သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများတည်ရှိရာ ပန်းဆိုးတန်းလမ်းမကြီး
————————-
အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့က မွန်တို့တည်ခဲ့တဲ့ ဒဂုံမြို့ကို အနည်းငယ်သာ ပြုပြင်ခဲ့ခြင်း ဖြစ်ပါတယ်။မြို့ကွက်သေးပေမဲ့ အချိုးအစားကျပြီး တိုးချဲ့မယ်ဆိုရင်တော့ ကုန်းမြေဘက်အပိုင်းကို ရပ်ကွက် အလိုက် တိုးချဲ့သွားရုံသာ ဖြစ်ပါတယ်။
အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်တဲ့အခါ ရန်ကုန်မြို့ဟာ ပြာပုံအတိဖြစ်ခဲ့ပါတယ်။အင်္ဂလိပ်တို့ ရန်ကုန်မြို့ကို သိမ်းပိုက် ပြီးတဲ့အခါ ရန်ကုန်မြို့သစ်ပုံစံကို ရေးဆွဲပါတယ်။လမ်းတွေရဲ့ အကျယ်ကို ပေ ၆၀ သတ်မှတ် ပါတယ်။ လမ်းတစ်ခုနဲ့ တစ်ခုကြား အကွာအဝေးကို ပေ ၂၀၀ သတ်မှတ်ပါတယ်။လမ်းတွေကို မြောက်ဘက်မှ တောင်ဘက်ကို ဖောက်လုပ်ထားသလို အရှေ့မှ အနောက် သွယ်တန်းထားတဲ့ လမ်းမကြီးတွေလည်း ဖောက်လုပ်ပါတယ်။
ဒီလိုရေးဆွဲရာမှာတော့ လက်ရှိအချိန်မှာ ပန်းဆိုတန်းလမ်းလို့ ခေါ်တွင်တဲ့ ဖယ်ယာလမ်း(phayre street)လမ်း ပါဝင်ပါတယ်။ပန်းဆိုးတန်းလမ်းကို ရှေးယခင်က အောက်မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာကို အစွဲပြုပြီး ဖယ်ယာလမ်းလို့ စတင် မှည့်ခေါ်ခဲ့ပါတယ်။
ဖယ်ယာလမ်းဟာ ဘိုးတော်ဘုရားလက်ထက်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့ပြီး ရွာသူ၊ ရွာသားတွေဟာ ခဝါသည်၊ ဆေးဆိုးလုပ်ငန်း လုပ်ကိုင် အသက်မွေးကြတဲ့အတွက် ပန်းဆိုးတန်းလမ်းလို့ ခေါ်ခဲ့ကြတာပါ။ ဒီလမ်းဟာ ပန်းဆိုးတန်းမဟုတ်ဘဲ ပုဆိုးတန်းသာဖြစ်တယ်လို့ ဆိုသူတွေလည်းရှိပါတယ်။ ရွှေတိဂုံဘုရားမှာ ရေးထိုး မှတ်တမ်းတင် ထားတာတွေထဲမှာ ပုဆိုးတန်းအရပ်ဆိုတာ တစ်ကယ်ပဲ ရှိခဲ့ပါတယ်။
၁၈၅၉ ခုနှစ်မှာ ဖယ်ယာလမ်းအနီးမှာ ရှိတဲ့ သစ်သားတံတားတစ်ခု မီးလောင်တဲ့အတွက် ဖယ်ယာလမ်းနဲ့ ပိုမို နီးကပ်တဲ့ နေရာမှာ ဆိပ်ခံတံတားအသစ်ဆောက်လုပ်ဖို့ နေရာရွေးချယ်ခဲ့ပါတယ်။
ဖယ်ယာလမ်း(phayre street) လို့ ရှေးယခင်က ခေါ်ဆိုခဲ့တဲ့ ပန်းဆိုးတန်းလမ်းမှာ ထင်ရှားတဲ့ သမိုင်းဝင် အဆောက်အအုံ အများအပြား တည်ရှိလို့နေပါတယ်။
လမ်းရဲ့ အပေါ်ဘလောက်မှာ ပြဇာတ်ရုံတွေ တည်ရှိခဲ့ပါတယ်။မြန်မာ့သမိုင်းမှာ မွန်သူဌေးကြီး ဦးနာအောက်နဲ့ အပြိုင် သင်္ဘောပြေးဆွဲခဲ့တဲ့ ဧရာဝတီသင်္ဘောကုမ္ပဏီ ရုံးချုပ်ဟာ ပန်းဆိုးတန်းလမ်းမှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဧရာဝတီသင်္ဘောကုမ္ပဏီကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဗြိတိသျှတပ်သားတွေကို ပို့ဆောင်ဖို့အတွက် မီးသင်္ဘောလေးစီးနဲ့ ၁၈၆၅ မှာစတင်တည်ထောင်ပါတယ်။ကုမ္ပဏီကို စကော့တလန်မှာ မှတ်ပုံတင်ခဲ့ပြီး ရုံးချုပ်ကို ရန်ကုန်မြို့ ဖယ်ယာလမ်း (ယခု ပန်းဆိုးတန်းလမ်း)မှာထားရှိပါတယ်။ အဆောက်အအုံ ဗိသုကာပညာရှင်က AG Bray ဖြစ်ပြီး ၁၉၃၁ ခုနှစ်မှာပြီးစီးခဲ့ကာ ဧရာဝတီသင်္ဘောကုမ္ပဏီရုံးချုပ် အဖြစ် ဖွင့်လှစ်ပါတယ်။
