“ဟိုချီမင်းနှင့် သူ၏အထိမ်းအမှတ်ဂူဗိမာန်”

ဗီကက်နမ်နိုင်ငံလွတ်မြောက်ရေးအတွက် အချိန် နှင့်အမျှ ကြိုးပမ်းခဲ့ပြီး ဗီယက်နမ်နိုင်ငံတစ်နိုင်ငံလုံး၏ လွတ်လပ်ရေးဖခင်ကြီးဖြစ်သူမှာ ခေါင်းဆောင် “ဟိုချီမင်း” ပဲဖြစ်ပါတယ်။ “ဟိုချီမင်း” ဟာ ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံးသမ္မတတစ်ဦးဖြစ်သလို ဗီယက်နမ်ကို ပြင်သစ်ကိုလိုနီလက်အောက်မှ လွတ်မြောက်အောင် ဗီယက်နမ်ကွန်မြူနစ်တပ်မတော်ကို တည်ထောင်ကာ တွန်းလှန်ချေမှုန်းခဲ့တဲ့ အညတရတော်လှန်ရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။
“ဟိုချီမင်း” ဟာ ငယ်စဉ်ကတည်းက ပြင်သစ်နယ်ချဲ့အစိုးရရဲ့ ဖိနှိပ်ညှင်းပန်းမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသူ ဖြစ်ခဲ့သောကြောင့် ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးအတွက် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ခဲ့သူ ဖြစ်ပါတယ်။ အသက်ခုနှစ်နှစ်အရွယ်တွင် ပညာစတင်သင်ယူခဲ့ပြီး အသက် ၁၆ နှစ်အရွယ်အရောက်မှာ ပြင်သစ်စာပေကိုစတင်လေ့လာခဲ့ပါတယ်။ ကျောင်းတက်စဉ် ကျောင်းသားဘဝမှာကတည်းက ဖခင်ဖြစ်သူ ကိုယ်တိုင်ပါဝင်သော ဗီယက်နမ်ပညာတတ် မျိုးချစ်ပုဂ္ဂိုလ်များ၏ ပြင်သစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးတွင် အသင်းဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ထို့နောက် ဖခင်ဖြစ်သူ အလုပ်မှ ထုတ်ခံလိုက်ရသဖြင့် “ဟိုချီမင်း” ဟာ ကျောင်းဆရာ အလုပ်ကိုလုပ်ကိုင်ရင်း အိမ်ထောင့်တာဝန်ကိုပါ ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ကျောင်းဆရာအလုပ်မှ အနားယူကာ စက်မှုလက်မှုကျောင်းသို့ တက်ရောက်ပညာသင်ကြားပါတယ်။ အဲဒီအချိန်မှာပဲ “ဟိုချီမင်း” ရင်ဝယ်၌ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်‌ရေးဆောင်ရွက်လိုသော စိတ်များကိန်းအောင်းနေပြီပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံအကြွင်းမဲ့လွတ်လပ်ရေးအတွက် ကမ္ဘာ့နိုင်ငံရေးဗဟုသုတကြွယ်ဝမှဖြစ်မည်ဟူ၍ခံယူသောကြောင့် ၁၉၁၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ထွက်ခွာမည့်သင်္ဘောပေါ်တွင် အလုပ်သမားအဖြစ်လိုက်ပါပြီး ပြင်သစ်နိုင်ငံသို့လိုက်ပါလာခဲ့ပါတယ်။
နာမည်ကိုလည်း “ဗဟူ” ဟူ၍ပြောင်းလဲထားလိုက်ပါတယ်။ ပြင်သစ်နိုင်ငံကိုရောက်သော် အရာရှိတစ်ယောက်၏အိမ်တွင် အစေခံအဖြစ်လုပ်ကိုင်ရင်း ပြင်သစ်ဘာသာကိုကြိုးစားသင်ယူခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ အမှိုက်လှဲသမား၊ ဘွိုင်လာအိုးမီးထိုးသူ စသဖြင့် ကြုံရာအလုပ်ကိုလုပ်ကိုင်ရင်း ပညာဆည်းပူးလေ့လာခဲ့ပါတယ်။
ပထမကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ “ဟိုချီမင်း” က “ငုယင်အိုက်ကုတ်” ဆိုသောအမည်ဖြင့် ပြင်သစ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြန်ပါတယ်။ ပထမကမ္ဘာစစ်ကြီးအပြီး ၁၉၁၉ ခုနှစ်တွင် ဗာဆေးစစ်ပြေငြိမ်းရေး ကွန်ဖရင့်သို့ တက်ရောက်ကာ ဗီယက်နမ်နိုင်ငံအတွက်လိုလားမှုများကိုတောင်းဆိုခဲ့သေးသော်လည်း မရရှိခဲ့သောကြောင့် ထိုတောင်းဆိုချက်များကို ပုံနှိပ်ကာ လူအများသိရှိအောင်ဖြန့်ဝေနိုင်ခဲ့ပါတယ်။ ထိုအချိန်မှစတင်ပြီး “ဟိုချီမင်း” သည် ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးအတွက် နိုင်ငံရေးအရလှုပ်ရှားမှုများကို စတင်ပါတော့တယ်။
ထို့နောက် ပြင်သစ်ကွန်မြူနစ် ပါတီသို့ ဝင်ရောက်ခဲ့ပြီး “လီနင်” နှင့်တွေ့ဆုံဖို့ရန် ရုရှားနိုင်ငံ သို့ သွားရောက်ခဲ့ပါတယ်။ “ဟိုချီမင်း” ရုရှား သို့ရောက်သောအခါ “လီနင်” က ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၂၄ ခုနှစ် ဇွန်လတွင် မော်စကိုမြို့မှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ် ပထမအကြိမ်မြောက် ညီလာခံသို့ တက်ရောက်ကာ အစီရင်ခံစာနှစ်စောင်တင်သွင်းခဲ့ပါတယ်။
ညီလာခံအပြီးမှာ “ဟိုချီမင်း”က ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၏ အရှေ့တိုင်းဌာနတွင် အမြဲတမ်းကော်မတီဝင် အဖြစ် တာဝန်ပေးအပ်ခြင်းခံရပါတယ်။ ထိုအချိန်အတွင်း ဗီယက်နမ်နိုင်ငံတွင် မျိုးချစ်လူငယ်အများအပြားကို ပြင်သစ်နယ်ချဲ့သမားများက လိုက်လံနှိမ်နင်းနေသဖြင့် ဗီယက်နမ်လူငယ်များစွာတို့က တရုတ်နိုင်ငံသို့ထွက်ပြေးရောက်ရှိလာကြပါတယ်။ “ဟိုချီမင်း” ဟာ ယင်းလူငယ်များကိုစုစည်းကာ တော်လှန်သော ဗီယက်နမ်ရဲဘော်လူငယ်များ အစည်းအရုံးကိုဖွဲ့စည်းလိုက်ပါတယ်။ ထို့နောက် အထူးနိုင်ငံရေးသင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ပြီး တစ်ဖက်မှာ သင်တန်းပို့ချရင်း နောက်တစ်ဖက်မှာလည်း နိုင်ငံရေးစာပေများကို ရေးသားပြုစုနေခဲ့ပါတယ်။
