သစ္စာတရားကို အသက်ထက်ပိုတန်ဖိုးထားသူ ပတ္တမြားဒေဝီ စောမဲကျီ

သမိုင်းကြောင်းဇာတ်လမ်းတွေကို လေ့လာလိုက်စားသူတွေအနေနဲ့ကတော့ “စောမဲကျီ” ဆိုတဲ့နာမည်ကို အတော်အသင့် ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ရာဇဝင်သမိုင်းတွေနဲ့ ရင်းနှီးမှုမရှိတဲ့သူတွေအတွက်ကတော့ “စောမဲကျီ” ဆိုတာ ဘယ်သူလဲ၊ ဘယ်ခေတ်ဘယ်အချိန်မှာ ဘယ်လိုဇာတ်ကြောင်းတွေနဲ့ ထင်ရှားခဲ့လဲဆိုတာတွေက ပဟေဠိမေးခွန်းတွေဖြစ်လို့နေမယ် ထင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ရခိုင်ရာဇဝင်မှာထင်ရှားခဲ့သူတစ်ယောက်ဖြစ်တဲ့ မိဖုရားစောမဲကျီရဲ့ အကြောင်းကို ဗဟုသုတရဖွယ်အဖြစ် စုစည်းတင်ဆက် ပေးလိုက်ပါတယ်။
ခေတ်အချိန်ကာလအားဖြင့် မြန်မာသက္ကရာဇ် ၈၇၀ – ၈၉၀ ပတ်ဝန်းကျင်တုန်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နဲ့ ၁၀ မိုင်အကွာမှာ ရွာရင်းရွာဆိုတဲ့ ရွာလေးတစ်ရွာရှိခဲ့ဖူးပါတယ်။ အဲဒီရွာမှာ တောင်ယာလုပ်ကိုင်စားသောက်တဲ့ ဦးဖြူထီးနဲ့ ဒေါ်မဲတူဆိုတဲ့ ဇနီးမောင်နှံရှိပြီး သူတို့မှာတော့ “မမဲကျီ” လို့ အမည်တွင်တဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ မမဲကျီ အသက် ၅ နှစ်အရွယ်ကိုရောက်ချိန်မှာတော့ ဖခင်ဖြစ်သူ ဦးဖြူထီး ကွယ်လွန်သွားခဲ့တာကြောင့် သူမဟာ မိခင် မုဆိုးမကြီးနဲ့အတူ ဘ၀ကိုပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။ မမဲကျီဟာ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူဖြစ်ပြီး အလှူဒါနပြုခြင်းနဲ့ သီလဆောက်တည်ခြင်းတို့မှာလည်း ဝါသနာထုံသူဖြစ်တယ်လို့ ဆိုပါတယ်။ မမဲကျီတို့ရဲ့ ရွာလေးဟာ ပင်လယ်ကမ်းစပ်အနီးမှာတည်ရှိတဲ့ရွာဖြစ်တဲ့အလျောက် ရွာသူရွာသားတွေကလည်း ပင်လယ်ထဲမှ ငါးတွေကိုဖမ်းဆီးကာ ဝမ်းရေးအတွက်ဖြေရှင်းရတာကြောင့် အိမ်တိုင်းလိုလိုမှာ ငါးဖမ်းတဲ့ ကွန်ယက်တွေရှိကြပါတယ်။ ဒါပေမဲ့ သီလဆောက်တည်တဲ့ မမဲကျီတို့သားအမိကတော့ သူတစ်ပါးအသက်ကို မသတ်ဖြတ်လိုတာကြောင့် ကွန်ယက်တောင်မှ အိမ်မှာ မထားရှိခဲ့ပါဘူး။
