သာမန်အရပ်သူဘ၀မှ အနောက်နန်းမိဖုရားကြီးဖြစ်လာခဲ့သူ မမြလေး

“ချစ်သမျှကို မြင့်မိုရ် ရွှေတောင်လုံး သာပလေး။ လေးဆူဒီပါ သီတာ ရေမြေ ဆုံးစေတော့လေး” အစချီတဲ့ ‘ချစ်သမျှကို’ သစ္စာတိုင်ပတ်ပျိုးကိုတော့ မြန်မာတေးဂီတနဲ့ နားယဉ်သူတိုင်း ရင်းနှီးကြမှာပါ။ ဒီပတ်ပျိုးကို ကုန်းဘောင်ခေတ်ရဲ့ နာမည်ကြီးအမျိုးသမီးစာဆိုရှင် တစ်ဦးဖြစ်သူ မမြလေးက ရေးသားခဲ့တာဖြစ်ပါတယ်။ မမြလေးဆိုတာ သာယာ၀တီမင်းရဲ့ အနောက်နန်းမိဖုရားကြီးဖြစ်ပါတယ်။မမြလေးဟာ သာယာ၀တီမင်းရဲ့ မိဖုရားများစွာထဲမှာ ရုပ်ရည်အချောမောဆုံးဖြစ်တာနဲ့အညီ လင်တော်မောင် ရေမြေ့ရှင်သခင်ရဲ့ အမြတ်နိုးဆုံး မိဖုရားကြီး ဖြစ်ခဲ့ပေမဲ့လည်း ရှုပ်ထွေးလှတဲ့နန်းတွင်းရေး အရှုပ်တော်ပုံကိစ္စတွေကြောင့် သူမရဲ့ဘ၀ အဆုံးသတ် ပုံကတော့ မလှပခဲ့ရှာပါဘူး။ ဒါကြောင့်လည်း သူမရဲ့ ဘ၀ဇာတ်ကြောင်းကို ပြဇာတ်တွေ၊ ဇာတ်ထုပ်တွေအဖြစ် ပြောင်းလဲရေးသားကြတာကိုတွေ့ရပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားစရာ ကောင်းလှတဲ့ အနောက်နန်းမိဖုရားကြီး မမြလေးရဲ့ အကြောင်းကို ကျွန်တော်တို့ ဇာတ်လမ်း Z-Lann ရဲ့ “သိပြီးပြီလား” ကဏ္ဍကနေ ရှာဖွေတင်ဆက် ဖော်ပြပေးလိုက်ပါတယ်။

ငယ်နာမည် ‘မြကြုတ်’ လို့အမည်တွင်တဲ့ မမြလေးကို သက္ကရာဇ် ၁၁၇၁ ခု၊သီတင်းကျွတ်လပြည့်ကျော် ၂ ရက် မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက သာမန်အရပ်သားတစ်ယောက်ဖြစ်တဲ့ မင်းပျံချီဘွဲ့ခံ မောင်ဦး ဖြစ်ပြီး မိခင်က မယ်အိ ဖြစ်တာကြောင့် မမြလေးဟာ တော်ဝင်နန်းသွေးမဟုတ်တဲ့ သာမန်အရပ်သူ တစ်ယောက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မမြလေး မွေးဖွားကြီးပြင်းရာ ဇာတိချက်ကြွေကတော့ ထီးရိပ်နန်းရိပ်နဲ့ အလှမ်းဝေးလွန်းလှတဲ့ ဟင်္သာတမြို့ဖြစ်ပေမဲ့လည်း မိဖုရားတစ်ပါးရဲ့ ဘုန်းကံအရှိန်အဝါနဲ့မွေးဖွားလာသူ ဖြစ်တာကြောင့် အချိန်တန် အရွယ်ရောက်လာတဲ့အခါမှာ သာယာ၀တီမင်းသားရဲ့ တော်ကောက်ခြင်းကို ခံယူခဲ့ရပါတယ်။အဲဒီအချိန်တုန်းက သာယာ၀တီမင်းသားဟာ အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲအပြီး ချုပ်ဆိုတဲ့ ရန္တပိုစာချုပ် ချုပ်ဆိုပွဲအပြီး ဓနုဖြူမြို့ဆီ ချီတက်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ ဟင်္သာတမြို့ကိုရောက်ချိန်မှာတော့ ရုပ်ရည်အသွင်အပြင်ချောမောလှပတဲ့သူအဖြစ် သတင်းကျော်ဇောတဲ့ ‘မမြလေး’ ရဲ့ အကြောင်းကိုကြားသိပြီး မြို့သူကြီးထံကနေ တစ်ဆင့် ကိုယ်လုပ်တော်အဖြစ် ခေါ်ယူသိမ်းပိုက် ခဲ့ပါတော့တယ်။

