“သဘာဝရဲ့အဖိုးတန်ရတနာ အမေဇုန်မိုးသစ်တော”

သက်ရှိလူသားတို့ အသက်ရှင်သန်နေထိုင်ရေးအတွက် အဓိကပံ့ပိုးပေးနေတာက သစ်ပင် နဲ့ သစ်တော တို့ ဖြစ်ပါတယ်။ လူသားမျိုးနွယ်စုတွေဟာ သတိမထားမိပါဘဲ မိမိတို့အသက်ရှင်သန်ရေးအတွက် သစ်တော၊ သစ်ပင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် နဲ့ တိရစ္ဆာန်တွေအပေါ်ကို မှီခိုနေကြရပါတယ်။
ဒါပေမဲ့ တစ်ခါတရံမှာတော့ ကျွန်တော်တို့မှီခိုနေတဲ့ အဲဒီအရာတွေအပေါ်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။အခုဆိုရင် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး နဲ့ အကြီးမားဆုံး အပူပိုင်း မိုးသစ်တော ကြီးဖြစ်တဲ့ အမေဇုန်မိုးသစ်တောကြီးဟာ တစ်နေ့ထက်တစ်နေ့ သစ်တောပြုန်းတီးခြင်း အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။
အမေဇုန်သစ်တောကြီးဟာ တောင်အမေရိကတိုက်ရဲ့ အမေဇုန်မြစ်ဝှမ်းအများစုကို လွှမ်းခြုံတည်ရှိပြီးတော့ ကမ္ဘာ့မိုးသစ်တောရဲ့ ကျန်ရှိတဲ့တစ်ဝက်ကို ကိုယ်စားပြုလို့နေပါတယ်။ ဒါ့အပြင် အမေဇုန်သစ်တောကြီးက နိုင်ငံပေါင်း ၉ နိုင်ငံ နဲ့ ထိစပ်နေပါတယ်။ အဲဒီနိုင်ငံတွေကတော့ ဘရာဇီးနိုင်ငံ နဲ့ ၆၀%၊ ပီရူးနိုင်ငံနဲ့ ၁၃%၊ ကိုလံဘီယာနိုင်ငံနဲ့ ၁၀%အပြင် ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလီးဗီးယား၊ ဂူရာနာ၊ ဆူရီနိမ်းနဲ့ ပြင်သစ် ဂွာရန်ဒါနိုင်ငံတို့က ရာခိုင်နှုန်း နည်းနည်းစီ ပါဝင်ထိစပ်နေကြပါတယ်။ အကျယ်အဝန်းအားဖြင့် ၇,၀၀၀,၀၀၀ စတုရန်းကီလိုမီတာ (၂,၇၀၀,၀၀၀ စတုရန်းမိုင်) နဲ့ ၅,၅၀၀,၀၀၀ စတုရန်းကီလိုမီတာ အသီးသီးရှိပါတယ်။ ကမ္ဘာ့ အောက်ဆီဂျင်လိုအပ်ချက်ရဲ့ ၂၀% ကျော်ကိုလည်း ဖြည့်ဆည်းပေးနေတဲ့ တစ်ခုတည်းသော အပူပိုင်းမိုးသစ်တောဖြစ်ပါတယ်။
ရှေးယခင်က စူးစမ်းလေ့လာသူတွေအနေနဲ့ အဲဒီမြစ်ဝှမ်းကို ရောက်ခဲ့မယ်ဆိုရင် မြစ်ဝှမ်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသား ဒေသခံတွေက အမျိုးမျိုးရန်မူတိုက်ခိုက်ကြပါတယ်။ ရန်မူတိုက်ခိုက်သူတွေအထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။ ဂရိဒဏ္ဍာရီပုံပြင်တွေထဲမှာ စစ်တိုက်ကောင်းလှတဲ့ သူရဲကောင်း အမျိုးသမီးတွေကို အမေဇုန်လို့ ခေါ်ကြသလို အမျိုးသမီးစစ်သည်ကောင်းတွေ ထွက်ပေါ်ရာ နေရာဖြစ်လို့ အဲဒီမြစ်ဝှမ်းကို အမေဇုန်မြစ်ဝှမ်းလို့ခေါ်တွင်ခဲ့ကြတာလို့လည်းဆိုပါတယ်။