မမဲကျီရဲ့ အသွင်ဟန်ကိုပြောရမယ်ဆိုရင်တော့ သူမဟာ မိန်းမလှတို့မှာရှိသင့်တဲ့ ကြန်အင်လက္ခဏာတို့နဲ့ပြည့်စုံပြီး အရွယ်ရောက်လာတာနဲ့ အမျှ သူမရဲ့ အလှဂုဏ်သတင်းကလည်း ရွာနီးစပ်ချုပ်တိုင်အောင် ပျံ့နှံ့လို့လာခဲ့ပါတယ်။ ဒီအခါမှာတော့ မမဲကျီရဲ့ အလှကို တပ်မက်ကြတဲ့ ပုရိသယောကျာ်းသားတို့ဟာ မမဲကျီရဲ့ မေတ္တာကိုရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ အဲဒီလိုကြိုးစားကြတဲ့သူတွေထဲမှာမှ မမဲကျီရဲ့ မေတ္တာကိုရရှိသွားတဲ့သူကတော့ တစ်ရွာတည်းသားလည်းဖြစ်၊ ရုပ်ရည်သန့်ပြန့်ပြီး အနေအထိုင်လည်းတည်ကြည်မှုရှိတဲ့ မောင်ရွှေသီးဆိုသူပါပဲ။
တစ်နေ့မှာတော့ မမဲကျီဟာ သူငယ်ချင်းမိန်းကလေးတွေနဲ့ ရွာအနီးက တောအုပ်လေးတစ်ခုမှာ ထင်းခွေဖို့သွားရာမှအပြန် ချောင်းတစ်ခုကို တွေ့ရှိတာကြောင့် သူငယ်ချင်းတွေနဲ့အတူ ချောင်းစပ်မှာရေချိုးဖို့ကြံပါသတဲ့။ အဲဒီအခါမှာ အခြားမိန်းကလေးတွေက ကွန်ယက်နဲ့ ငါးဖမ်းသလိုဟန်မျိုး ဆော့ကစားကြတာကို မမဲကျီမြင်တွေ့ချိန်မှာတော့ ဒါက သူမအတွက် အသစ်အဆန်းဖြစ်လို့နေတာကြောင့် သူမကလည်း အခြားမိန်းကလေးတွေလိုမျိုး ဟန်တုပြီးလုပ်ကြည့်ပါတော့တယ်။ ဒါပေမဲ့ မမဲကျီတစ်ယောက် ကွန်ယက်နဲ့ ငါးတွေကို သဲ့ယူဖမ်းကြည့်တဲ့အခါမှာ အခြားသူတွေလိုမျိုး ငါးမပါလာဘဲ ကျောက်တုံးနီနီးလေးတစ်လုံးသာပါလာတာကို တွေ့ရပါတယ်။ မမဲကျီကလည်း အဲဒီ ကျောက်တုံးလေးက နီရဲလို့နေပြီး ဘာမှန်းသေချာမသိတာကြောင့် ရေထဲကိုပြန်ပစ်ချလိုက်ပေမဲ့ သုံးကြိမ်တိုင်တိုင် အဲဒီကျောက်တုံးလေးက ကွန်ယက်ထဲကို ပါလာခဲ့ပါတယ်။ ဒါကြောင့် မမဲကျီကလည်း ကျောက်တုံးလေးကို အိမ်ဆီယူလာခဲ့ပြီး ညအချိန်ရောက်တဲ့အခါမှာတော့ ကျောက်ရဲ့အရောင်က တဖိတ်ဖိတ် နဲ့ ပိုပြီးတောက်ပလာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မမဲကျီတို့ရဲ့ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ ရွာတစ်ရွာမှာ ဆေးဝါး၊ ဗေဒင်၊ နက္ခတ်နဲ့ အဂ္ဂိရတ်ပညာတို့ကို တတ်ကျွမ်းတဲ့ “ဦးမြတ်ကျော်ဦး” ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပြီး သူဟာ ကျောက်သံပတ္တမြားအမျိုးမျိုးအကြောင်းကိုလည်း နားလည်သူတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မမဲကျီတို့ရဲ့ နေအိမ်ကို ဦးမြတ်ကျော်ဦးရောက်လာခဲ့ပြီး မမဲကျီဆီက အနီရောင်ကျောက်တုံးလေးကို