှိ ကြေးလူရုပ်တစ်ရုပ်မှာ ခြေချောင်း ၁၀ ချောင်းစလုံး လက်စွပ်လိုမျိုး အကွင်းတွေပါရှိပါတယ်။ ထိုင်းလူမျိုးတွေက “ဒေဝဂဿရူပ” လို့ ခေါ်ဆိုကြပါတယ်။ အချို့ကလည်း ယိုးဒယားနတ်ရုပ်လို့ ဆိုကြပြန်ပါတယ်။ ဒီကြေးရုပ်တွေထဲမှာ ဗစ်သျနူး (ဗြိဿနိုး) နတ်မင်းကြီးရဲ့ ကိုယ်ပွား နရသီဟ (Narasinga) လို့ ခေါ်တဲ့ ခြင်္သေ့လည်း ပါရှိပါတယ်။ ခြင်္သေ့တွေက ဦးခေါင်းမပါတာကြောင့် မြန်မာ့ ကြေးသွန်းပညာရှင်တွေက ဗမာခြင်္သေ့ခေါင်း တပ်ပေးထားတယ်လို့လည်း ဆိုပါတယ်။
ကြေးရုပ်တွေကို တို့ရုံထိရုံနဲ့ ရောဂါဘယတွေ သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းမျိုး ရှိတယ်လို့ ဒီကနေ့အထိ ယုံကြည်နေသူတွေလည်းရှိပါတယ်။ မျက်စိနာရင် မျက်စိကို ပွတ်၊ ဗိုက်နာရင် ဗိုက်ကို ပွတ်၊ ဒူးနာရင် ဒူးကို ပွတ်ကာ အဓိဋ္ဌာန်ပြုလုပ်ကြပါတယ်။ ဒီလို အယူအစွဲနဲ့ ပွတ်တိုက်မှုတွေကြောင့်လည်း ကြေးရုပ်တွေရဲ့ ပျက်စီးယိုယွင်းမှု ဆိုးဝါးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ကြေးရုပ်ကြီးတွေ ရေရှည်တည်တံ့စေဖို့အတွက် ကိုင်တွယ်ပွတ်တိုက်ခွင့်မပြုတော့ဘဲ၊ အလျား ၂၇ ပေ၊ အနံ ၃၆ ပေရှိတဲ့ ကြေးရုပ်ပြတိုက်တစ်ခုနဲ့ ခင်းကျင်းပြသထားပြီး အရုပ်တွေကိုလည်း မှန်တွေနဲ့ကာရံ ထားပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကြေးပြတိုက်အတွင်းမှာ ရှိတဲ့ ကြေးရုပ်ကြီးတွေ လဲပြိုခဲ့ပြီး ပြန်လည်တည့်မတ်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့ကြရပါတယ်။
#ZLann #ZLann_Podcast #ကြေးရုပ်ကြီးများ #ဒေဝဂဿရူပ #ယိုးဒယားနတ်ရု