ကုမ္ပဏီကြီး အောင်မြင်လာချိန်မှာ မူလနှစ်ထပ်တိုက်ကို ဖြိုချပြီး လက်ရှိ မြင်တွေ့နေရတဲ့ ငါးထပ်အဆောက်အအုံ ကို တည်ဆောက်ပါတယ်။ လွတ်လပ်ရေး ရပြီးစ ၁၉၄၈ခု၊ ဇွန်လမှာ ကုမ္ပဏီကို နိုင်ငံပိုင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းပါတယ်။ပန်းဆိုးတန်းလမ်းပေါ်မှာ လက်ရှိ မြင်တွေ့နေရတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနဟာ မွန်သူဌေးကြီး ဦးနာအောက်နဲ့အပြိုင် သင်္ဘောပြေးဆွဲခဲ့တဲ့ ဧရာဝတီ ရုံးချုပ်နေရာဖြစ်ပါတယ်။
ပန်းဆိုးတန်းလမ်းနဲ့ကမ်းနားလမ်းထောင့်မှာရှိတဲ့ ဆိပ်ကမ်းအာဏာပိုင်ရုံးဟာ မူလ ရှိပြီးသား ဆိပ်ကမ်း အာဏာပိုင်ရုံး အဆောက်အအုံနေရာမှာ ၁၉၂၈ခုနှစ်က အသစ် အစားထိုး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အဆောက်အအုံရှိ ထောင့်မျှော်စင်နဲ့ မျက်နှာစာမှ ကျောက်ဆူးပုံ၊ ရွက်လှေပုံတွေကြောင့် အခြားသော အဆောက်အအုံတွေနဲ့ ကွဲပြားလျက်ရှိပါတယ်။ မူလကတည်းက ဆိပ်ကမ်းအာဏာပိုင်ရုံး အဖြစ် အသုံးပြုဖို့ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဆိပ်ကမ်းအာဏာပိုင်ရုံးအဖြစ် ဆက်လက် အသုံးပြုနေပါတယ်။
ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်ရှိ ဗဟိုကြေးနန်းရုံးဟာ ၁၉၁၃ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၁၇ခုနှစ်မှာ ပြီးစီးပါတယ်။ ကိုလိုနီခေတ်တုန်းက သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ အထူးအရေး ပါခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ အဆောက်အအုံကို အသုံးပြုလျက်ရှိပြီး အောက်ထပ်မှာ အရင်က ကြေးနန်းစက်တွေကိုလည်း လေ့လာနိုင်ပါတယ်။
ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာ ရှိတဲ့ အခွန်ဦးစီးဌာနမှူးရုံးကို ၁၉၀၅ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ Watson & Sons Ltd ရဲ့ ကုန်တိုက်အဖြစ် အသုံးပြုဖို့ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံရဲ့ မူလနာမည်က ဝဇီရာ House ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကုန်တိုက်ကို ပိတ်ထားရပြီး စစ်အပြီးမှာ ကုမ္ပဏီလည်း ဖျက်သိမ်းသွားပါတယ်။ လွတ်လပ်ရေး ရပြီးနောက်မှာ စိန်ဘရားသားကုန်တိုက်အဖြစ် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံပိုင်ပြုလုပ်ခြင်းအက်ဥပဒေအရ ပြည်သူပိုင်ပြုလုပ်လိုက်တဲ့အခါ အခွန်ဦးစီးဌာနမှူးရုံးဖြစ်လာပြီး လက်ရှိ အချိန်အထိ အသုံးပြုလျက် ရှိပါတယ်။
လောကနတ်အဆောက်အအုံဟာ ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ တည်ရှိပါတယ်။ ၁၉၀၆ခုနှစ်မှာ ဂျူးလူမျိုးကုန်သည် ဆိုဖဲရ်မိသားစုမှ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်မှာ လောကနတ်ပြခန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး အဲဒီပြခန်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ခေတ်ပြိုင် အနုပညာပြခန်းလို့ မှတ်သားရပါတယ်။