ယူကြည့်ရာမှာတော့ အဲဒီကျောက်တုံးလေးဟာ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားတစ်လုံးဖြစ်နေကြောင်းကိုပြောပြကာ မမဲကျီကိုလည်း “လတ်တလောရက်ပိုင်းအတွင်း ထူးခြားတဲ့အိပ်မက်တွေမက်သလား” လို့လည်းမေးခဲ့ပါတယ်။ ဒီအခါမှာ မမဲကျီက သူ့ရဲ့အိပ်မက်ထဲမှာ သူဟာ ကြီးကျယ်ခမ်းနားပြီး အခြွေအရံတွေလည်းများပြားလွန်းလှတဲ့ အိမ်ကြီးတစ်ခုမှာနေထိုင်ကာ ကုသိုလ်ကောင်းမှုတွေကိုလည်း ပြုလုပ်ရတဲ့ပုံစံကို မြင်မက်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ မမဲကျီရဲ့ အိပ်မက်ကို ဦးမြတ်ကျော်ဦးက ကြားသိရချိန်မှာတော့ အဆိုပါအိပ်မက်ဟာ ကြီးကျယ်မြင့်မြတ်တဲ့စည်းစိမ်ရှင်တစ်ယောက်ဖြစ်ပြီး အခြားသူတွေထက်ပိုမိုထူးခြားတဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ရနိုင်တဲ့ နိမိတ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ဒါအပြင် မမဲကျီရဲ့ ဇာတာလက္ခဏာကို စစ်ဆေးကြည့်ရာမှာ မမဲကျီဟာ တစ်နေ့သောအခါမှာ ကိုယ့်ထက်အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတစ်ဦးကြောင့် စိတ်မချမ်းမြှေ့မှုကို တွေ့ကြုံရနိုင်ကြောင်းကိုလည်း ဟောချက်ထုတ်ခဲ့ပါတယ်။
ဒီလိုနဲ့ မမဲကျီမှာ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးတစ်လုံးရောက်ရှိနေတယ်ဆိုတဲ့သတင်းက ရပ်ရွာအနှံ့ကို ဟိုးလေးတကျော်ကျော်ဆိုသလို ပျံ့နှံ့လို့သွားခဲ့တာကြောင့် အဆိုပါပတ္တမြားကြီးကို မမဲကျီရဲ့ အိမ်မှာမထားဘဲ ရွာဦးဆရာတော်ကျောင်းမှာ ကျောက်စီရွှေကလပ် အပေါ်တင်ကာ အစောင့်အရှောက်နဲ့ထားခဲ့ပါတယ်။ ဒီသတင်းကို ရမ္မာဝတီမြို့ (ယခု ရမ်းဗြဲမြို့ ) မှာအုပ်ချုပ်စိုးစံတဲ့ ဘုရင်ခံ နေမျိုးသူရိယ ကြားသိတဲ့အခါမှာတော့ ပတ္တမြားကိုသိမ်းယူပြီး မြောက်ဦးရွှေမြို့တော်မှာရှိတဲ့ ဘုရင်မင်းဗာကြီးကို ဆက်သဖို့အတွက် မမဲကျီတို့ရဲ့ ရွာလေးကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “အနှီပတ္တမြားသည် ဆင်းရဲသားနှင့်မထိုက်၊ မင်းနှင့်သာထိုက်သည်မို့ ရခိုင်ဘုရင်ထံဆက်သရန် ယူဆောင်သွားရမည်” လို့ မိန့်ဆိုပြီး မမဲကျီတို့သားအမိကို အသပြာငါးထောင်ပေးသနားကာ ပတ္တမြားကြီးကို