“ သံချိုဝိဇ္ဇာဆရာကြီး မောင်းထောင် ဦးကျော်လှ”

ကုန်းဘောင်ခေတ်ရဲ့ မင်းနှစ်ဆက်တိုင်တိုင် နန်းတွင်းစာဆိုတော်အဖြစ် ထမ်းရွက်ခဲ့တဲ့ လက်တန်းစာဆိုတော်ကြီး ဦးကျော်လှကိုတော့ စာပေချစ်သူအားလုံးရင်းနှီးကြမှာ အမှန်ပါပဲ။ မောင်းထောင်ရွာဇာတိဖြစ်လို့ မောင်းထောင်ဦးကျော်လှလို့ သတင်းကြီးပြီး သံချိုတွေရွတ်ဆိုတဲ့နေရာမှာ ဝိဇ္ဇာတစ်ယောက်လို့ တင်စားရလောက်တဲ့အထိ ကဗျာသံချိုတွေကို လက်တန်းစပ်ဆိုနိုင်တာကြောင့်လည်း သံချိုဦးကျော်လှလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
မောင်းထောင်ဦးကျော်လှကို မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ်၊သီတင်းကျွတ်လဆန်း(၁၅) ရက်၊ ဗုဒ္ဓဟူးနေ့မှာ (တချို့စာပေတွေမှာ တပေါင်းလဆန်း ၁၄ ရက်၊အင်္ဂါနေ့လို့ဖော်ပြကြသလို တချို့ကတော့ သီတင်းကျွတ်လပြည့်၊ ဗုဒ္ဓဟူးနေ့လို့လည်း ဆိုထားကြပါတယ်) မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာမှာ မောင်းထောင်ရွာခုံမင်းကြီး ဦးတောင်ရိပ်နဲ့ အမိ ဒေါ်မင်းအိတို့က မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ရွာဘုန်းတော်ကြီးကျောင်းမှာပဲ ပညာသင်ကြားခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာတော့ ရှင်သာမဏေပြုခဲ့ပါတယ်။ လေးနှစ်(သို့)လေးဝါတိုင်တိုင် စာပေပိဋကတ်တွေကို လေ့လာဆည်းပူးခဲ့ပြီး နောက်မှာတော့ လူထွက်ကာ စာဆိုတော်ပညာရှိတစ်ယောက်ဖြစ်တဲ့ ဦးမြတ်ဝင်းဆီမှာ ၂ နှစ်တိုင်တိုင် ကဗျာလင်္ကာရေးသားဖွဲ့ဆိုတဲ့ အတတ်ပညာကို သင်ကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရောက်တဲ့အခါ သဘင်ဘက်ဆိုင်ရာ ပညာတွေနဲ့ ကဗျာစပ်ဆိုခြင်းအတတ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တာကြောင့် ရုပ်သေးစင်မှာ သံချိုကိုင်ဆရာအဖြစ် စတင်ဆောင်ရွက်ရပါတယ်။
သံချိုတွေကို ကဗျာလင်္ကာမြောက်ပြီး ထိထိမိမိနဲ့ တစ်ခဏချင်း နားဝင်ချိုအောင် ရေးဖွဲ့နိုင်တာကြောင့်လည်း အသက်ငယ်ငယ်နဲ့ သံချိုဆရာအဖြစ် ထင်ရှားခဲ့တာဖြစ်ပါတယ်။သံချိုဆိုတာကတော့ လေးချိုးကဗျာတစ်မျိုး ပဲဖြစ်ပါတယ်။ မြန်မာဘာသာမှာ ကဗျာအမျိုးအစားပေါင်းများစွာရှိတဲ့အထဲ လေးချိုးကဗျာက‌တော့ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။ လေးဆစ်ကဗျာ၊ လေးဆစ်သဖြန်၊ လေးချိုးလတ်၊ လေးချိုးကြီး၊ လေးချိုးဘောလယ်၊ ရှေးလေးချိုးကြီး၊ လေးချိုးသံချို၊ စာထောင့် လေးချိုးကြီး၊ မဟာကဗျာ လေးချိုးကြီး စသဖြင့် ဆိုဟန်အမျိုးမျိုးကို လိုက်ပြီးကွဲပြားပါတယ်။ မြန်မာစာပေ နယ်ပယ် မှာသာမက ဇာတ်သဘင်နယ်ပယ်မှာလည်း လေးချိုးဟာ အသုံးတွင်ကျယ်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ရှေးလေးချိုးကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့်ရွတ်ဆိုခဲ့ကြရာ မင်းတုန်းမင်းလက်ထက်အရောက်မှာတော့ လေးချိုးသံချိုတွေ စတင် ခေတ်စားလာတာဖြစ်ပါတယ်။
အဲဒီခေတ်က လေးချိုးသံချိုတွေကို အများဆုံးထုတ်လုပ်တဲ့ နေရာကတော့ အမြင့်သဘင်လို့ခေါ်တဲ့ ရုပ်သေးသဘင်ပဲဖြစ်ပါတယ်။ အမြင့်သဘင်တွေဟာ သတင်းပြန်ကြားရေးစနစ် တွေမရှိသေးတဲ့ ခေတ်ကာလတွေမှာ ပြန်ကြားရေးဌာနတစ်ခုအနေနဲ့ သာမန်လက်လုပ်လက်စား ပြည်သူလူထုအပေါ်ကို အတော်လေးသက်ရောက်မှု ရှိကြပါတယ်။ ဒါကြောင့် လူထုအပေါ်မှာလွှမ်းမိုးမှုရှိတဲ့ အမြင့်သဘင်ခေါ် ရုပ်သေးသဘင်တွေမှာဆိုရင် အဓိက အရေးပါသူကတော့ သံချိုဆရာဖြစ်ပါတယ်။
သံချိုဆရာတစ်ယောက်ဟာ ပိဋကတ်ကျမ်းဂန်တွေ၊ ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ဗေဒင်နက္ခတ်ပညာရပ်တွေအပြင် ခေတ်အတွေး၊ ခေတ်အမြင်လည်းရှိရသလို မြန်မာ့ဂီတရဲ့ အသံထား တီးလုံး တေးသွားတွေကိုလည်း တီးမိခေါက်မိရှိသူ ဖြစ်ရပါတယ်။ ဒါကြောင့် အမြင့်သဘင်မှာ သံချိုဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဦးကျော်လှ ဘယ်အသက်အရွယ်မှာ နန်းတွင်းအမှုတော်ကို စတင်ထမ်းခဲ့တယ်ဆိုတာကိုတော့ အတိအကျမသိရှိရပါဘူး။ ရွှေနန်းတော်ကြီးမှာ ဘုရင့်စင်တော်ကြီး၊ အိမ်ရှေ့မင်းရဲ့စင်နဲ့ တစ်ပင်တိုင်မင်းသမီးခေါ်သမီးတော်ရဲ့စင်ဆိုပြီး အတွင်းစင်သုံးမျိုးရှိပါတယ်။
အဲဒီစင်သုံးစင်မှာ မပါဝင်သူတွေကိုတော့ ဝင်းစင်လူ၊ ဝင်းစင်သားရယ်ဆိုပြီးခေါ်ကြပါတယ်။ အဲဒီအချိန်က ဘုရင့်ရုပ်စုံစင်တော်ကြီးမှာ ချောင်းဦးရွာက ဦးရွှေကြူခေါ် ဦးဉာဏ်ကျယ်က သံချိုဆရာ ဖြစ်နေချိန် ဦးကျော်လှဟာ အရင်ဆုံး ဝင်းစင်တော်မှာ အမှုထမ်းခဲ့ရပါတယ်။ မင်းတုန်းမင်းရဲ့ တစ်ပင်တိုင်သမီးတော် သီရိမြတ်စွာရတနာဒေဝီဘွဲ့ရ စလင်းထိပ်ခေါင်တင် စလင်းစုဖုရားကြီးက ရုပ်သေးစင်တစ်ခုတည်ထောင်တဲ့အခါမှသာ သံချိုဆရာအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုနဲ့ အတွင်းစင်တော်သားဖြစ်လာတဲ့အခါမှာတော့ ရွှေနန်းတော်အတွင်း ဘုရင့်ရှေ့တော်မှောက်မှာ အသုံးတော်ခံရသလို ဝန်ကြီးမှူးကြီးတို့ရဲ့ အိမ်တွေမှာလည်း မကြာခဏကပြအသုံးတော်ခံရပြီး ဦးဉာဏ်ကျယ်နဲ့လည်း မကြာမကြာ စာပြိုင်ချိုးရပါသေးတယ်။ဒီလိုနဲ့ မင်းတုန်းမင်းကြီး နာမကျန်းဖြစ်ပြီး ကံကုန်သွားတဲ့အချိန် သီပေါမင်းနန်းတက်စမှာ နန်းတွင်းရေးရာ အရှုပ်အထွေးတွေကြားမှာ တစ်ပင်တိုင်သမီးတော် စလင်းစုဖုရားကြီးကလည်း သီလရှင်ဝတ်သွားပါတယ်။
ဦးကျော်လှဟာ သူ့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ စလင်းစုဖုရားကြီး မရှိတော့တာကြောင့် အားငယ်ခဲ့ရပေမဲ့လည်း အတွင်းစင်တော်သားအဖြစ်ကနေ ရာထူးကျသွားတာမျိုးမရှိလို့ ဆက်လက် အမှုထမ်းခဲ့ပါတယ်။ သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာလည်း သံချိုတွေကို ဆက်လက်စပ်ဆိုပြီး ဖျော်ဖြေပေးခဲ့ပါတယ်။ ဦးကျော်လှနဲ့ ဦးဉာဏ်ကျယ်ဆိုတာက ယှဉ်ပြိုင်ဖော်ယှဉ်ပြိုင်ဖက် စာဆိုတော်တွေဖြစ်ပြီး ဟာသဉာဏ်လည်းရွှင်တာကြောင့် မကြာခဏဆိုသလို ဘုရင့်ရှေ့တော်မှောက်မှာ စာအပြိုင်ချိုးရပြီး ဆုတော်လာဘ်တော်တွေ ချီးမြှင့်ခြင်းခံရပါတယ်။ ဦးကျော်လှဟာ သံချိုဆရာတစ်ယောက်ဖြစ်သလို တစ်ခါတစ်ရံမှာတော့ အမြင့်သဘင် မင်းသားကြီးအနေနဲ့လည်း ဆောင်ရွက်ခဲ့ရပါတယ်။ လောကီလောကုတ္တရာနဲ့ ပတ်သက်တဲ့ တချို့ အကြောင်းအရာတွေမှာ အခက်အခဲတွေကြုံလာရင်လည်း ငယ်ဆရာဖြစ်တဲ့ ဝိမလလင်္ကာရ မောင်းထောင်ဆရာတော် ဘုရားကြီးထံကို မေးမြန်းလျှောက်ထားပြီး ပညာယူလေ့ရှိပါတယ်။
ဦးကျော်လှဟာ မိမိဘဝ၊ မိမိပညာကိုတန်ဖိုးထားပြီး ခင်တွယ်သူဖြစ်တဲ့အပြင် ရောင့်ရဲနိုင်သူလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က အတွင်းစင်တော်ဝင်မယ့်သူတွေကို သဘင်ဝန်ကြီး၊ပြော့ကြီးမှူး၊နားခံတော်စတဲ့ သဘင်စစ်ဆေးရေးအဖွဲ့က စစ်ဆေးရွေးချယ်ရပါတယ်။ ဒါကြောင့် ဦးကျော်လှကို သီပေါမင်းက နားခံတော်နဲ့ ပြော့ကြီးမှူးရာထူးတို့ကိုပေးပြီး ရွှေနန်းတော်မှာ ခစားဖို့ အခွင့်ပေးတာကိုလည်း