“သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို” ဟု ဆုတောင်းပြုခဲ့သည့် သထုံပြည့်ရှင် မနူဟာဘုရင်

“သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို” ဆိုတဲ့ ရှုံးနိမ့်သူတစ်ဦးရဲ့ ဆုတောင်းသံကို သမိုင်းလေ့လာ ဖူးသူတိုင်း မှတ်မှတ်ထင်ထင် သိဖူးကြားဖူးကြမှာဖြစ်ပါတယ်။အဲဒီကြေကွဲသံရဲ့ပိုင်ရှင်ကတော့ နန်းစံရာ သထုံပြည်မှ ပုဂံနေပြည်တော်သို့ ပြောင်းရွှေ့ခံခဲ့ရတဲ့ နန်းကျဘုရင် မနူဟာမင်းကြီးဖြစ်ပါတယ်။
သထုံပြည့်ရှင် မနူဟာမင်းကြီးဆိုတာ ပုဂံပြည် အနော်ရထာမင်းကြီး နဲ့ ခေတ်ပြိုင် နန်းပြိုင် ထီးနန်းစိုးစံခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ သူရိယစန္ဒာ (သီဟရာဇာ) မင်းလက်ထက်က နေစတင်ခဲ့တဲ့ သထုံမင်းဆက်ရဲ့ ၄၈ ဆက်မြောက် မင်းလည်းဖြစ်ပါတယ်။ မွန်ဘုရင် မနူဟာမင်းကြီးဟာ ခမည်းတော် ဥဒိန္နရာဇာရဲ့ ထီးနန်းကို ဆက်ခံခဲ့ခြင်းဖြစ်တယ်။ မနူဟာ(မနုဟာ) ဆိုတာ ” မနုမည်သော မဟာသမ္မတမင်း” လို့ဆိုကြပြီး သမိုင်းပညာရှင်အချို့ကတော့ “မကုဋရာဇာ” လို့လည်း ဆိုကြပါတယ်။ အဓိပ္ပာယ်က ” မင်းများ၏ မကိုဋ်သရဖူ” ဖြစ်ပြီး ဘွဲ့တော်က “သီရိတြိဘဝနာ ဒိတျာပဝရ ဓမ္မရာဇာ” ဖြစ်ပါတယ်။
မနူဟာမင်းကြီးရဲ့ သုဝဏ္ဏဘူမိ သထုံပြည်ကြီးဟာ ထိုခေတ်ထိုအခါက စည်ပင်သာယာဝပြောပြီး ယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားခဲ့ရုံသာမက တည်နေရာ ပထဝီဝင်အနေအထားအရလည်း ပင်လယ်ထွက်ပေါက်၊ ကာရံထားတဲ့ တောင်တန်းကြီးတွေက ခိုင်မာတဲ့ ခံတပ်ကြီးများအဖြစ် အချက်အချာကျတဲ့နေရာ တစ်ခုဖြစ် ပါတယ်။ မနူဟာမင်းဟာ ဘုန်းကံကြီးမား တဲ့မင်းတစ်ပါး ဖြစ်ပြီး သူ့ရဲ့နှုတ်ဖျားမှ စကားဆိုလိုက်တိုင်း အာခံတွင်းတော်မှ စက်ပြောင်ပြောင် ထွက်တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအချိန်က ပုဂံပြည်မှာ အရည်းကြီးအယူဝါဒတွေလွှမ်းမိုးနေခြင်းကို အနော်ရထာမင်းကြီးက ရှင်အရဟံရဲ့ တရားလမ်းပြပေးမှုကြောင့် ဖယ်ရှားနှိမ်နင်းပြီးခါစအချိန်လည်းဖြစ်တယ်။ မင်းဆရာ ရှင်အရဟံက ဗုဒ္ဓ သာသနာတော်သုံးပါးမှာ ပရိယတ္တိသာသနာတော်ရှိမှ ပဋိပတ္တိသာသနာလည်းရှိနိုင်တယ်၊ အဲဒီမှတစ်ဆင့် ပဋိဝေဒသာသနာတော်ဆိုတာလည်း ရှိမယ် လို့မိန့်တော်မူခဲ့ပါတယ်။
ဒါကြောင့် အနော်ရထာ မင်းကြီးက ပိဋကတ်သုံးပုံ ရှိရာ သထုံပြည်ကို လက်ဆောင်ပဏ္ဍာတွေ ပို့သဖို့ စီစဉ်ပြီး စကားအရာမှာလည်း ကျွမ်းကျင်တဲ့ အမတ်သံတမန်တစ်ဦးကို စေလွှတ်လိုက်ပါတယ်။ အဲဒီနောက် ရရှိလာမဲ့ ပိဋကတ်တော် တွေအတွက်လည်း အစစအရာရာ ကြိုတင်ပြင်ဆင်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်။