တော်ကောက်ခံရချိန်မှာ မမြလေးရဲ့ အသက်က ၁၇ နှစ်အရွယ်သာရှိသေးပြီး လင်တော်မောင် သာယာ၀တီ မင်းသား ကတော့ လွှတ်တော်တက်ရောက်ခွင့်ရတဲ့ မင်းသားကြီးတစ်ပါးအဖြစ် တန်ခိုးထွားနေချိန်ဖြစ်ပါတယ်။ မမြလေးဟာ ငယ်စဉ်အရွယ်ကတည်းက ဂီတပညာကို ဝါသနာထုံသူဖြစ်တာကြောင့် မင်းသားကြီးရဲ့ ကိုယ်လုပ်တော် အဖြစ် နေထိုင်စဉ်အချိန်တွင်းမှာလည်း ဂီတပညာကိုသာ စိတ်နှစ်ပြီးလေ့လာလိုက်စားခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီအချိန်တုန်းက နန်းတော်အတွင်းမှ အခြားဂီတဝါသနာရှင်တွေဖြစ်ကြတဲ့ မြ၀တီမင်းကြီးဦးစ၊ သာယာ၀တီမင်းရဲ့ အကြီးဆုံးသားတော် ပြည်မင်းသားကြီးတို့နဲ့ ခင်မင်ရင်းနှီးမှုရှိခဲ့ ပါတယ်။

သာယာ၀တီမင်းနဲ့ မမြလေးတို့မှာ သားသမီးလေးဦးထွန်းကားခဲ့ပေမဲ့လည်း သားတော်သုံးပါးကတော့ ငယ်စဉ် အချိန်ကတည်းက ကွယ်လွန်အနိစ္စရောက်သွားခဲ့တာကြောင့် သမီးတော်တစ်ပါးသာ အဖတ်တင်ကျန်ရစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီသမီးတော်ကတော့ နောင်တစ်ချိန်မှာ မိခင်ရဲ့ခြေရာကို အမီလိုက်နင်းနိုင်တဲ့ အမျိုးသမီး စာဆိုရှင် ‘လှိုင်တင်ခေါင်တင်’ အဖြစ်ထင်ရှားကျော်ကြားလာမဲ့ “မဖွားကြီး” ဖြစ်ပါတယ်။ မဖွားကြီး (ခေါ်) လှိုင်ထိပ်ခေါင်တင်ကို မယ်တော် မမြလေးက သက္ကရာဇ် ၁၁၉၅ ခုမှာ မွေးဖွားခဲ့တာဖြစ်ပြီး အဲဒီအချိန် တုန်းဆိုရင် မမြလေးရဲ့ အသက်ဟာ ၂၄ နှစ်အရွယ်ပဲရှိသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ လှိုင်ထိပ်ခေါင်တင်ဟာ မွေးချင်းအစ်ကိုနဲ့ မောင်ငယ်တွေ ကွယ်လွန်သွားပြီးချိန်မှာတော့ မိဘနှစ်ပါးရဲ့ အသည်းစွဲအချစ်တော် တစ်ဦးတည်းသောသမီးအဖြစ် နေထိုင်ကြီးပြင်းခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်မှာတော့ သာယာ၀တီမင်းသားက ထီးနန်းကို နောင်တော် ‘စစ်ကိုင်းမင်း’ ထံကနေ လွှဲပြောင်း ရယူခဲ့ပါတယ်။ ဒီအခါမှာတော့ ဇနီးသည် မမြလေးကိုလည်း “သီရိမဟာသုရတနာစန္ဒာဒေဝီ” ဘွဲ့နဲ့ အနောက်နန်းမိဖုရားကြီး အဖြစ် ချီးမြှင့်မြှောက်စားခဲ့သလို မွေးရပ်ဇာတိမြေဖြစ်တဲ့ ဟင်္သာတမြို့ကိုလည်း အပိုင်စားပေးသနားခဲ့ပါတယ်။