လက်မခံဘဲနဲ့ အရုပ်ကြိုးစုံ တပ်ပြီး လှည့်လည်ကပြရတဲ့ အလုပ်ကိုပဲ မက်မက်မောမော လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဦးကျော်လှဟာ အဲဒီခေတ်စာဆိုအများစုရေးသားဖွဲ့ဆိုကြတဲ့ ချစ်ခြင်းမေတ္တာဖွဲ့တွေနဲ့ ကိုယ့်အရှင်သခင်တွေကို အလွန်အမင်းမြှောက်ပင့်ပြီး အတိသယဝုတ္တိဆန်ဆန်စာတွေ မရေးသလို လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်ဆန်ဆန် စာကြီးပေကြီးမျိုးတွေကိုလည်း မရေးစပ်ပါဘူး။ သူဟာ လက်လှမ်းမီရာ ပတ်ဝန်းကျင်မှာရှိတဲ့ အခွင့်ထူးခံမဟုတ်တဲ့ သာမန်ဆင်းရဲသားတောင်သူယာလုပ်တွေရဲ့ ဘဝအခြေအနေကို ဖော်ညွှန်းတဲ့ လူမှုရေးဆိုင်ရာ သံချိုတွေကိုပဲ ရေးဖွဲ့တာဖြစ်ပါတယ်။
ထီးကျိုးစည်ပေါက်လို့ အရှင်နှစ်ပါးပါတော်မူတဲ့အချိန်မှာဆိုရင် ဦးကျော်လှဟာ အသက် ၄၄ နှစ်အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်အစိုးရကို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သူတွေရှိသလို အနုပညာသည်တစ်ဦးဖြစ်တဲ့ ဦးကျော်လှကလည်း သူ့ရဲ့ စာပေလက်နက်နဲ့ တိုက်ပွဲဝင်ခဲ့ပါတယ်။မြန်မာတို့ရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးတဲ့ အလင်္ကာစာတွေကို ရွတ်ဆိုပြခဲ့သလို အင်္ဂလိပ်တို့လက်ထက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာအကြောင်းအရာတွေကို သံချိုကဗျာတွေနဲ့ သွယ်ဝိုက်ရေးဖွဲ့ခဲ့တာတွေကလည်း အလွန်ပီပြင်ကောင်းမွန်လှပါတယ်။
ဦးကျော်လှရဲ့ သံချိုတွေမှာဆိုရင် အင်္ဂလိပ်တို့ရဲ့ ကျဆုံးမှုကို အမြဲတမ်းစောင့်မျှော်နေပြီး မြန်မာလူမျိုးတွေအနေနဲ့ စိတ်ပျက်အားလျော့ မဖြစ်ကြဖို့အတွက် မပြတ်မှာကြားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ကိုကြွက်နဲ့တင်စားကာ အင်္ဂလိပ်တို့ကို ပါပဂြိုဟ်ဖြစ်တဲ့ စနေနံနဲ့တင်စားပြီး “ အတ္ထောရယ်အညီပ” အစချီတဲ့ “ ပြည်ပျက်ကို မကြုံပါရစေနှင့်” သံချိုမှာ- “ သီဟရယ် ကေသရာသို့၊ဂြိုဟ်ဇီဝါ ဖီလာနင်းလို့၊ကြွက်မင်းဂြိုဟ် ကြာသပတေးတို့ကြောင့်၊ မြို့ကျေးနယ် ရွာလယ်တောမှာလ၊ပွက်ပွက်ဝေအောင် ကြွက်တွေကပေါပြန်တော့၊မြက်လျှောကြွေ စနေမှေးပါလို့၊ ခက်သော်ပွေ မကျေအေးသော်လဲ၊ပြေးသေပျောက် ပုန်းခိုဝင်၊ ဇမ္ဗူခွင်တစ်ကြော” ဆိုပြီး မြန်မာတို့ တိုက်ခိုက်တာကြောင့် အင်္ဂလိပ်တို့ အသေအပျောက်များပြီး ထွက်ပြေးကြရမယ့်အကြောင်းကို ရေးသားထားပါတယ်။
