“ဟန်ချက်ညီ ထိန်းညှိမှုရဲ့ နက်ရှိုင်းတဲ့ သဘောတရား ယင်နဲ့ယန်”

လောကကို ရှုမြင်တဲ့ အတွေးအမြင်နဲ့ ပတ်သက်လို့ အနောက်တိုင်းနဲ့ အရှေ့တိုင်းက ခြားနားလှပါတယ်။ အနောက်တိုင်းသားတို့က သဘာဝတရားကို အခြေခံပြီး ဘာသာရေး၊ ပညာရေးတို့နဲ့ နှီးနွှယ် တွေးမြင်ကြပါတယ်။ အရှေ့တိုင်း အတွေးအမြင် အများစုကတော့ ကိုယ်ကျင့်တရား၊ နိုင်ငံရေး၊ စာပေတို့နဲ့ နှီးနွှယ် တွေးမြင်လေ့ရှိပါတယ်။
အရှေ့တိုင်းမှာ နေထိုင်သူတွေထဲက တရုတ်လူမျိုးတို့ဟာ ရှေးကျစွာ ယဉ်ကျေးမှု ထွန်းကားခဲ့ပါတယ်။ စက်မှုလက်မှု တီထွင်ဖန်တီးမှုတွေကိုလည်း အမှတ်ထင်ထင် ပြုလုပ်ခဲ့ပါတယ်။ တရုတ်တွေးခေါ်ရှင်တို့က သဘာဝဖြစ်ပျက်ခြင်း အရာတွေကို နားလည်ဖို့နဲ့ လူတို့ရဲ့ ဘဝလိုအပ်ချက်တွေကို သိရှိနိုင်ဖို့ အလေးအနက်ထားခဲ့ကြပါတယ်။ တရုတ်အတွေးအမြင်တွေက သဘောတရားရေးသက်သက် သို့မဟုတ် အသိပညာသက်သက် မဟုတ်ဘဲ လက်တွေ့ကျပြီး လက်တွေ့ပိုဆန်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။
သိပ္ပံပညာဘက်မှာ ကြီးကျယ်ထွန်းကားခဲ့မယ်လို့ တွေးတောထင်မြင်ဖွယ်ရာ ဖြစ်ပေမဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ ရှေ့တန်းတင်မှု များပြားတဲ့အတွက် ထင်သလောက် ထွန်းကားခြင်း မရှိဘူးလို့လည်း ဆိုကြပါတယ်။ တရုတ်နိုင်ငံရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ဗုဒ္ဓဝါဒ၊ တာအိုဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ ဆိုပြီး အဓိကသုံးမျိုး ရှိပါတယ်။ ဒီထဲကမှ ယင်နဲ့ယန် (Yin and Yang) စက်ဝိုင်းဟာ တာအိုဝါဒရဲ့ အဓိကတရားတစ်မျိုးပဲ ဖြစ်ပါတယ်။
တာအိုခေါ် ထွက်ရပ်လမ်းဝါဒီတို့က ပြဒါးရှင်လုံးနဲ့ အသက်မသေဆေးကို ရှာဖို့အတွက် အဂ္ဂိရတ်ထိုးခဲ့ကြရာမှ ဓာတုဗေဒပညာ အစပျိုးခဲ့ပြီး သိပ္ပံပညာဘက်မှာ အရိပ်အမြွက် တိုးတက်ခဲ့ပါတယ်။ တာအိုခေါ် ထွက်ရပ်လမ်းဝါဒက တရုတ်တွေးခေါ်မြော်မြင်ရေး သဘောတရား အနှစ်သာရတွေထဲက တစ်ခု ဖြစ်ပြီး အဲဒီဝါဒမှာ ဆန့်ကျင်ဘက်လို့ ထင်ရတဲ့ အယူအဆရှိပါတယ်။ အဲဒါက ယင်နဲ့ယန် ဖြစ်ပါတယ်။
ယင် ဆိုတာ အမဓာတ်ဖြစ်ပြီး ယန်က အဖိုဓာတ် ဖြစ်ပါတယ်။ အဲဒီ အဖိုဓာတ်နဲ့ အမဓာတ်တို့က ဆန့်ကျင်ဘက်တွေ မဟုတ်ဘဲ အစဉ် ညီညွတ်ပေါင်းဆုံမှုရှိတဲ့ ဓာတ်တွေလို့ ယူဆပါတယ်။ ယင်နဲ့ယန်ဆိုတာ တရုတ်ဒဿနိကဗေဒရဲ့ အခြေခံအယူအဆတစ်ခုဖြစ်ပြီး စကြာဝဠာကို ပုံဖော်တဲ့ ဆန့်ကျင်ဘက်တို့ ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုပါတယ်။
အဖြူအမည်း စက်ဝိုင်းပုံထဲက အစက်လေးတွေနဲ့ သင်္ကေတပြုလေ့ရှိတဲ့ သဘောတရားဟာ ယင်နဲ့ယန်ကို ကိုယ်စားပြုတဲ့ ပုံရိပ်ဖြစ်ပါတယ်။ သူတို့ဟာ အဖြူနဲ့အမည်း ဆန့်ကျင်ပေမဲ့ တကယ်တမ်းမှာ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုနေပြီး ဖြည့်ဆည်းပေးနေတဲ့ စွမ်းအင်တွေပါ။
ယင် (Yin) က အမှောင်၊ အအေး၊ ငြိမ်သက်ခြင်း၊ ပျော့ပျောင်းခြင်း၊ လက်ခံခြင်း၊ အမျိုးသမီးစွမ်းအင်တွေကို ကိုယ်စားပြုပါတယ်။
ယန် (Yang) က အလင်း၊ အပူ၊ လှုပ်ရှားခြင်း၊ မာကျောခြင်း၊ ဖန်တီးခြင်း၊ အမျိုးသားစွမ်းအင်တွေကို ကိုယ်စားပြုပါတယ်။
တာအိုအမြင်အရ လောကကြီးမှာရှိတဲ့ အရာအားလုံးဟာ ယင်နဲ့ယန် စွမ်းအင်နှစ်ခုရဲ့ အပြန်အလှန် လွှမ်းမိုးမှု၊ ပြောင်းလဲစီးဆင်းမှုတွေနဲ့ ဖွဲ့စည်းထားတာပါ။ တစ်ခုတည်း သီးသန့်ရှိနေတာမျိုး မဟုတ်ဘဲ အရာရာတိုင်းမှာ ယင်နဲ့ယန် နှစ်မျိုးစလုံး ရောယှက်ပါဝင်နေပါတယ်။ သင်္ကေတထဲက အဖြူထဲမှာ အမည်းစက်၊ အမည်းထဲမှာ အဖြူစက် ပါဝင်နေသလို အရာအားလုံးဟာ တစ်ခုတည်းနဲ့ ရပ်တည်မနေနိုင်ဘဲ အပြန်အလှန် အကျိုးပြုလို့ နေပါတယ်။
အရေးကြီးတာက ဒီစွမ်းအင်နှစ်ခုကြားက ဟန်ချက်ညီမှု ပါ။ ကျန်းမာဖို့၊ ငြိမ်းချမ်းဖို့၊ သဟဇာတဖြစ်ဖို့ဆိုရင် ဒီယင်နဲ့ယန် ဟန်ချက်ညီနေဖို့ လိုအပ်ပါတယ်။ ယင်နဲ့ယန်ဟာ လောကမှာရှိတဲ့ အရာအားလုံးမှာရှိနေပြီး အပြန်အလှန် ကျေးဇူးပြုနေတဲ့ သဘာဝစွမ်းအင်ကြီး နှစ်ပါးလို့ ယုံကြည်ကြပါတယ်။ သက်ရှိမှန်သမျှနဲ့ အရာဝတ္ထုတိုင်းဟာ ဒီယင်နဲ့ယန်ဓာတ်နှစ်ပါးကြောင့် ဖြစ်၊ တည်၊ ပျက် သံသရာလည်နေတာဖြစ်တယ်လို့ ယူဆထားကြပါတယ်။
ဒါဟာဘာကိုဖော်ပြတာလဲဆိုရင် လောကမှာ ဘယ်အရာမှ တစ်ဖက်စွန်း မရောက်စေဖို့ သတိပေးထားတာနဲ့ တူပါတယ်။ ဥပမာ- အဖိုဓာတ်ဖြစ်တဲ့ ယောက်ျားတွေနဲ့သာ လောကကို မတည်ဆောက်နိုင်သလို အမဓာတ်ဖြစ်တဲ့ မိန်းမတွေနဲ့လည်း ကမ္ဘာတစ်ခု ဖြစ်မလာနိုင်ပါဘူး။
မိသားစုဘဝတစ်ခု စတင်တည်ဆောက်ပြီဆိုရင် ယောက်ျားနဲ့ မိန်းမဟာ ဆန့်ကျင်ဘက်ဖိုမဓာတ် ဖြစ်ပေမဲ့ “မောင်တစ်ထမ်း၊ မယ်တစ်ရွက်” ဆိုသလို အပြန်အလှန် အထောက်အပံ့ပေးရတာက ယင်ယန်သဘောတရားပါ။
နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ဘဝမှာလည်း ဘဝရဲ့အချိုးကျမှု၊ ဘဝဟန်ချက်ဆိုတာ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ အလုပ်ချည်းပဲ လုပ်နေရင် သူ့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါတွေကို မျှတအောင် ဆောင်ရွက်မှသာ ဟန်ချက်ညီမျှမှာ ဖြစ်ပါတယ်။ သက်ရှိတွေအပြင် သက်မဲ့တွေမှာလည်း ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ဥပမာ- နေ့နဲ့ည၊ နေနဲ့လ၊ အပူနဲ့ အအေး စတဲ့ အရာတွေဟာ ဟန်ချက်ညီထိန်းညှိမှုရဲ့ ပြယုဂ်တွေ ဖြစ်ပါတယ်။ ယင်နဲ့ယန်မှာ ဒီထက်ပိုမိုနက်ရှိုင်းတဲ့ သဘောတရားတွေရှိနေပြီး ကိုယ်ကိုယ်တိုင် ဆက်လက်ချဲ့ထွင် တွေးဆနိုင်ပါတယ်။

#ZLann #ZLann_Podcast #ယင်နဲ့ယန် #yinyang #အဖိုဓာတ် #အမဓာတ်

More Interesting Blogs from Zlann