ညတွင်းချင်းဆိုသလို ယူဆောင်သွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ပတ္တမြားကြီးက မြောက်ဦးရွှေမြို့တော်ကို မရောက်ခင်မှာဘဲ မူလထားရှိရာနေရာဖြစ်တဲ့ ကလပ်အပေါ်ကိုပြန်လည်ရောက်ရှိသွားခဲ့တာကြောင့် ဘုရင်ခံ နေမျိုးသူရိယက ပတ္တမြားမပါရှိတဲ့ ကတ္တီပါကြုတ်အလွတ်ကိုသာ ဘုရင်မင်းဗာကြီးထံ ဆက်သလိုက်ပါတယ်။ ဘုရင်ကြီးကလည်း တွေးဆရခက်တဲ့ ဒီအချင်းအရာကို သူ့ရဲ့ ပညာရှိအမတ်တွေနဲ့ တိုင်ပင်တဲ့အခါမှာ ပညာရှိ ဝိမလက “ပတ္တမြား၏ အရှင်သခင်ဖြစ်လိုပါက မူလပိုင်ရှင် အမျိုးသမီးကို သိမ်းပိုက်သင့်ကြောင်း၊ ဒီအခါ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးကလည်း ယခုထက်ပိုမိုတိုးတက်လာနိုင်ကြောင်း” ဆိုကာ လျှောက်တင်ခဲ့ပါတယ်။
ဒါကြောင့် ဘုရင်မင်းဗာကြီးကလည်း မမဲကျီတို့ရွာလေးဆီကို ကိုယ်တိုင်ချီတက်ကာ မမဲကျီနဲ့တကွ ပတ္တမြားကြီးကိုပါ သိမ်းပိုက်ဖို့အတွက် သက်ဆိုင်ရာ ရွာသူကြီးကနေတစ်ဆင့် စာချွန်တော်ပို့ခဲ့ပါတော့တယ်။ မမဲကျီကလည်း ဘုရင်ကြီးရဲ့ အမိန့်စာချွန်တော်ကို သိရှိချိန်မှာတော့ သူ့ရဲ့ ချစ်သူ မောင်ရွှေသီးနဲ့ ခွဲခွာရမဲ့အရေးကိုတွေးပြီး ဝမ်းနည်းကြွေကွဲရပေမဲ့ ဘုရင့်အမိန့်တော်ဖြစ်နေတာကြောင့် နှစ်ဦးသားခမျာ ခွဲခွာရုံကလွဲပြီး မတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ တောရွာဇနပုဒ်လေးမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ မမဲကျီလေးဟာ “ပတ္တမြားဒေဝီ စောမဲကျီ” ဆိုတဲ့ ဘွဲ့နဲ့ ဘုရင်မင်းဗာကြီးရဲ့အနောက်နန်း မိဖုရားဖြစ်လာခဲ့ပါတော့တယ်။ ဘုရင်မင်းဗာကြီးဟာ ပတ္တမြားကြီးကိုအကြောင်းပြုပြီး မမဲကျီကို သိမ်းပိုက်ခဲ့တယ်ဆိုပေမဲ့လည်း မမဲကျီက ငယ်ရွယ်နုပျိုပြီး ချောမောလှပတဲ့သူဖြစ်တာကြောင့် ဘုရင်ကြီးရဲ့ အလွန်ချစ်မြတ်နိုးမှုတွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မမဲကျီကိုယ်တိုင်ကလည်း ခင်ပွန်းဖြစ်သူ ဘုရင်ကြီးကို သစ္စာမပျက်ယွင်းဘဲ လင်သားမှတ်မှတ် ပေါင်းသင်းခဲ့ပါတယ်။