သထုံပြည့်ရှင်ထံကို အမတ်သံတမန်ရောက်ရှိပြီး ပိဋကတ်တော်တွေ တောင်းယူတဲ့အခါမှာတော့ မနူဟာ မင်းက “အရည်းကြီးသာသနာထွန်းကားခဲ့တဲ့ ပုဂံပြည်မှာ ဗုဒ္ဓသာသနာထွန်းကားမယ်လို့ ငါမယုံကြည်နိုင်၊ သို့ပါသောကြောင့် သင်တို့လို မိစ္ဆာနိုင်ငံနှင့် ပိဋကတ်တော်များဟာ မထိုက်တန်ပေဘူး” လို မချေမငံ ပြောဆိုလိုက်ပါတယ်။
အမှန်တကယ်တော့ မနူဟာမင်းက ကိုယ်နိုင်ငံရဲ့ ဘာသာနဲ့ သာသနာကို တစ်ပါးသူ ရဲ့လက်ထဲ မထည့်ချင်ဘဲ အမျိုးဘာသာကို စောင့်ရှောက်လိုတယ် လို့လည်း ကောက်ချက်ချနိုင်ပါသေးတယ်။
ပိဋကတ်သွားရောက်တောင်းခံတဲ့ သံတမန်အမတ် ပုဂံပြည်ပြန်ရောက်တဲ့အခါ အနော်ရထာမင်းကြီး အမျက်ဒေါသထွက်ပါတော့တယ်။အဲဒီအချိန်မှာ သထုံပြည်ဝယ် လူစွမ်းကောင်း ကုလားညီနောင်ရယ်လို့ ထင်ရှားခဲ့တဲ့ ဗျတ်ဝိ၊ဗျတ္တ ညီနောင် နှစ်ဦးအနက် ညီဖြစ်သူ ဗျတ္တက မင်းပြစ်ဒဏ်ကြောင့် ပုဂံအရပ်သို့ ထွက်ပြေးတိမ်းရှောင်လာချိန်လည်းဖြစ်ပါတယ်။ အစ်ကိုဖြစ်တဲ့ ဗျတ်ဝိ မတရားဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတဲ့ သတင်းဆိုးကြောင့် သထုံပြည်ကို လွန်စွာမှ နာကြည်းနေချိန်ဖြစ်ပါတယ်။
ဇော်ဂျီဖိုလ်ဝင်သားကို စားသုံးမိရာက ဘုန်းတန်ခိုးကြီးမားလာကြတဲ့ ဗျတ်ဝိ၊ဗျတ္တညီနောင်ဟာ သထုံဘုရင် ရဲ့ထီးနန်းကို ရန်ရှာလာ နိုင်လိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သေမိန့်ပေးပြီး အမျိုးမျိုးလိုက်လံဖမ်းဆီး ကြပေမဲ့ အလွယ်တကူဖမ်းဆီးရမိခြင်းမရှိပေမဲ့ အစ်ကိုဖြစ်တဲ့ ဗျတ်ဝိကတော့ ချစ်သူ မအိုဇာကို သွားရောက် တွေ့ဆုံစဉ် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်။ဗျတ်ဝိရဲ့ အလောင်းကို အစိတ်စိတ်ပိုင်းဖြတ်ပြီး သထုံ မြို့ရိုးလေးထောင့်မှာ မြှုပ်နှံလိုက်သလို သူရဲ့သွေးတွေကိုလည်း မြို့ပတ်ပတ်လည် သွန်းလောင်းပြီး မြို့စောင့်အဖြစ်ထားရှိပါတယ်။
ဗျတ္တတစ်ယောက် ကတော့ ထွက်ပြေးတိမ်းရှောင်ရင်း ပုဂံ အနော်ရထာမင်းထံ ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ ပုဂံပြည်နဲ့ သထုံပြည်တို့ မသင့်မမြတ်ဖြစ်တဲ့ အချိန်မှာတော့ သထုံပြည်ကို စစ်ချီတဲ့ ပုဂံတပ်မှာ ဗျတ္တ တစ်ယောက် လိုက်ပါအမှုထမ်းပါတော့တယ်။
ပုဂံတပ်တို့ သထုံကို အကြိမ်ကြိမ်ဝိုင်းဝန်းလုပ်ကြံပေမဲ့ သထုံပြည်ကို စောင့်တဲ့ ဗျတ်ဝိလူစွမ်းကောင်းရဲ့ စောင့်ရှောက်မှုကြောင့် မြို့ကိုဘယ်လိုမျှ မဖောက်နိုင်ပဲရှိခဲ့ပါတယ်။ဗျတ်ဝိရဲ့ သွေးကို မြို့ပတ်လည်သွန်း လောင်း တဲ့အခါ ကြက်မတစ်ဝပ်စာ ကျန်ခဲ့တယ် ဆိုတာ ကြားသိတဲ့ အနော်ရထာဘုရင် က ဗျတ္တကို အဲဒီနေရာ ကနေ မြို့အတွင်းသို့ တိတ်တဆိတ်ဝင် ရောက်စေပြီး အစီအရင်တွေကို ဖယ်ရှားစေပါတယ်။