အမေဇုန်သစ်တောကြီးဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲပေါင်း အများဆုံးတည်ရှိရာနေရာလည်းဖြစ်ပါတယ်။ အပင်မျိုးကွဲပေါင်း ၃၀၀၀၀ ကျော်၊ ငါးအမျိုးအစားပေါင်း ၂၅၀၀၊ နို့တိုက်သတ္တဝါပေါင်း ၅၀၀၊ တွားသွားသတ္တဝါ ၅၅၀၊ ငှက်မျိုးစိတ်ပေါင်း ၁၅၀၀ နဲ့ အင်းဆက်မျိုးစိတ်ပေါင်း ၂.၅ သန်းကျော် နေထိုင်ကျက်စားကြတယ်လို့ Amazon Cooperation Treaty Organisation (ACTO) က ထုတ်ပြန် ထားပါတယ်။ အမေဇုန်သစ်တောကြီးရဲ့ ၂.၁ သန်းကျော် စတုရန်းကီလိုမီတာကို ကာကွယ် စောင့်ရှောက်ရေးဇုန်အဖြစ် သတ်မှတ်ထားပါတယ်။ အမေဇုန်သစ်တောကြီးက သစ်တောအတွင်းမှာရှိတဲ့ မျိုးစိတ်တို့ရဲ့ ရှင်သန်နေထိုင်မှုကို အထောက်အပံ့ပေးနေရုံသာမက ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏအများဆုံးကိုလည်း စုပ်ယူပေးလျက်ရှိပါတယ်။
ဒါ့အပြင် အမေဇုန်သစ်တောကြီးကို ကွေ့ပတ်စီးဆင်းနေတဲ့ အမေဇုန်မြစ်ကြီးကလည်း ကမ္ဘာပေါ်မှာ ရေစီးဆင်းမှုပမာဏအကြီးမားဆုံး မြစ်တစ်စင်းလည်းဖြစ်ပါတယ်။ အမေဇုန်မြစ်ဟာ ၆၈၀၀ ကီလိုမီတာ (၄၂၀၀ မိုင်) ခန့်ရှည်လျားပြီး ဘရာဇီးနိုင်ငံ၊ ပီရူးနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံတို့ကို ဖြတ်သန်းစီးဆင်း လျက်ရှိ ပါတယ်။ အမေဇုန်မြစ်အတွင်း စီးဆင်းတဲ့ ရေလုံးထုထည်က အီဂျစ်နိုင်ငံမှ နိုင်းမြစ်၊ မြောက်အမေရိကတိုက်မှ မစ္စစ္စပီမြစ် ၊ တရုတ်နိုင်ငံမှ ယန်စီဖြစ် အစရှိတဲ့ မြစ်ကြီးသုံးသွယ်ရဲ့ စုပေါင်းရေလုံးထုထည်ထက် ပိုမိုကြီးမားနေပါတယ်။
အမေဇုန်မြစ်ဆိုတာ မာရာနွန်မြစ်နဲ့အူးကာယားလီမြစ်တို့ ပေါင်းဆုံရာမှ စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီလိုပေါင်းဆုံပြီးတဲ့နောက် ဘရာဇီးနိုင်ငံမြောက်ပိုင်း အပူပိုင်းသစ်တောကိုဖြတ်သန်းပြီး အရှေ့ဘက်ကို ဆက်လက်စီးဆင်းပါတယ်။ အမေဇုန်မြစ်ဝကျွန်းပေါ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ မားရဇိုးကျွန်း ရဲ့မြောက်ဘက်မှ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းစီးဝင်ပါတယ်။
အမေဇုန်မြစ်ကြီးဟာ မြေနိမ့်မြေပြန့်တစ်လျှောက် ဖြတ်သန်းစီးဆင်းရတဲ့အတွက် ရေစီးနှုန်းနှေးကွေးပြီး အချို့နေရာတွေမှာ ရေစီးဆင်းနေတယ်မထင်ရဘဲ ကြီးမားကျယ်ပြန့်တဲ့ ရေအိုင်ကြီး တစ်ခုလို့ ထင်မှတ် ရလောက်အောင် ရေစီးဆင်းမှုနှေးကွေးလှပါတယ်။
အမေဇုန်သစ်တောကို အမှီပြုပြီးနေထိုင်တဲ့ လူမျိုးစုတွေဟာ နှစ်ပေါင်း ၁၁၀၀၀ ကျော် နေထိုင်လာခဲ့ကြတာဖြစ်ပြီး လူဦးရေ ၃သန်းနီးပါးကတော့ မျိုးနွယ်စု ၄၂၀ ရှိတဲ့ အင်ဒီးယန်းလူမျိုးတွေဖြစ်ကြတယ်။
