နိုင်ငံတကာမှာ ရထားလုပ်ငန်းက နိုင်ငံရဲ့အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍအဖြစ် တည်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ရထားရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေကြရပါတယ်။ မြန်မာနိုင်ငံမှာ မီးရထားစတင်ပြေးဆွဲခဲ့တာက ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့ကပါ။အဲဒီနေ့မှာ Irrawaddy State Railway အမည်နဲ့ ရန်ကုန်-ပြည် (၁၆၁)မိုင်ကို A01 ရေနွေးငွေ့စက်ခေါင်းနဲ့ စတင်ပြေးဆွဲခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ မြန်မာ့မီးရထားသက်တမ်းက (၁၄၇)နှစ် ရှိခဲ့ပါပြီ။ ရထားသွားလာမှုအပါအဝင် စီးပွားရေးနဲ့ဆိုင်တဲ့ကိစ္စတွေဆောင်ရွက်နိုင်ဖို့ ၁၈၉၆ ခုနှစ်မှာ Irrawaddy State Railway ကို Burma Railway Co., Ltd. ထံကို ငှားရမ်းခဲ့ပါတယ်။ ငှားရမ်းခကာလ ကုန်ဆုံးတဲ့ ၁၉၂၈ ခုနှစ် ဒီဇင်ဘာ၃၁ရက်နေ့ကစလို့ Indian Railway Board လက်အောက်ကို လွှဲပြောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကနေ ခွဲထွက်ခွင့်ကို ၁၉၃၇ ခုနှစ်မှာရရှိပြီးတဲ့နောက် မြန်မာအစိုးရက Burma Railway Board ကို ဖွဲ့စည်းခဲ့ပါတယ်။British Governor က Burma Railway Board ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို Chief Railway Commissioner ထံကို ၁၉၄၂ ခုနှစ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ ငွေစာရင်းမင်းကြီးကို (Financial Commissioner, Lands and Rural Development) Railway Board ရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေကို ၁၉၅၁ခုနှစ် ဒီဇင်ဘာ၁ရက်နေ့မှာ ပြဌာန်းခဲ့တဲ့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) ကို ဖွဲ့စည်းပြီး အချိန်ပြည့် ဥက္ကဋ္ဌ ကို ခန့်အပ်တာ၀န်ပေးခဲ့ပါတယ်။ အဲဒီဥက္ကဋ္ဌက Chief Executive Officer တာဝန်ကိုပါ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ မြန်မာ့မီးရထားကော်ပိုရေးရှင်း (Burma Railway Corporation) အမည်နဲ့ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဦးဆောင်ကာ စီမံခန့်ခွဲရေးကော်မတီနဲ့ စီမံအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးတာ၀န်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ရယူခဲ့ပြီးတဲ့နောက်မှာတော့ ၁၉၈၉ ခုနှစ် ဧပြီလ ၁ရက်နေ့မှာ မြန်မာ့မီးရထားဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ မြန်မာ့မီးရထားက ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့တာ ဗြိတိန်နိုင်ငံထက် ၅၂ နှစ်၊ အိန္ဒိယနိုင်ငံထက် ၂၄နှစ် နောက်ကျပေမဲ့ အရှေ့တောင်အာရှနိုင်ငံ ရထားလုပ်ငန်းတွေမှာ သက်တမ်းရင့်တဲ့ ရထားလုပ်ငန်းတစ်ခုလို့ဆိုနိုင်ပါတယ်။ ၂၀၁၆ခုနှစ်ဖေဖော်ဝါရီလမှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့မီးရထားရဲ့ဖွဲ့စည်းပုံအရ ဦးဆောင်ညွှန်ကြား ရေးမှူးရဲ့အောက်မှာ အထွေထွေမန်နေဂျာ၊ အရာရှိနဲ့ တခြားဝန်ထမ်း စုစုပေါင်းအရေအတွက် သောင်းနဲ့ချီရှိခဲ့ပါတယ်။ရထားအဖွဲ့အစည်းမှာ လုပ်ငန်းသဘာဝအရ ရုံးချိန်အတွင်း တာဝန်ထမ်းဆောင်ရတဲ့ ရုံးဝန်ထမ်း၊စက်ရုံနဲ့အလုပ်ရုံဝန်ထမ်း၊ရထားခရီးစဉ်ဇယားအလိုက် တာဝန်ထမ်းဆောင်ရသူ၊လုပ်ငန်းသဘာဝအရ တာဝန်ထမ်းဆောင်သူဆိုပြီး ရထားဝန်ထမ်းတွေကို အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာ့မီးရထားသမိုင်းမှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုံက အင်းစိန် စက်ခေါင်းစက်ရုံ ဖြစ်ပြီး (၁၈၇၅) ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ အဲဒီစက်ရုံက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ထဲက ရန်ကုန် – အင်းစိန် ကားလမ်းမကြီးရဲ့ အနောက်ဘက်၊ တစ်ဖာလုံခန့်အကွာနဲ့ ရန်ကုန် – ပြည် ရထားလမ်းမှာရှိတဲ့ အင်းစိန်ဘူတာရဲ့ အနောက်ဘက် ရထားလမ်းအနီးမှာ တည်ရှိပြီး ၂၃ ဒသမ ၁ ဧက ကျယ်ဝန်းပါတယ်။ အကျယ်အဝန်း (၃ ဒသမ ၆၈) ဧကရှိတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံကို ၁၉၈၃ ခုနှစ် မေလမှာ တိုးချဲ့ခဲ့တာကြောင့် စုစုပေါင်းအကျယ်အဝန်းက ၂၆ဒသမ၇၈ ဧက ရှိခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ မြစ်ငယ် စက်ရုံကို တည်ဆောက်ပြီးစီးခဲ့လို့ တွဲပြုပြင်တည်ဆောက်ရေး လုပ်ငန်းတွေကို မြစ်ငယ်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ လူနေအိမ်အပါအဝင်စက်ရုံနယ်နိမိတ် ၂၉၂ ဒသမ ၉၀ ဧကရှိတဲ့ စစ်ကိုင်းမြို့မြောက်ဘက်၊ရွာထောင်ရွာအရှေ့ဘက်၊မီးရထားရပ်ကွက်နယ်မြေ မင်းဝံတောင်ခြေက ရွာထောင်ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို ၁၉၆၉-ခုနှစ်၊အောက်တိုဘာ ၁ ရက်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၅-ခုနှစ်၊ဧပြီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ့မီးရထားက စစ်ကြိုခေတ်မှာ ရေနွေးငွေ့စက်ခေါင်း (၃၆၅)လုံးနဲ့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အသုံးပြုသက်တမ်းကြာမြင့်လို့ ဖျက်သိမ်းရတဲ့ ရေနွေးငွေ့စက်ခေါင်းနေရာမှာ အစားထိုး အသုံးပြုဖို့ ဒီဇယ်စက်ခေါင်း (၆)လုံးကို ပြင်သစ်နိုင်ငံ အယ်စသွန်ကုမ္ပဏီကနေ ၁၉၅၈ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။အဲဒီစက်ခေါင်းတွေကို ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ စတင်ပြေးဆွဲခဲ့တာပါ။ ဒီဇယ်စက်ခေါင်း(၆)လုံးကို စတင်ဝယ်ယူ အသုံးပြုလိုက်တာဟာ မြန်မာနိုင်ငံရထားပို့ဆောင်ရေး