အဲဒီလိုဖယ်ရှားပြီးတဲ့နောက်မှာတော့ သထုံပြည်ကို ပုဂံသားတို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။စစ်ရှုံးဘုရင် မနူဟာမင်းနဲ့ မိဖုရား တို့ကိုသာမက အခြားထင်ရှားတဲ့ သူကောင်းသူမွန်များစွာတို့ကိုလည်း ပုဂံပြည်ကို ခေါ်ဆောင်ခဲ့ပါတယ်။ သရီရဓာတ်တော်မွေတော်တွေ၊ပိဋကတ်တော် တွေကိုလည်း ပုဂံသို့ ယူဆောင် လာခဲ့ကြပါတယ်။
မနူဟာမင်းကြီးဟာ သထုံမင်းဆက်ရယ်လို့ ထည်ထည် ဝါဝါနေခဲ့ရတဲ့ ဘုရင်ဘဝကနေ စစ်ရှုံးဘုရင်ဘဝကို ရောက်ရှိသွားခဲ့ပြီးပုဂံမှာ အကျဉ်းသားဘဝနဲ့ နေထိုင်ရစဉ် ကုသိုလ်ကောင်းမှုပြုလုပ်လို့တဲ့အတွက် ဘုရား တည်ရန် အနော်ရထာမင်းထံ ခွင့်ပန်ပါတယ်။ ခွင့်ပြုချက်ရတဲ့အခါ မိမိပိုင်ဆိုင်နဲ့ လက်ဝတ်ရတနာတွေကို ရောင်းချပြီး မြင်းကပါ အရပ်မှာ ဘုရားတည်ပါတယ်။
ဘုရားကို မနူဟာဘုရားလို့ခေါ်တွင်ခဲ့ကြပါတယ်။ ဂူဘုရားရဲ့အရှေ့ဘက်မှာ ဘူမိဖဿမုဒြာအနေအထားဖြင့် တင်ပျဉ်ခွေတစ်ဆူ၊ဘေးတစ်ဖက် တစ်ချက် စီမှာတော့ အရန်ဆင်းတုတော် တစ်ဆူစီနဲ့ အနောက်ဘက်မှာ ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူ ဆင်းတု တော်ကြီးတစ်ဆူ ကို ဂူပြည့်လုနီးပါး ကြီးမားခိုင်ခံ့စွာ တည်ဆောက်ခဲ့ပါတယ်။
နှောင်းခေတ်လူများကတော့ ကျောင်းဆောင်ကျဉ်းကျဉ်းလေးထဲမှာ တည်းထားတဲ့ ဘုရားဆင်းထုတော်တွေက လက်အောက်ခံ စစ်ရှုံးဘုရင်တစ်ပါးရဲ့ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရတဲ့ နေ့ရက်အချိန်တွေကို လှစ်ဟပြနေသလားလို့ ထင်မှတ်လာကြပါတယ်။ ဒါပေမဲ့ကျဉ်းမြောင်းလွန်းတဲ့ ဘုရားကျောင်းဆောင်ဟာ မနူဟာမင်းကြီးတည်ခဲ့တဲ့ လက်ရာမဟုတ်ဘဲ ပြုပြင်ပြီး ပြန်လည်ပြင်ဆင် ဆောက်လုပ်ထား ခြင်းဖြစ်တယ် လို့လည်းဆိုကြတယ်။
ဘုရားတည်ပြီးတဲ့နောက် မနူဟာမင်းကြီးဟာ ” သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို” ဆိုတဲ့ဆုကို တောင်းဆိုခဲ့ပြီး သူ့ရဲ့ဆုတောင်းဟာ စစ်ရှုံးဘုရင်တစ်ပါးရဲ့ ခံစားရမှု တစ်စိတ်တစ်ပိုင်းကို လှစ်ဟပြလို့နေပါတော့တယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

▶️YouTube: https://youtu.be/O1o-OWyRQvU

🎧Podcast: https://podcasters.spotify.com/pod/show/z-lann

🫂Facebook Group: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #မနူဟာ

More Interesting Blogs from Zlann