တစ်နေ့မှာတော့ ဘင်္ဂလား ၁၂ မြို့ကို အပိုင်စားရရှိထားတဲ့ နယ်စား၊ မြို့စားတွေက ပုန်ကန်ထကြွကြတာကြောင့် မင်းကြီးကိုယ်တိုင် စီးတော်ဆင် ဇီ၀စိုးကို စီးနှင်းကာ စစ်ချီထွက်ခဲ့ပါတယ်။ မင်းဗာကြီးရဲ့ ရခိုင့်တပ်မတော်က နယ်စား၊ မြို့စားတွေကို အောင်မြင်စွာ တိုက်ခိုက်ပြီးနောက်မှာတော့ မြောက်ဦးနေပြည်တော်ဆီကိုပြန်လာခဲ့ကြပြီး တပ်စခန်းချရပ်နားတဲ့နေရာမှာ စေတီပျက်တစ်ဆူကနေ ရောင်ခြည်တော်ကွန့်မြူးတာကို မြင်တွေ့ရချိန်မှာတော့ ဘုရင်ကြီးဟာ ယင်းစေတီပျက်ကို ရှင်းလင်းဖို့အတွက် သူ့ရဲ့ နောက်လိုက် စစ်သည်တော်တွေကို အမိန့်ပေးလိုက်ပါတော့တယ်။ စေတီပျက်ကိုရှင်းလင်းပြီးချိန်မှာတော့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဓာတ်တော်၊ မွေတော်များစွာကို ရရှိခဲ့တာကြောင့် အဆိုပါဓာတ်တော်တွေကို မြောက်ဦးရွှေမြို့တော်ထံကို ယူဆောင်လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဘုရင်ကြီးဟာ ဓာတ်တော်တွေရဲ့ အမျိုးအစားကိုမသိရှိတာကြောင့် မိဖုရား စောမဲကျီကို မေးမြန်းလေရာ စောမဲကျီက သူ ငယ်စဉ်အရွယ်ကတည်းက စောင့်ထိန်းလာခဲ့တဲ့ ငါးပါးသီလလုံခြုံမှုကို သစ္စာတိုင်တည်ကာ ဓာတ်တော်တွေရဲ့အမျိုးအစားကို ခွဲခြားပြနိုင်ခဲ့ပါတယ်။
ဒီအခါမှာ ဘုရင်ကြီးကလည်း မိဖုရားစောမဲကျီကို အလိုရှိရာတောင်းစေခဲ့တာကြောင့် မမဲကျီက ဓာတ်တော်တွေကို ရခိုင်ပြည်တစ်ခွင် လှည့်လည်ပြီး စေတီတည်ထားခွင့်တောင်းဆိုခဲ့ပါတယ်။ ဘုရင်ကြီးကလည်း မမဲကျီရဲ့ တောင်းဆိုချက်အတိုင်း ပြုလုပ်ဖို့ခွင့်ပြုပေးခဲ့ရာမှာ မမဲကျီက ဓာတ်တော်တွေကို စေတီတည်ဖို့အတွက်တာဝန်ယူခဲ့ပြီး စစ်တွေခရိုင်အတွင်းမှ ယနေ့ခေတ်တိုင်မြင်တွေ့ရတဲ့ ဦးရစ်စေတီနဲ့ ဆံတော်ရှင်စေတီတို့ဟာဆိုရင် မမဲကျီရဲ့ ကုသိုလ်တော်ကောင်းမှုတွေဖြစ်ပါတယ်။ မမဲကျီဟာ သူ့ရဲ့ မွေးရာဇာတိဖြစ်တဲ့ ရွာရင်းရွာရဲ့ ရွာဦးတောင်ထိပ်မှာလည်း နားမွေးတော်စေတီကို တည်ထားစေခဲ့ပြီး အဲဒီအချိန်မှာတော့ သူနဲ့တစ်ချိန်တုန်းက မေတ္တာမျှခဲ့တဲ့ မောင်ရွှေသီးဆိုသူဟာ နာမည်ရပန်းရံဆရာတစ်ဦးဖြစ်နေပါပြီ။ ဒါကြောင့် မမဲကျီက သူနဲ့သိကျွမ်းခဲ့ဖူးတဲ့ မောင်ရွှေသီးကို စေတီတွေ တည်ထားဆောက်လုပ်မဲ့လုပ်ငန်းစဉ်မှာ ဦးဆောင်ဦးရွက်ပြုစေပါတယ်။ ဒါ့အပြင် ဘုရင်မင်းဗာကြီးရဲ့ ကောင်းမှုတော်ဖြစ်တဲ့ ရှစ်သောင်းစေတီကိုလည်း မောင်ရွှေသီးကိုယ်တိုင် ကြီးကြပ်စီမံစေခဲ့တယ်လို့ သိရပါတယ်။