အနောက်နန်းမိဖုရားကြီးဖြစ်လာချိန်မှာတော့ မမြလေးရဲ့ အသက်ဟာ ၂၈ နှစ် အရွယ်သာရှိပါသေးတယ်။ အသက် ၁၇ နှစ်အရွယ် မမြလေးကို ကိုယ်လုပ်တော်အဖြစ် ကောက်ယူတဲ့အချိန်မှာ သာယာ၀တီမင်းရဲ့ အသက်က ၄၀ အရွယ် ပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး ရှင်ဘုရင်အဖြစ် နန်းတက်ချိန်မှာတော့ အသက် ၅၀ ကျော်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မမြလေးနဲ့ လင်တောင်မောင် သာယာ၀တီမင်းတို့ရဲ့ အသက်ကွာဟမှုက ထက်ဝက်ကျော် မျှရှိပြီး မမြလေးရဲ့ အသက်အရွယ်ဟာဆိုရင် သာယာ၀တီမင်းရဲ့ သားတော်အကြီးဆုံးဖြစ်သူ ပြည်မင်းသားနဲ့မှ မတိမ်းမယိမ်းဖြစ်ပါတယ်။
သာယာ၀တီမင်းဟာ သူ့ရဲ့ သားတော်အကြီးဆုံးဖြစ်တဲ့ ပြည်မင်းသားကို အလွန်ချစ်မြတ်နိုးတာကြောင့် ငယ်စဉ် ကတည်းက “အစ်ကိုကြီး” လို့ ချစ်စနိုးခေါ်ဝေါ်တော်မူခဲ့ပါတယ်။ဒါ့အပြင် ရန်ကုန် ကို စုန်တော် မူခဲ့ရာမှာ ပြည်မင်းသားကို ရေတပ်ရဲ့ ရှေ့တပ်ဦးစီးဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တော်မူခဲ့ပါတယ်။ ပြည်မင်းသားဟာ တော်ဝင်မင်းသားတို့ တတ်မြောက်သင့်တဲ့ လက်ရုံးရည်နဲ့ နှလုံးရည်မှာ ပြည့်၀မှုရှိသလို ကဗျာ၊ ဂီတပိုင်းမှာလည်း ဝါသနာထုံတဲ့ မင်းသားကြီးတစ်ပါး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အထက်မှာဖော်ပြထားခဲ့သလိုမျိုး အနုပညာဂီတ ကို ခံစားတတ်သူတွေဖြစ်တဲ့ မြ၀တီမင်းကြီးဦးစနဲ့ မိထွေးတော် အနောက်နန်းမိဖုရားကြီး မမြလေးတို့အပါအဝင် ပြင်စည်မင်းသားကြီးနဲ့ပါ ညှိနှိုင်းဆွေးနွေးမှုရှိသူဖြစ်ပါတယ်။

ဒါပေမဲ့ မမြလေးဆိုတာက အသက်အရွယ်ချင်း တူညီပေမဲ့လည်း ခမည်းတော် သာယာ၀တီမင်းကြီးရဲ့ နန်းရမိဖုရားကြီးတစ်ပါး ဖြစ်တာကြောင့် အရပ်သူ၊ အရပ်သားတွေလို ဖော်ရွေစွာဆက်ဆံလို့မရဘဲ လေးစားမှုအပြည့်နဲ့ ပြောဆိုခဲ့ရပါတယ်။ ဒါတင်မက မိဖုရားတွေနဲ့ မောင်းမမိဿံတွေနေထိုင်ကြတဲ့ အနောက်ဆောင်ကိုအုပ်ချုပ်ကြတဲ့ မိန်းမစိုးတွေ၊ အစောင့်အရှောက်တွေက လွန်စွာမှ စည်းကမ်းတင်းကြပ်လွန်းတာကြောင့် ခင်ခင်မင်မင်ပြောဆိုဆက်သွယ်ဖို့က အတိုင်းအတာတစ်ခုအထိ ခက်ခဲခဲ့ပါတယ်။