ဒါကြောင့် ဦးကျော်လှဟာ အင်္ဂလိပ်တို့လက်ထက်မှာ မိမိတို့အရှင်သခင်ကိုတမ်းတပြီး တဘောင်စကား၊ သိုက်စကားတွေနဲ့ လူတွေကိုတရားချရင်း သံချိုဆရာဘဝကို ငြိုငြင်စွာအသက်မွေးနေတာလည်းဖြစ်ပါတယ်။ အသက် ၆၀ ခန့်ရှိလာတဲ့အခါမှာတော့ အဲဒီအချိန်က နာမည်ကြီးခဲ့တဲ့ ဇာတ်မင်းသားငယ် ဦးဖိုးစိန်နဲ့ခင်မင်ခဲ့ပြီး ဇာတ်စာလင်္ကာတွေကို ရေးစပ်သီကုံးပေးတာတွေ ရှိခဲ့ပါသေးတယ်။ တစ်ခါကဆိုရင် ဦးကျော်လှဟာ အင်္ဂလိပ်အစိုးရကို “ ဘိလပ်စံတပ်ခံမြဲပါမှ၊ ပွဲရှစ်ခုစွန်း” ဆိုတဲ့ သံချိုကိုစပ်ဆိုလိုက်ရာမှာ တစ်မုဟုတ်ချင်း ပျံ့နှံ့ကျော်ကြားသွားပြီး အင်္ဂလိပ်တို့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ အဲဒီအခါ သဘင်ပညာသည်ကြီးတွေ စုပေါင်းတိုင်ပင်ပြီး မျက်နှာဖြူအရာရှိတွေနဲ့ ခင်မင်ရင်းနှီးတဲ့ ဦးဖိုးစိန်က အရာရှိတွေကို ဦးကျော်လှလွတ်မြောက်ရေးအတွက် ကြိုးစားဖျောင်းဖျပြီးနောက်မှ လွတ်မြောက်ခဲ့ရပါတယ်။
သံချိုဆရာကြီး ဦးကျော်လှဟာ မြန်မာဘုရင်လက်ထက်ကစလို့ အင်္ဂလိပ်တို့အုပ်ချုပ်တဲ့ကာလအထိကို ရှေးရိုးအစဉ်အလာ ကဗျာလမ်းကြောင်းကနေ ကွဲထွက်ပြီး ဒိဋ္ဌဓမ္မလူ့လောကအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ရေးသားခဲ့ရုံသာမက လွတ်လပ်ရေးတိုက်ပွဲဝင်ရန် ပြည်သူအများကို တပ်လှန့်နှိုးဆော်တဲ့ အရေးအဖွဲ့တွေကိုလည်း ရေးသားခဲ့တာကြောင့် သံချိုကဗျာလောကရဲ့ ဝိဇ္ဇာဆရာကြီးအဖြစ်နဲ့ တင်စားခံရတာလည်းဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၈၁ ခုနှစ်၊ ဝါခေါင်လဆန်း(၅)ရက်မှာတော့ ၇၈ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ ဆရာကြီး ဦးကျော်လှတစ်ယောက် ကွယ်လွန်ခဲ့ရပါတော့တယ်။
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …
<img decoding="async" class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
<img decoding="async" class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
All reactions:

Myat, Hein and 523 others

More Interesting Blogs from Zlann