သမိုင်းမှာ ဒီဇယ်ရထားကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။အဲဒီအချိန်ကစလို့ ရေနွေးငွေ့စက်ခေါင်းတွေနေရာမှာ ဒီဇယ်စက်ခေါင်းတွေကို ဝယ်ယူ အစားထိုး အသုံးပြုလာခဲ့ပါတယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ စက်ခေါင်း အရေအတွက် များပြားလာချိန်မှာ အင်းစိန် စက်ခေါင်းစက်ရုံ တစ်ခုတည်းနဲ့ ပြင်ဆင်နိုင်စွမ်း မရှိတော့လို့ ဒီဇယ်လျှပ်စစ် စက်ခေါင်း တွေကို အင်းစိန်စက်ရုံနဲ့ ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းတွေကို ရွာထောင်မှာ စက်ခေါင်းစက်ရုံ တည်ဆောက်ပြီး ပြင်ဆင်ဖို့ စီစဉ်ခဲ့ပါတယ်။အဲဒီနောက် ၁၉၆၉-ခုနှစ်မှာ ရွာထောင်ဒီဇယ်စက်ခေါင်းပြင် စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့မီးရထားရဲ့ လိုအပ်ချက်အရ ဒီဇယ်စက်ခေါင်းစက်ရုံရွာထောင်က ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းတွေသာမက ဒီဇယ်လျှပ်စစ်စက်ခေါင်းတွေကိုပါ ပြုပြင်ပေးခဲ့ပါတယ်။ မြန်မာ့မီးရထားက စက်ခေါင်းတွေပြင်ဆင်ရေးတွက် အချိန်နဲ့တစ်ပြေးညီ အာရုံစိုက်ရသလိုပဲ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးအန္တရာယ်ကင်းဖို့အတွက် ရထားလမ်းပိုင်း ပြုပြင်တာ အသစ်ဖွင့်လှစ်တာတွေကိုလည်း လိုအပ်သလို အလေးထားဆောင်ရွက်ရပါတယ်။ အဲဒီလိုတွေလုပ်ဆောင်ရာမှာ ဘူတာရုံတွေကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။မြန်မာနိုင်ငံမှာ သက်ဆိုင်ရာမြို့အလိုက် ရထားရောက်တဲ့နေရာတိုင်းမှာ ဘူတာရုံတွေ အသေးအကြီး အသီးသီးရှိကြပါတယ်။အထင်ကရ ဘူတာကြီးတွေကတော့ ရန်ကုန်ဘူတာ၊မန္တလေးဘူတာနဲ့ နေပြည်တော်ဘူတာတို့ဖြစ်ပါတယ်။ အင်္ဂလိပ်တို့က ရန်ကုန်ဘူတာကြီးကို ၁၈၇၇ ခုနှစ်မှာ ပထမဆုံး တည်ဆောက်ခဲ့တာပါ။ ရန်ကုန်ကနေ ပြည်မြို့ကို ပထမဆုံး မီးရထားလမ်း တည်ဆောက်ခဲ့စဉ်က ရန်ကုန်ဘူတာကြီးကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေဖို့အတွက် ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်မှာ တည်ရှိတဲ့ ဒီဘူတာကြီးကို ဗြိတိသျှ ဗစ်တိုးရီးယား ခေတ်ပုံစံအတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့ ဆုတ်ခွာတော့ ၁၉၄၃ ခုနှစ်မှာ ရန်ကုန်ဘူတာကြီးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။အဲဒီနောက် အင်ဂျင်နီယာ ဦးလှသွင်က မြန်မာ့လက်မှုပညာတွေကို အခြေခံပြီး ရန်ကုန်ဘူတာကြီးပြန်လည်တည်ဆောက်ဖို့ အတွက် ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ဘူတာကြီးတည်ဆောက်ရာမှာ မြန်မာဗိသုကာပညာရှင် စည်သူ ဦးတင်က ၁၉၄၇ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလမှာ ပြီးစီးခဲ့ပါတယ်။ ရန်ကုန်ဘူတာကြီးတည်ဆောက်မှုအတွက် ကျပ်ငွေ ၄.