ဒါကြောင့် စာပေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်တဲ့အခါမှာ လိုသလောက်ခရီး မရောက်ခဲ့ ပါဘူး။ပြည်မင်းသားက မမြလေးထံ ပေးပို့တဲ့ စာထဲမှာ “မြလေးမေ ရေးသော သီချင်းသစ်များကို မောင်မောင် ဖတ်ရှုလို၍ ကိုယ်လုပ်တော် ရှင်မွှေးတွင်ပုရပိုက် ကလေး ခေတ္တငှားတော်မူလိုက်စေလိုသည်” လို့သာ ကိုယ်လုပ်တော် ရှင်မွှေးကို စေလွှတ်ပြီး ရေးသားဆက်သွယ်ခဲ့ရပါတယ်။ တစ်ဦးနဲ့ တစ်ဦးခေါ်ဝေါ်မှုပုံစံကို လေ့လာကြည့်ရင်တော့ မမြလေးကခင်ပွန်းသည် သာယာ၀တီမင်းရဲ့ သားတော်ကြီးဖြစ်သူ ပြည်မင်းသားကို လေးစားသမှုအပြည့်နဲ့ “ပြည်ကိုယ်တော်”၊ “မောင်မောင်” လို့ခေါ်ဝေါ်သုံးနှုန်းခဲ့တာကို တွေ့နိုင်ပါတယ်။ အလားတူ ပြည်မင်းသားကလည်း မမြလေးကို မိထွေး အမေလေးနေရာမှာထားပြီး “မြလေးမေ” လို့ဆိုကာ “မေ” တစ်လုံးထည့်ပြီး အလေးထား ခေါ်ဝေါ်ခဲ့ပါတယ်။

သာယာ၀တီမင်းဟာ စစ်သွေးစစ်မာန်တက်ကြွသူပီပီ အဲဒီအချိန်တုန်းက ရခိုင်နဲ့ တနင်္သာရီကို သိမ်းပိုက်ထားတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ကို အင်အားပြလိုတဲ့ရည်ရွယ်ချက်နဲ့ ရန်ကုန်ကို ရေတပ်နဲ့ စုန်ဆင်းလာခဲ့ပါတယ်။ ဒီလိုစုန်ဆင်းရာမှာ သားတော်ပြည်မင်းသားကို အိမ်ရှေ့မင်းတို့စီးနင်းတဲ့ ဥဒေါင်းငှက်ရုပ်ဖောင်တော်ကိုစီးစေပြီး ရေတပ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ကွပ်ကွဲစေကာ နောက်ဆုံးမှာတော့ သားတော်အငယ်ဖြစ်တဲ့ ပခန်းမင်းသားကို ချီတက်စေပါတယ်။ ခမည်းတော်ဖြစ်တဲ့ သာယာ၀တီမင်းကိုယ်တိုင်ကတော့ အလယ်ကနေလိုက်ပါချီတက်ခဲ့ပြီး အဲဒီလိုချီတက်ရာမှာတော့ ကျပင်းမိဖုရားခေါင်ကြီးနဲ့ အနောက်နန်းမိဖုရားကြီး မမြလေးတို့ကိုလည်း တစ်ပါတည်း ဆိုသလို ခေါ်ဆောင်လာခဲ့ပါတယ်။ ရန်ကုန်ကိုရောက်ချိန်မှာတော့ မမြလေးက ရွှေတိဂုံဘုရားရဲ့ အနောက်ဘက် မုဒ်စောင်းတန်းအတွက် သစ်လုံးတွေနဲ့ လက်ခတွေကိုလှူဒါန်းခဲ့ပါတယ်။သာယာ၀တီမင်းဟာ ရန်ကုန်မှာ ရောက်တုန်းရောက်ခိုက် အချိန်ကြာကြာနေထိုင်ချင်ပေမဲ့လည်း ကြင်ယာတော် မမြလေးက နေပြည်တော်နဲ့ ဝေးကွာပြီး အချိန်အကြာကြီးမနေလိုကြောင်း လျှောက်ထားခဲ့တာကြောင့် နေပြည်တော်ဆီ ပြန်လာခဲ့ကြပါတယ်။