တစ်ချိန်က ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက်နဲ့ ခဲယမ်း မီးကျောက်တွေ ရောင်းတဲ့ဆိုင် အနည်းဆုံး နှစ်ဆိုင် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။အဲဒီဆိုင်တွေကတော့ အမှတ် ၁၄၆၊ ဖယ်ယာလမ်း က Messrs Burma Arms and Ammunition ဆိုင်နဲ့ အမှတ် ၁၂၈၊ ဖယ်ယာလမ်းက YE. Modan Bros Ltd (ဝိုင်အီး မိုဒန်း ဘရားသား ဆိုင်) တို့ ဖြစ် ပါတယ်။
လက်နက်ဆိုင်တွေမှာ ပစ္စတို၊ခြောက်လုံးပြူး၊ ရိုင်ဖယ်၊ ပြောင်းချောသေနတ်၊လေသေနတ်နဲ့ ကျည်မျိုးစုံ အစရှိတဲ့ လက်နက်ခဲယမ်းမျိုးစုံကိုရောင်းချပေးပါတယ်။အဓိက ဝယ်ယူမှုက အမဲလိုက်ဖို့အတွက်ဖြစ်ပါတယ်။
YE. Modan Bros လက်နက်တိုက်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အချိန်ကာလအထိ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဈေးကွက်ကျဆင်းပြီး လက်နက် ပိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာ ကြောင့် ပိတ်လိုက်ရပါတယ်။ ၁၉၅၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေက လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ ပိုင်ဆိုင်မှုကို တားမြစ်ခဲ့ပြီး နိုင်ငံအတွင်း ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ခြင်းကို အဆုံးသတ် စေခဲ့သလို လက်နက်ရောင်းချတဲ့ ဆိုင်တွေလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။
ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ Shwe Bank (ရွှေဘဏ်) အဆောက်အအုံ က တစ်ချိန်က ROWE ရိုးကုန်တိုက်နဲ့ခေတ်ပြိုင် ဝှိုက်တဝေးအင်လိတ်လောဆိုတဲ့ ကုန်တိုက်ကြီးဖြစ်ပါတယ်။ ရန်ကုန်နဲ့မြန်မာပြည် အနှံ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရောင်စုံပို့စ်ကဒ်တွေအဖြစ် ထုတ်ဝေဖြန့်ဖြူး ရောင်းချ ပါတယ်။ နိုင်ငံပိုင်ပြုလုပ်ခြင်းအက်ဥပဒေအရ ပြည်သူပိုင်ပြုလုပ်တဲ့အခါမှာတော့ ကုန်သွယ်လယ်ယာရုံးဖြစ်လာပြီး အဲဒီရုံးကြီးမီးလောင်သွားတဲ့အခါ အဆောက်အအုံအဟောင်းကို ဖြိုချပြီး အသစ်တည်ဆောက်လိုက် ခြင်းဖြစ် ပါတယ်။
ပန်းဆိုးတန်းလမ်းကြီးပေါ်မှာတော့ အခြားသော သမိုင်းဝင်အဆောက်အအုံများစွာလည်း တည်ရှိလို့ နေပါတယ်။ ကိုလိုနီခေတ် သမိုင်းပုံရိပ်တွေကို နေရာတိုင်းလိုလိုမှာ တွေ့မြင်ရဆဲ ဖြစ်တဲ့ ပန်းဆိုးတန်းလမ်းမကြီး ကတော့ သူ့ရဲ့ တစ်ချိန်က အမှတ်တရတွေကို ထမ်းပိုးရင်း ဆက်လက် ရှင်သန်လျက်ရှိဆဲဖြစ်ပါတယ်။
==================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလိုတခြား platform တွေကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အားလုံးရဲ့ နားလည်ပေးမှုနဲ့ ဆက်လက်အားပေးမှုများအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
#Zlann_Podcast #ဇာတ်လမ်း #ပန်းဆိုးတန်း #သမိုင်းဝင်အဆောက်အအုံ #ရန်ကုန်မြို့ဟောင်း #ကိုလိုနီခေတ်အမွေအနှစ် #ရန်ကုန်အမွေအနှစ် #ဗိသုကာ