၇၅ သန်း ကုန်ကျခဲ့ပြီး ဖွင့်ပွဲကို ၁၉၅၄ ခုနှစ် ဇွန်လ ၅ ရက်မှာ ကျင်းပခဲ့ပါတယ်။ရန်ကုန်ဘူတာကြီး အဆောက်အအုံသစ်က စတုရန်း မီတာ ၅၁၁၀ ကျယ်ဝန်းပြီး ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဘူတာကြီးနဲ့ဆက်စပ်တဲ့ မီးရထားကွန်ရက်က မိုင်သုံးထောင်ကျော်အထိရှိပြီး အဲဒီကွန်ရက်ထဲမှာ နေပြည်တော်၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ တောင်ကြီး၊ကလော၊ မော်လမြိုင်နဲ့ ရေးတို့ပါဝင်ပါတယ်။ အလားတူ လက်ရှိ မန္တလေးဘူတာကြီးကတော့ မန္တလေးမြို့လယ်မှာ တည်ရှိပါတယ်။ အရင်ခေတ်တုန်းက နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ကိုလိုနီခေတ်ရဲ့ သင်္ကေတတွေရှိတဲ့ အဆောက်အအုံတစ်ခုပါ။ အပေါ်ထပ်ကို သစ်သားနဲ့ ဆောက်လုပ်ထားပြီး အောက်ထပ်က ထုထည်ကြီးတဲ့ နံရံကြီးတွေကိုတော့ ဆေးဝါသုတ်ထားပါတယ်။ လက်ရှိ အဆောက်အအုံသစ် မန္တလေးဘူတာကြီးက အထပ် ၇ ထပ်မြင့်တဲ့အဆောက်အအုံကြီးဖြစ်သလို ဟိုတယ်တစ်ခုလည်း ပါဝင်ပါတယ်။ သူက မြန်မာနိုင်ငံအထက်ပိုင်းရဲ့ မိုင်သုံးထောင်ကျော်ရှိတဲ့ မီရထားလမ်းကွန်ရက်ဂိတ်ဝဖြစ်ပြီး ရန်ကုန်-မန္တလေး မီရထားလမ်းက မန္တလေး ဘူတာကြီးမှာ ဂိတ်ဆုံးတာပါ။ ဘူတာကြီးရဲ့ မီးရထားလမ်းခွဲတွေ စတင်ရာ နေရာတွေထဲမှာပါဝင်တဲ့မြို့တွေကတော့ ပြင်ဦးလွင်၊ လားရှိုး၊ မုံရွာ၊ ပခုက္ကူ၊ ဂန့်ဂေါ၊ ရွှေဘို၊ ကောလင်း၊ ကန့်ဘလူ၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းနဲ့ မြစ်ကြီး နားမြို့တို့ဖြစ်ပါတယ်။ အဲဒီလိုပဲ နောက်ထပ် အထင်ကရ ဘူတာကြီးဖြစ်တဲ့ နေပြည်တော်ဘူတာကြီးက မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘူတာရုံတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရွာတော်နဲ့ ကျည်တောင်ကန်ဘူတာကြား မိုင်တိုင် အမှတ် ၂၃၃/၀ မှာ တည်ဆောက်ခဲ့တာပါ။ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၃၆,၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။နေပြည်တော်ဘူတာနဲ့ ရထားလမ်းချိတ်ဆက်ထားတဲ့ မြို့တွေကတော့ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပုဂံ၊ မကွေး၊ ပခုက္ကူ၊ ရွှေညောင်၊ တောင်ကြီးနဲ့ လွိုင်ကော်မြို့တို့ဖြစ်ပါတယ်။ ဒါကြောင့် ပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးမှာ ဒီလို အရေးပါနေသေးတဲ့ သံလမ်းပေါ်ကယန္တရား မြန်မာ့ရထားကတော့ အနာဂတ်မှာလည်း ဆက်လက်တည်တံ့နေရဦးမှာပဲ ဖြစ်ပါတယ်။
======================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤: https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤: https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #မြန်မာ့မီးရထား
#ရန်ကုန်ဘူတာကြီး #ရန်ကုန်မြို့