အဲဒီအပြန်ခရီးကတော့ မမြလေးရဲ့ဘ၀ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမဲ့ဖြစ်ရပ်တို့ရဲ့ အစလို့တောင်ပြောရမှာပါ။ ခရီးတစ်ထောက် ညအိပ်နားဖို့အတွက် မကွေးမြို့ အနောက်ဘက်ရှိ ရွာသာယာကိုရောက်ချိန်မှာတော့ ရေတပ် ဦးစီးချုပ်အဖြစ် ခန့်အပ်ခံထားရတဲ့ ပြည်မင်းသားဟာ ခမည်းတော်ဘုရားကို ခွင့်မပန်ဘဲ ရွှေစက်တော်ဆီကို ညတွင်းချင်း မြင်းနဲ့ အရောက်သွားကာ ဖူးမျှော်ခဲ့ပါတယ်။ ဒီလိုဖူးမျှော်ပြီးနောက် မနက်အာရုဏ်မတက်ခင် အချိန်မှာ ပြန်လာခဲ့ပေမဲ့လည်း ကျပင်းမိဖုရားခေါင်ကြီးကတော့ ခင်ပွန်းသည် သာယာ၀တီမင်းထံမှာ “ပြည်မင်းသားသည် နန်းလုလို၍ ရွှေစက်တော်တွင် အချိန်းအချက်သွားလုပ်ခြင်းပါ” လို့ဆိုတဲ့ ကုန်းချောစကားကို နားသွင်းပြီးဖြစ်ပါတယ်။ ကျပင်းမိဖုရားခေါင်ကြီးဟာ ပြည်မင်းသားကို မိမိရဲ့ သားဖြစ်သူ ပုဂံမင်းသားရဲ့ နန်းလုဘက် အဖြစ်သဘောထားတာကြောင့် အခုလိုကုန်းချောခဲ့တာဖြစ်ပြီး အဆိုပါကုန်းချောမှုကလည်း အောင်မြင်တယ်လို့ ဆိုရမှာပါ။ အကြောင်းကတော့ နေပြည်တော်ကိုရောက်ရှိတာနဲ့ ပြည်မင်းသားဟာ အိမ်ရှေ့မင်းသားအဖြစ် လျာထားခံရခြင်းမှ ပျက်ပြယ်သွားရုံသာမကဘဲ လွှတ်တော်တက်ရောက်ခွင့်ရတဲ့ မင်းသားကြီးအဆင့်ကနေ နေအိမ်အကျယ်ချုပ် ချမှတ်ခံလိုက်ရတာကြောင့်ပါပဲ။

ဒီလိုမျိုး ခမည်းတော်နဲ့ အစ်ကိုတော်ဖြစ်သူတို့အကြားမှာ ဖြစ်ပေါ်နေတဲ့သံသယတွေကို ချေဖျက်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ ပြည်မင်းသားရဲ့ ညီတော်အရင်း ပခန်းမင်းသားဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် မှာလည်း ပခန်းမင်းသားဟာ အပြင်းဖျားပြီး ခမည်းတော် သာယာ၀တီမင်းရဲ့ လက်ထဲမှာ ကွယ်လွန် သွားခဲ့ရှာပါတယ်။ အချို့သော သမိုင်းစာဆိုတွေကတော့ ဒီအချင်းအရာဟာ အလိုလောဘကြီးတဲ့ ကျပင်းမိဖုရား ခေါင်ကြီးရဲ့ အဆိပ်ခပ်လုပ်ကြံမှုဖြစ်တယ်လို့ ဆိုထားကြပါတယ်။ ဒီလိုနဲ့ သက္ကရာဇ် ၁၂၀၇ ခု ကိုရောက်ချိန် မှာတော့ ပြည်မင်းသားအရေးတော်ပုံပေါ်ပေါက်ခဲ့ပြီး အဆိုပါအရေးတော်ပုံဟာ ခမည်းတော် သာယာ၀တီမင်းရဲ့ အချစ်ကြီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာဖြစ်တယ်လို့ ဆိုကြပါတယ်။