တစ်နေ့မှာတော့ ရှစ်သောင်းစေတီကြီး တည်ထားဖို့အတွက်ဖယ်ထားတဲ့ ကျွဲရေပြားငါးချပ်ဟာ ပျောက်ဆုံးသွားခဲ့တာကြောင့် မောင်ရွှေသီးက ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှာ သူ့ရဲ့ တပည့်တွေဖြစ်ကြတဲ့ ငလုံး၊ ငပြေထီးနဲ့ ငချက်ကြီးတို့က ခိုးယူခဲ့ကြောင်းကို စစ်ဆေးတွေ့ရှိရတာကြောင့် မောင်ရွှေသီးကလည်း နောက်လူတွေလိုက်လံမပြုလုပ်ဝံ့အောင် ခိုးသူတပည့် (၃) ယောက်ကို လူပုံအလယ်မှာ ထိုးကြိတ်ကန်ကျောက်ဆုံးမခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငလုံး၊ ငပြေထီးနဲ့ ငချက်ကြီးတို့က မောင်ရွှေသီးအပေါ်မှာ အငြိုးအတေးထားခဲ့တာကြောင့် အခွင့်ကြုံရင် ဆရာဖြစ်သူအပေါ်မှာ ပြန်လည်လက်စားချေနိုင်ဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ရှစ်သောင်းစေတီကြီးကို တည်ထားပြီးချိန်မှာတော့ မိဖုရား စောမဲကျီရဲ့ ဓာတ်ပေါင်းစုစေတီကိုတည်ထားဖို့အတွက် မိဖုရား နဲ့ တိုင်ပင်ဆွေးနွေးလိုတာကြောင့် ပန်းရံခေါင်းဆောင် မောင်ရွှေသီးက မိဖုရားရဲ့အဆောင်တော်ဆီကို အခစားဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မိဖုရားကလည်း ပူအိုက်တဲ့ရာသီဥတုကို အံတုနေရတာကြောင့် ရင်တားအဝတ်တန်ဆာကို ခေတ္တခဏချွတ်ထားမိခဲ့ပါတယ်။ ဒီလိုနဲ့ ဧည့်သည်ရောက်ရှိနေကြောင်းကို ရံရွှေတော်တွေမှ လာရောက်လျှောက်တင်ချိန်မှာတော့ ရင်တားအဝတ်ကိုမလွှမ်းမိဘဲ ပိုးချိတ်ထဘီကိုသာ ရင်မှာတင်ကာ ရုတ်တရက်ထွက်လာခဲ့ပါတယ်။ ခန်းမဆောင်တံခါးထိပ်ကိုရောက်ချိန်မှာတော့ မိဖုရားဟာ ကြမ်းပြင်နဲ့ ထိလုနီးပါးဖြစ်နေတဲ့ ထဘီစကို မတော်တဆနင်းမိရာမှတစ်ဆင့် ထဘီကပြေကျသွားပြီး ရင်သားတွေကလည်းပေါ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ ဒီလိုအရှက်တကွဲဖြစ်ပြီးချိန်မှာတော့ မိဖုရားကလည်း ရွှေစိတ်တော်ထိခိုက်သွားခဲ့တာကြောင့် စေတီတော် တည်ထားဖို့အတွက် လာရောက်ဆွေးနွေးတဲ့ မောင်ရွှေသီးကို စကားတစ်ခွန်းမှမပြောတော့ဘဲ အတွင်းဆောင်ကို ပြန်လည်ဝင်သွားခဲ့ကာ စေတီတော်ပုံစံကိုလည်း မောင်ရွှေသီးစိတ်တိုင်းကျသာ တည်ထားပါတော့လို့ ရံရွှေတော်တစ်ဦးမှတစ်ဆင့် အမှာစကားပါးလိုက်ပါတယ်။