၁၉၃ဝ ပြည့်နှစ် ဖေဖော်ဝါရီလ အရောက်မှာ “ဟိုချီမင်း” က ဟောင်ကောင်သို့ တိတ်တဆိတ်သွားရောက်ကာ ဗီယက်နမ်ကွန်မြူနစ်ပါတီကို တည်ထောင်နိုင်ခဲ့ပြီး “တုန်ဗန်” ဟူသည့် နာမည်သစ်ဖြင့် ဟောင်ကောင်တွင်ဆက်လက်နေထိုင်ကာ ဗီယက်နမ်နိုင်ငံရှိတိုက်ပွဲဝင်နေသူများကို ဟောင်ကောင်မှ တိုက်ရိုက်ညွှန်ကြားပြီး တိုက်ခိုက်စေခဲ့ပါတယ်။ ထို့နောက် ဩဂုတ်လ တွင် ရှန်ဟိုင်းသို့ သွားရောက်ကာ ဗီယက်နမ်ကွန်မြူနစ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဗီယက်နမ်ကွန်မြူနစ်ပါတီအား အင်ဒိုချိုင်းနားကွန်မြူနစ်ပါတီဟူ၍ အမည်ပြောင်းလဲလိုက်ပါတယ်။
၁၉၃၂ ခုနှစ်တွင် “ဟိုချီမင်း” သည် ရှန်ဟိုင်းမြို့သို့ တိတ်တဆိတ်ရောက်ရှိလာပြီး ဗီယက်နမ်မြေအောက် တော်လှန်ရေးသမားများနှင့် ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာ ရုရှားနိုင်ငံ သို့ ပြန်လည်သွားရောက်ပြီး မော်စကိုမြို့တွင် ခေတ္တနေထိုင်ခဲ့ပါတယ်။ ထိုအချိန်အတွင်း သတ္တမကြိမ်မြောက် နိုင်ငံတကာကွန်မြူနစ်ညီလာခံ သို့ တက်ရောက်ခဲ့ပါသေးတယ်။ ထိုမှတစ်ဖန် တရုတ်နိုင်ငံ သို့ ဆက်လက်သွားရောက်ခဲ့ပြီး ၁၉၄၁ ခုနှစ်မှာ ဗီယက်နမ်သို့ ပြန်လည်ရောက်ရှိသွားပါတယ်။ ဗီယက်နမ်မြေပေါ်သို့ ပြန်လည်ရောက်ရှိသောအခါ “ဟိုချီမင်း”ဟူသည့် အမည်ကို အတိအလင်းခံယူလိုက်ကာ “ဗီယက်မင်း” အမည်ရှိ ဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ကြီးကို တည်ထောင်ဖွဲ့စည်းလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း “ဟိုချီမင်း” ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် လက်နက်ရှာဖွေစုဆောင်းရန် တရုတ်နိုင်ငံသို့ထွက်လာခဲ့ပြန်ပါတယ်။ တရုတ်နိုင်ငံတွင်ရှိနေစဉ်အတွင်း “ကူအိုမင်တန်” ပုလိပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ အကျဉ်းကျနေစဉ်အတွင်း အကျဉ်းထောင်မှတ်တမ်းအမည်ဖြင့်လည်း ကဗျာများကိုရေးစပ်ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်တွင် ထောင်မှလွတ်မြောက်လာပြီးနောက် ဗီယက်နမ်သို့ ပြန်လာခဲ့ပါတယ်။ ဗီယက်နမ်မြေပေါ်တွင် လက်နက်ကိုင် တော်လှန်ရေးဆက်လက်ဆင်နွှဲပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာလ တွင် ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံကို တည်ထောင်ကာ လွတ်လပ်ရေး ကြေညာနိုင်ခဲ့ပါတယ်။ “ဟိုချီမင်း” ဟာ ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါတယ်။ မကြာမီအချိန်မှာပဲ ပြင်သစ်တို့က ဆိုင်ဂုံမြို့ ကိုဝင်ရောက် ကျူးကျော်တိုက်ခိုက်သောကြောင့် “ဟိုချီမင်း” ခေါင်းဆောင်သော ဗီယက်နမ် စစ်တပ်ကပြန်လည်ခုခံရပြန်ပါတယ်။ သို့သော် ပြင်သစ်တို့နှင့် သဘောတူညီမှုရရှိပြီး မကြာခင်စစ်ပြီးသွားသော်လည်း ပြင်သစ်တို့ကစတင်ချိုးဖောက်သောကြောင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ တွင် ဟနွိုင်းမြို့ ကို ဝင်ရောက်တိုက်ခိုက်ပြန်သဖြင့် စစ်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။