အရေးတော်ပုံပေါ်ပေါက်လာချိန်မှာတော့ ကျပင်းမိဖုရားခေါင်ကြီးနဲ့ သားတော်ပုဂံမင်းသားအပါအဝင် မနာလိုသူ အပေါင်းတို့က အနောက်နန်းမိဖုရားကြီး မမြလေးဟာလည်း ပြည်မင်းသားနဲ့ တစ်စိတ်တစ်ဝမ်းတည်း ကြံရာပါ တွေဖြစ်ကြောင်း၊ ပြည်မင်းသားနဲ့ မမြလေးတို့ဟာ အရှင်မင်းကြီး ကွယ်ရာမှာဖောက်ပြန်နေကြကြောင်း ကုန်းချော လျှောက်တင်ကြပါတယ်။ ဒီလိုမျိုး လျှောက်တင်ချက်တွေကို သာယာ၀တီမင်းကြီး ကြားသိရပြီးချိန် မှာတော့ သူ့ရဲ့ မိဖုရား မမြလေးကို ရှေ့တော်မှောက်ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာဆိုရင် သာယာ၀တီမင်းဟာ စိတ်ရောဂါဝေဒနာစွဲကပ်လို့နေပါပြီ။ ဒါကြောင့် အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိတော့ဘဲ သူ့အချစ်ဆုံး မိဖုရား မမြလေးက ပြည်မင်းသားနဲ့ ရွှေလက်တွဲကာ သူ့ရဲ့ ထီးနန်းကိုလုယူတော့မှာ ဖြစ်ကြောင်း အထင်မှားပြီး မမြလေးကို အကျဉ်းချထားစေခဲ့ပါတယ်။ ဒီအခါမှာ မမြလေးက “ချစ်သမျှကို” ပတ်ပျိုးရေးသားပြီး မင်းကြီး စိတ်ကြည်လင်နေတဲ့အချိန်အတွင်း သီဆိုဆက်သခဲ့တာကြောင့် စိတ်ပြေပြီး မမြလေးကို နန်းတော်ဆီ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်အချိန်မှာပဲ မင်းကြီးဟာ စိတ်ရောဂါ ဖောက်ပြန်ပြီး အတွင်းဆောင်မှာ ယင်းတောဝန်ကြီးကို လှံနဲ့ထိုးပြီး စီရင်ခဲ့သလို အနားရှိတဲ့မိန်းမစိုးကိုလည်း ရန်သူအထင်နဲ့ စီရင်ခဲ့ပြန်တာကြောင့် နောက်ဆုံးမှာတော့ ကျပင်းမိဖုရားခေါင်ကြီး တစ်ဦးသာလျှင် အနီးကပ်ခစားခွင့်ရခဲ့ပါတယ်။ ခမည်းတော်နာမကျန်းဖြစ်နေတဲ့အချိန်အတွင်းမှာပဲ အကျယ်ချုပ်စံနေရတဲ့ ပြည်မင်းသားကြီးက စံအိမ်တော်ကနေ ထွက်ပြေးခဲ့တာကြောင့် ပုဂံမင်းသားရဲ့တပ်တွေက လိုက်လံဖမ်းဆီးရာမှာတော့ ၁၇ ရက်အကြာမှာ ပြန်လည်ဖမ်းမိ ခဲ့ပါတယ်။ အဲဒီနောက် ပြည်မင်းသားနဲ့ ပတ်သက်သူတွေကို စစ်ဆေးဖော်ထုတ်ခဲ့ကြရာမှာတော့ အနောက်နန်း မိဖုရားကြီး မမြလေးနဲ့ မယ်တော် ဒေါ်အိတို့လည်း ပါဝင်ပတ်သက်ခြင်းရှိတယ်လို့ဆိုကာ စွပ်စွဲဖမ်းဆီး ကြပါတယ်။ မမြလေးတစ်ယောက် ဒုတိယအကြိမ်အဖမ်းခံရချိန်မှာတော့ သာယာ၀တီမင်းရဲ့ စိတ်ရောဂါအခြေအနေက အတော်ဆိုးရွားနေပြီ ဖြစ်တဲ့အတွက် နန်းတွင်းရေးနဲ့ တိုင်းပြည်ရေးရာကိစ္စရပ်တွေကို ကျပင်းမိဖုရားခေါင်ကြီးနဲ့ သားတော် ပုဂံမင်းသားတို့က စိတ်ကြိုက်ခြယ်လှယ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်မင်းသားနဲ့ အပေါင်းအပါတစ်သိုက်အား ပြစ်မှုရှိတဲ့အတွက် ကွပ်မျက်စေဆိုတဲ့ အမိန့်တော်ကို သာယာ၀တီမင်းကိုယ်စား ကျပင်းမိဖုရားခေါင်ကြီးမှ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သူဖြစ်တဲ့ မမြလေးနဲ့ သူမရဲ့ မိခင် မယ်အိတို့ကို သရက်တပင် သုဿန်မှာ ဆင်နဲ့နင်းသတ် စီရင်တယ်လို့ ဆိုကြသလို အချို့ကလည်း သံတုတ်နဲ့ စီရင်တယ်လို့ဆိုကြပါတယ်။ ကွယ်လွန်ချိန်မှာတော့ အနောက်နန်းမိဖုရားကြီး မမြလေးရဲ့ အသက်က ၃၆ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။
ရွှေဘိုမင်း (ခေါ်) သာယာ၀တီမင်းကြီးဟာ နန်းသက်အားဖြင့် ၉ နှစ်မျှရှိပေမဲ့လည်း အဲဒီနန်းသက်ကာလအတွင်း မှာတော့ မိဖုရားကြီး ၂ ပါးကို ရှင်းလင်းသုတ်သင်ခဲ့ပါတယ်။ ပထမကွပ်မျက်ခံရသူ မိဖုရားကြီးကတော့ သာယာ၀တီမင်းရဲ့ နောင်တော်ဖြစ်သူ စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်မင်းရဲ့ နန်းကျမိဖုရား ရှင်မင်းနုဖြစ်ပြီး ဒုတိယကွပ်မျက်ခံရသူမိဖုရားကတော့ သာယာ၀တီမင်းရဲ့ အချစ်ဆုံးမိဖုရား တစ်ပါးဖြစ်တဲ့ မမြလေးဖြစ်ပါတယ်။