ဒီလိုမျိုးအမှာပါးပုံကို မောင်ရွှေသီးက “မိဖုရားဟာ စေတီတော်ကို ရင်သားပုံစံတည်ထားစေလိုတယ်” လို့ ယူဆလိုက်တာကြောင့် သူ့ရဲ့ ယူဆမှုအတိုင်း စေတီကို သားမြတ်သဏ္ဍာန်တည်ထားခဲ့ပါတယ်။ စေတီတော်တည်ထားပြီးချိန်မှာတော့ ဘုရင်ကြီးက စေတီရဲ့ ပုံစံနဲ့ ပတ်သက်ပြီး မေးမြန်းလိုတဲ့အတွက် ပန်းရံခေါင်းဆောင် မောင်ရွှေသီးနဲ့တကွ ပါဝင်ဆောက်လုပ်ခဲ့တဲ့ ပန်းရံဆရာတွေအကုန်လုံးကို ရှေ့တော်မှောက်ဆီ ခေါ်ယူခဲ့ပါတယ်။ ဒီအခါမှာ မောင်ရွှေသီးကိုလက်စားချေဖို့အတွက် အခွင့်ကောင်းကိုစောင့်ဆိုင်းနေကြတဲ့ ငလုံး၊ ငပြေထီးနဲ့ ငချက်ကြီးတို့က သူတို့ဆရာ မောင်ရွှေသီးဟာ မိဖုရားစောမဲကျီရဲ့ ငယ်ရည်းစားဖြစ်ကြောင်း၊ ယနေ့အထိ အချိန်းအချက်ပြုကာ တွေ့ဆုံနေကြကြောင်းဆိုကာ ဘုရင်ကြီးထံ ကုန်းချောလျှောက်တင်ခဲ့ကြပါတယ်။ ဘုရင်ကြီးကလည်း အဆိုပါကုန်းချောလျှောက်တင်မှုကို ယုံစားပြီး “မောင်ရွှေသီးနဲ့ ကြံရာပါတွေအားလုံးကို ချက်ချင်းဆိုသလို ကွပ်မျက်စေ” ဆိုကာ အမိန့်ပေးခဲ့ပြီး နောက်တစ်နေ့မှာတော့ မိဖုရား စောမဲကျီကို ရှေ့တော်မှောက်ဆီ ခေါ်ယူစေခဲ့ပါတယ်။ မှူးကြီးမတ်ရာတွေထဲမှာလည်း မိဖုရားကို မလိုလားတဲ့သူတွေရှိတာကြောင့် ထိုသူတွေက ဘုရင်ကြီးကို မိဖုရားဟာ သစ္စာမရှိကြောင်း၊ အကျင့်စာရိတ္တပျက်ယွင်းသူဖြစ်ကြောင်းဆိုကာ မဟုတ်မမှန်တဲ့ ကုန်းချောစကားတွေကို လျှောက်တင်ကြပါတယ်။ မိဖုရားက သူ့ကိုစွပ်စွဲထားတဲ့အကြောင်းအရာတွေက မဟုတ်မမှန်ကြောင်းကို ငြင်းခဲ့ပေမဲ့လည်း လင်တော်မောင် မင်းကြီးက မယုံကြည်တာကြောင့် နောက်ဆုံးမှာတော့ ကွပ်မျက်စေလို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
မိဖုရားစောမဲကျီက သူ့ရဲ့ ဇာတိရပ်ရွာမှာ ကွပ်မျက်ဖို့ အသနားခံခဲ့တာကြောင့် မိဖုရားကို ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ မင်းခစား ယောကျ်ားသားတွေက ဝေါယာဉ်နဲ့ပို့ဆောင်ပေးခဲ့ကြပါတယ်။ ရွာကိုရောက်တဲ့အခါမှာတော့ မိဖုရားကြီးဟာ သူ တည်ထားကိုးကွယ်ခဲ့တဲ့ နားမွေတော်ဘုရားဆီကို ပထမဆုံးသွားရောက်ဖူးမျှော်ခဲ့ပြီး အဲဒီအနီးမှာပဲ အဓိဋ္ဌာန်ပြုကာ ပါးကွပ် သားတွေအနေနဲ့ သူ့ကို