စားတော်ဝန်ဆိုတာ ရှေးခေတ်အခါက ရှင်ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော်တို့အတွက် စားသောက်ဖွယ်ရာ ကိစ္စတွေကို ချက်ပြုတ်ပြင်ဆင်ပေးရတဲ့ တာဝန်ကို ယူရတဲ့သူဖြစ်ပါတယ်။ စားတော်ဝန်ရဲ့ လက်အောက်မှာ ကူညီလုပ်ဆောင်ပေးဖို့အတွက် စားတော်ကဲအမှုထမ်းတွေလည်းရှိပါတယ်။ မင်းဧကရာဇ်အတွက် နေ့စဉ်ဆက်သဖို့ ပွဲတော်အုပ် ၄၀ နဲ့ အမိန့်တော်ရ ပွဲတော်အုပ် ၁၀၀ ကို စားတော်ဝန်က ကြီးကြပ်စီမံဆောင်ရွက်ရပြီး လက်အောက် စားတော်ကဲတွေက ချက်ပြုတ်ပြင်ဆင်ကာ ရှင်ဘုရင် ရှေ့တော်မှောက် အချိန်မီ တည်ခင်း ပေးရပါတယ်။ နံနက်တစ်ကြိမ် ညတစ်ကြိမ်ဆက်သဖို့အတွက် နန်းတွင်းမှာရှိတဲ့ ပွဲတော်ရုံကြီးမှာ စားတော်ကဲအမှုထမ်းတွေနဲ့ အတူတူ စားတော်ဝန်က ချက်ပြုတ်ပြင်ဆင် ပေးရတာဖြစ်ပါတယ်။ အခါအားလျော်စွာ နန်းတွင်းက ကြီးမှူး ကျင်းပတဲ့ မြန်မာပွဲတော်၊ ရွှေလောင်းပွဲတော်၊ ရံတိုင်းပွဲတော်၊ ကုလားပွဲတော်၊ တရုတ်ပွဲတော် အစရှိတဲ့ အခမ်းအနားတွေအတွက် လိုအပ်တဲ့ အစားအသောက်တွေကို စားတော်ဝန်နဲ့အဖွဲ့က စီမံချက်ပြုတ်ကာ တည်ခင်းဧည့်ခံပေးရပြန်ပါတယ်။
ဦးခဲက ရေစကြိုဇာတိဖြစ်ပြီး ဟင်းချက်ရာမှာ ပါရမီထူးလွန်းတာကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး ရေစကြိုခုံတော် ဦးမှိုင်းရဲ့ အသိအမှတ်ပြုခြင်းကိုခံရကာ မင်းနေပြည်တော်သို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးခဲအနေနဲ့ ခုံတော်ဦးမှိုင်းရဲ့ နေအိမ်မှာ အချက်အပြုတ်တာဝန်ကို ယူပေးခဲ့ရဖူးသူဖြစ်ပါတယ်။ မင်းတုန်းမင်း နန်းတက်တဲ့အချိန်ကစလို့ စားတော်ဝန်အဖြစ်နဲ့ အမရပူရနန်းတွင်းမှာ အမှုတော်ထမ်းရွက် ခဲ့ပါတယ်။ ဦးခဲကို ရေစကြိုရွာစားအဖြစ် မင်းတုန်းမင်းက ပေးအပ်ချီးမြှောက်ခဲ့ကာ မဟာမင်းလှရွှေတောင်၊ မဟာမင်းထင်စည်သူဘွဲ့ထူးတွေကို ခံယူခဲ့ရတဲ့ စားတော်ဝန်ဖြစ်ပြီး မင်းတုန်းမင်းကြီးနဲ့တကွ မိဖုရားကြီး စကြာဒေဝီ၊ သားတော်၊ သမီးတော်တို့အတွက် အစားအသောက်တွေကို စီမံချက်ပြုတ်ပေးခဲ့ရပါတယ်။ စားတော်ဝန်ဦးခဲအတွက် လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ လက်ထောက်အဖြစ် မုန့်တော်ခေါင်း မင်းဦးရွက်ဆိုသူကို ခန့်အပ်ထားပါတယ်။ ဘုရင့်ပွဲတော်အုပ်အတွက် သင့်တင့်လျော်ကန်တဲ့ စားသောက်ဖွယ်ရာ တွေကို နှစ်အတော်ကြာသည့်တိုင်အောင် ဦးခဲက ချက်ပြုတ်စီမံပေးခဲ့ပါတယ်။ နှစ်ကာလတွေကြာလာပြီးတဲ့နောက်မှာတော့ မင်းတုန်းမင်းတရားကြီးရဲ့ ကျန်းမာရေးက အတော်လေး ချူချာလာခဲ့ပါတယ်။
သက်တော် ၆၅ နှစ်ရောက်တဲ့အခါ ရောဂါအမျိုးမျိုး ဝင်ရောက်လာတာကြောင့် နန်းတွင်းသမားတော်တွေနဲ့ရော တိုင်းတစ်ပါးက သမားတော်တွေနဲ့ပါ ဆေးဝါးကုသမှု ခံယူကာ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အစားအသောက်တွေကို ပွဲတော်ဆက်သခြင်းမပြုဖို့ စားတော်ဝန်အား အထူးမှာကြားထားပြီး မင်းတရားကြီးရဲ့သလွန်တော်အပါးမှာ စားတော်ဝန်ဦးခဲနဲ့ သံတော်ဆင့်ဦးလတ် (ဝက်မစွတ်ဝန်ထောက်မင်း) တို့ နှစ်ဦးကိုသာ သလွန်တော်အနီးမှာ အထူးကြပ်မတ် စောင့်ရှောက်စေပါတယ်။
ဒါကြောင့် စားတော်ဝန်ကလည်း အစစအရာရာ ဂရုတစိုက် ဆောင်ရွက်ပေးလျက်ရှိတဲ့ကြားကနေ တစ်ရက်မှာတော့ မင်းတုန်းမင်းက ပဲကြီးဟင်းစားချင်တဲ့စိတ် ဖြစ်ပေါ်လာသတဲ့။ စားတော်ဝန်ကို ဆင့်ခေါ်ပြီး သူ့အတွက် စီမံချက်ပြုတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စားတော်ဝန်ဦးခဲက သမားတော်တွေ ခွင့်ပြုမထားတာကြောင့် အရှင်မင်းကြီးရဲ့အမိန့်ကို မလိုက်နာနိုင်ကြောင်း ပြန်လည်လျှောက်တင်ခဲ့ပါတယ်။ မင်းတုန်းမင်းတရားကြီးကလည်း စားချင်စိတ်ပြင်းပြနေတာကြောင့် စားတော်ဝန်ဦးခဲ မသိအောင် နန်းတော်ထဲမှာ ရှိတဲ့ မောင်းမငယ်တစ်ဦးကို အတင်းအကျပ်အမိန့်ပေးစေခိုင်းခဲ့ပါတယ်။
မောင်းမငယ်က ဘယ်သူမှ မသိအောင် ပဲကြီးဟင်းကိုတိုးတိုးတိတ်တိတ်ချက်ခဲ့ပေမဲ့ အနံ့ထွက်လာတာကြောင့် စားတော်ဝန်ဦးခဲ သိသွားခဲ့ပြီး တောင်ဝှေးကို လက်ကကိုင်လျက် နန်းဆောင်ထဲကို ရောက်ရှိလာပါတယ်။ စားတော်ဝန်ဦးခဲကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မောင်းမငယ်လည်း ကြောက်အားလန့်အားဖြစ်ကာ ပဲဟင်းအိုးကို ပစ်ထားခဲ့ပြီး ထွက်ပြေးသွားပါ သတဲ့။ ဦးခဲလည်း ပဲဟင်းအိုးကို သေချာစိုက်ကြည့်ပြီးတော့မှ အိုးရဲ့အလယ်တည့်တည့်ကို လက်မှာကိုင်လာတဲ့ တောင်ဝှေးနဲ့ ထိုးကာခွဲပစ်လိုက်ပြီး “မတည့်တာကိုမှ ပွဲတော်တည်ချင်လှတာကိုး” လို့ဆိုသတဲ့။ စိတ်ဆိုးပြီး အသံကျယ်ကျယ်နဲ့ပြောလိုက်တဲ့ ဦးခဲရဲ့စကားသံကို မင်းတုန်းမင်းတရားကြီးလည်း နန်းဆောင်ထဲကနေ ကြားလိုက်ရတယ်ဆိုပေမဲ့ သူ့ရဲ့အမှားဖြစ်နေတာကြောင့် ဘာမှမပြောသာဘဲ အသာငြိမ်နေရရှာတော့တာပေါ့။
စားတော်ဝန်ဦးခဲဟာ မင်းတုန်းမင်းတရားကြီးထက် အသက်အနည်းငယ် ပိုကြီး ပေမဲ့လည်း ရုပ်ရည်အသွင်အပြင်၊ စကားပြောပုံ လေယူလေသိမ်းက စလို့ ကိုယ်လုံးကိုယ်ထည်၊ သွားပုံလာပုံတွေက မင်းတုန်းမင်းနဲ့ ခွဲခြားလို့ မရလောက်အောင် အတော်လေးကို ဆင်လှသူဖြစ်ပါတယ်။ စားတော်ဝန်ဦးခဲကို ဘုရင်မင်းတရားကြီးနဲ့ တူလွန်းတာကြောင့် နန်းတွင်းသူတွေ မကြာခဏလူမှားလေ့ရှိတတ်ကြပြီး အဝေးကနေ လှမ်းမြင်လိုက်တဲ့ အချိန်မျိုးမှာ အဝတ်အစား ချပ်ဝတ်တန်ဆာတွေကိုသာကြည့်ပြီး ခွဲခြားကြရပါတယ်။ ဒါကြောင့် ကင်းဝန်မင်းကြီးက စားတော်ဝန်ဦးခဲကို မုတ်ဆိတ်ကျင်စွယ်တွေ မထားရှိဖို့ နန်းတော်ထဲသွားလာတဲ့အခါမှာလည်း တောင်ဝှေး တစ်ချောင်း ကို ကိုင်ဆောင်ပြီးမှသာ သွားလာခြင်းပြုဖို့ အမိန့်တော်ချမှတ်ပေးခဲ့ပါတယ်။ ဗြိတိသျှသံအမတ်ဖြစ်သူ မေဂျာဖယ်ယာနဲ့အဖွဲ့ မင်းနေပြည်တော်ကို တိုင်းရေးပြည်ရေးကိစ္စနဲ့ လာရောက်ခဲ့စဉ်ကလည်း မင်းတုန်းမင်းတရားကြီးကို ဖူးမြော်ဖို့အတွက် ဇေတဝန်ကျောင်းတော်မှာ စောင့်ဆိုင်းနေချိန် စားတော်ဝန်ဦးခဲ လမ်းလျှောက်ဝင်လာတာကို ဘုရင်မင်းမြတ် ကြွချီလာတယ်လို့ ထင်မှတ်ပြီး အားလုံး တစ်ပြိုင်နက် မတ်တပ်ရပ် အရိုအသေပြုခဲ့ကြပါတယ်။နောက်တော့မှ လူမှားသွားမှန်းသိပြီး ပြုံးမိကြတော့တာပေါ့။
ခရစ်နှစ် ၁၈၆၉ ခုနှစ်မှာ စားတော်ဝန်ဦးခဲက သူရဲ့ဇာတိ ရေစကြိုမြို့မှာ အောင်မြေသာယာ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။ ၁၈၇၃ ခုနှစ် ရက်စွဲပါ အမိန့်တော်ထဲမှာ စားတော်ဝန်ဦးခဲအား မင်းတုန်းမင်း ပေးအပ်ထားတဲ့ တောင်စဉ်ခုနစ်ခရိုင်ဝန်ကို တောင်ဘက်ကိုးခရိုင်ဆည်ရေသောက်လယ်တွေ ထပ်မံပေးသနားခဲ့ပါတယ်။