အမေဇုန် မိုးသစ်တောကြီးဟာ လက်ရှိအချိန်မှာတော့ သစ်တောပြုန်းတီးမှုအန္တရာယ်ကို ရင်ဆိုင်နေရရှာပါတယ်။ သစ်တောပြုန်းရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်း၊ တောမီး လောင်ခြင်း၊ ကျွဲနွား တိရစ္ဆာန်မွေးမြူရေးခြံများ၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် သစ်ပင်များခုတ်ထွင် ရှင်းလင်းခံရခြင်း နဲ့ တရားမဝင်ဓာတ်သတ္တုတူးဖော်ခြင်းစတဲ့ အချက်တွေကြောင့် ဖြစ်တယ်။
ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့်ကြည့် လေ့လာရေးအဖွဲ့( Global forest watch) ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနစ်အတွင်း ကမ္ဘာပေါ်ရှိ အပူပိုင်းမိုးသစ်တော ဧရိယာစုစုပေါင်း စတုရန်းကီလိုမီတာ ၃၇၅၀၀ ခန့် ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုကြတယ်။အဲဒီလိုဖျက်ဆီးခံရမှုတွေထဲမှာ ဘရာဇီးနိုင်ငံရှိ မိုးသစ်တောဧရိယာကတော့ ဟက်တာ ၁.၅သန်း(ဧက ၃.၇ သန်း)ကျော် ပြုန်းတီးခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့မိုးသစ်တော ပြုန်းတီးမှု ဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း အမြင့်ဆုံးစံချိန်တင်တောပြုန်းမှု လည်းဖြစ်ပါတယ်။ အဲဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် တစ်မိနစ်ကို ဘောလုံးကွင်း ဆယ်ကွင်းစာ ပမာဏရှိတဲ့ မိုးသစ်တောတွေဆုံးရှုံးနေတယ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားခေါ်ဝေါ်ရတဲ့ အမေဇုန်မိုးသစ်တောကြီး ဆိတ်သုဉ်းသွားမယ်ဆိုရင် လူသားမျိုးနွယ်စုတို့အတွက် သန့်စင်တဲ့အောက်ဆီဂျင်ရဖို့ အလွန်ခဲယဉ်းလာပါလိမ့်မယ်။ သစ်တောကြီးကို မှီတည်နေတဲ့ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေနဲ့အတူ ဆေးဖက်ဝင် ရှားပါးအပင်မျိုးစိတ်တွေလည်း ပျောက်ကွယ်သွားကြပါလိမ့်မယ်။ လူသားအကျိုးပြု သဘာဝလက်ဆောင်တွေကို လူသားတွေကိုယ်တိုင်ကပဲ ဖျက်ဆီးနေကြတဲ့ အရေးက အလွန်စိုးရိမ်ဖွယ်ပါ။
“ဥတုရာသီ တောကိုမှီ၏” ဆိုသလို ရာသီဥတုနဲ့သဘာဝဘေးအန္တရာယ်တွေကလည်း နည်းသထက် နည်းလာစေဖို့ သစ်ပင်သစ်တောတွေကို ထိန်းသိမ်းကာကွယ်သင့်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတော်တော် များများကလည်း အမေဇုန်မိုးသစ်တောကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီး ဖြေရှင်းနေကြပြီဖြစ်ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube 🎦 : https://www.youtube.com/@zlann_podcast
Podcast 🎧 : https://podcasters.spotify.com/pod/show/z-lann
Facebook Group 📳 : https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #amazonrainforest

More Interesting Blogs from Zlann