စိတ်ကြိုက် စီရင်ဖို့အတွက် ခွင့်ပြုလိုက်ပါတော့တယ်။ ဘ၀အဆုံးသတ်ခါနီးအချိန်ကိုရောက်ပေမဲ့လည်း မိဖုရား စောမဲကျီကတော့ အဲဒီအချိန်ထိတိုင် တုန်လှုပ်ခြောက်ခြားခြင်း အလျဉ်းမရှိဘဲ ကြုံတွေ့လာသမျှကို ရဲဝံ့စွာရင်ဆိုင်ဖို့ အသင့်ပြင်ထားခဲ့ပုံပါ။ မကွပ်မျက်ခင်မှာဆိုရင် ‘ဘုရားတပည့်တော်မသည် မိမိ၏ကာမပိုင်ဖြစ်သော လင်ယောကျ်ားမှတပါး မည်သည့်ယောကျ်ားနှင့်မျှ မကျူးလွန်ပါ။ ဤမှန်သော သစ္စာစကားကြောင့် တပည့်တော်၏အလောင်းသည် သဘာဝအတိုင်း ရေစုန်ကို မမျောဘဲ အထက်အညာသို့ ဆန်တက်မျောပါစေသား’ လို့ သစ္စာဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိဖုရားဟာ ရာဇဝတ်သင့် မင်းညီမင်းသားတွေကို ကွပ်မျက်တဲ့ထုံးစံအတိုင်း လည်မျိုကို တုတ်နဲ့ရိုက်ကာ ကွပ်မျက်ခံရပါတယ်။ မိဖုရားကွယ်လွန်ပြီးသွားချိန်မှာတော့ မိဖုရားရဲ့ကျန်ရစ်တဲ့အလောင်းကို သူ့ရဲ့ဆန္ဒအတိုင်း ဝါးဖောင်နဲ့ရေမျှောခဲ့ကြပေမဲ့ အလောင်းဟာ သူ မကွယ်လွန်ခင် ဆိုခဲ့တဲ့ သစ္စာစကားအတိုင်း အထက်ရေညာကိုဆန်တက်သွားခဲ့ပါတယ်။
ဒီနောက်မှာတော့ အလောင်းတော်ကို ရေထဲမှဆယ်ယူပြီး အဲဒီကမ်းစပ်အနီးမှာပဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ကြကာ အဆိုပါဂူကိုတော့ ယနေ့တိုင် မြင်တွေ့နိုင်တယ်လို့ဆိုကြပါတယ်။ မိဖုရားကို မြောက်ဦးနေပြည်တော်ကနေ သယ်ဆောင်လာခဲ့တဲ့ ဝေါယာဉ်တော် (ခေါ်) ထမ်းစင်ကိုတော့ မိဖုရားရဲ့ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်တဲ့ ကန်ဒိုင်းအတွင်းပြင်ရွာက ဘုန်းကြီးကျောင်းဟောင်းထဲမှာ ဒီနေ့အချိန်ထိ ထိန်းသိမ်း ထားကြ ဆဲဖြစ်ကာ မိဖုရား ငယ်စဉ်အပျိုပေါက်စအရွယ်က အသုံးပြုရေခပ်တဲ့ ရေအိုးကလေးတွေနဲ့ အလှူအတန်းမှာ အသုံးပြုတဲ့ အဆင်းတန်ဆာ တွေကိုတော့ မိဖုရားရဲ့ ဆွေမျိုးတွေက ထိန်းသိမ်းထားကြဆဲဖြစ်ပါတယ်။
ဇာတ်လမ်း Z-Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

YouTube ❤ https://www.youtube.com/@zlann_podcast

Podcast ❤ https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤ https://www.facebook.com/ZLann_Podcast

#ZLann #ZLann_Podcast #စောမဲကျီ

More Interesting Blogs from Zlann