ဒီမိဖုရားနှစ်ပါးဟာ ကွပ်မျက်ခံရခါနီးအချိန်တွေမှာတော့ သေမင်းကို ပကတိအေးချမ်းစွာနဲ့ သတ္တိရှိရှိ ရင်ဆိုင် ရဲခဲ့ကြသူတွေဖြစ်ပါတယ်။ မယ်နု (ခေါ်) ရှင်မင်းနုဆိုရင် ဆရာတော်ဦးဗုဓ်ရဲ့ “မိနု … သူ့ကြွေးရှိရင်ဆပ်ရမည်” ဆိုတဲ့ ဆုံးမစကားကို ရင်ဝယ်ပိုက်လို့ သေမင်းကို ရင်ဆိုင်ခဲ့ပြီး မမြလေးကတော့ “လောကဓံရှစ်ပါး၊ ဘုရားပ ဟောရာ၊ ဖြစ်ပျက်မြဲဓမ္မတာ၊ သေချာစွာမှတ်စွဲ၊ သတ္တဝါတို့မည်သည် မတည်ကြည် ဖောက်ပြန်တတ်မြဲ၊ ငါမင်းလို့ ပြုပြန်၊ ခံရသူအသစ်ပ၊ အဖြစ်ဖြစ်အပြန်ပြန် လွှဲသင့်ပေဟန်၊ သင်္ခါရလမ်းမှန်ကို၊ ရွှေဉာဏ်တော်ရှု အုန်းရှင့်လေး ” ဆိုတဲ့တေးထပ်ကို ဖမ်းဆီးဖို့လာတဲ့ ပါးကွက်သားတို့ရှေ့မှောက်မှာ ရေးသားစပ်ဆိုခဲ့ပါတယ်။ ဒီလိုမျိုးတေးထပ်ကို ပါးကွက်သားတို့ ရှေ့မှောက် ရေးသားနိုင်ခဲ့တာကိုကြည့်ခြင်းအားဖြင့် မမြလေးဟာ သေခါနီးအချိန်မှာ တွေဝေခြင်းကင်းပြီး ကြုံလာတဲ့ အရာရာကို လောကဓံအဖြစ် ရှုမြင်ခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #အနောက်နန်းမိဖုရားကြီးမမြလေး

More Interesting Blogs from Zlann