၁၉၅၁ ခုနှစ်တွင် “ဟိုချီမင်း”က ကွန်မြူနစ်ပါတီညီလာခံကို ခေါ်ယူကျင်းပပြီးနောက် ဗီယက်နမ်ကွန်မြူနစ်ပါတီကို ဗီယက်နမ်အလုပ်သမားပါတီ ဟု အမည်ပြောင်းလဲလိုက်ပါတယ်။ “ဟိုချီမင်း”က ဗဟိုကော်မတီဥက္ကဋ္ဌ အဖြစ်အရွေးခံရပြီး ၁၉၅၄ ခုနှစ်မှာ ပြင်သစ်တို့ တပ်စွဲထားတဲ့ ဒင်ဗင်ဖူးကို ဟိုချီမင်းဦးစီးသော ဗီယက်နမ်ပြည်သူ့တပ်မတော်က ထိုးစစ်ဆင်ရာ ပြင်သစ်တို့အရေးနိမ့်ခဲ့ရပါတယ်။ အင်ဒိုချိုင်းနားဒေသဆိုင်ရာ ဂျီနီးဗားညီလာခံအပြီးတွင် ပြင်သစ်တို့က ဗီယက်နမ်မြေမှ အပြီးတိုင်ထွက်ခွာခဲ့ရပါတယ်။ ၁၉၆ဝ ပြည့်နှစ်တွင် ဗီယက်နမ်မြေပေါ်၌ အမေရိကန်တို့က ဝင်ရောက်ကျူးကျော်သဖြင့် “ဟိုချီမင်း” ဦးဆောင်သော ဗီယက်နမ်ပြည်သူများက အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြရပြန်ပါတယ်။
“သမ္မတဟိုချီမင်း” ဟာ အနေအထိုင်ရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။ သမ္မတဖြစ်ချိန်တွင် ကိုယ်ပိုင်ပစ္စည်းဟူ၍ ကာကီဝတ်စုံတစ်စုံ၊ ရော်ဘာဖိနပ်တစ်ရံနှင့် နေစားထားသော ဦးထုပ်တစ်လုံးသာရှိပါတယ်။ သူသည် ဗီယက်နမ်နိုင်ငံနှင့် ဗီယက်နမ်ပြည်သူတို့၏အကျိုးကိုသာ ဦးထိပ်ထားသူတစ်ယောက်ဖြစ်သလို သူ၏ ကိုယ်ရေးကိုယ်တာများကိုလုံးဝမစဉ်းစား၊ အိမ်ထောင်ပင် မပြုခဲ့ပေ။
“ဟိုချီမင်း” က ဗီယက်နမ်လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးအတွက် ပင်လယ်ရပ်ခြားတွင်နှစ်ပေါင်း ၃ဝ ခန့်လှည့်လည်နေထိုင်ခဲ့ပြီး အမည်အမျိုးမျိုးကိုလည်း ခံယူခဲ့ပါတယ်။ နောက်ဆုံးတွင် အလင်းရောင်ပေးသူ ဟု အဓိပ္ပာယ်ရသည့် “ဟိုချီမင်း” အမည်ကိုခံယူခဲ့ခြင်းဖြစ်ပါတယ်။ “သမ္မတဟိုချီမင်း” ဟာ အမေရိကန်တို့၏ ကျူးကျော်စစ်ကို ခုခံတော်လှန်ရေး၊ ဗီယက်နမ်လုံးဝ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျက်ရှိစဉ်မှာပဲ ၁၉၆၉ ခုနှစ်စက်တင်ဘာလ ၃ ရက်နေ့ ဟနွိုင်း စံတော်ချိန် နံနက် ၉ နာရီ ၄၇ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။
ဗီယက်နမ် တစ်နိုင်ငံလုံး၏ လွတ်မြောက်ရေးအတွက် အားကုန်ကြိုးပမ်းခဲ့တဲ့ “ဟိုချီမင်း” ရဲ့ ထာဝရ လဲလျောင်းရာ ဂူဗိမာန်ကြီးကို ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းရှိ ဗဒင်ရင်ပြင်အလယ်ဗဟိုတွင် တည်ဆောက်ထားပါတယ်။ “ဟိုချီမင်း” ဂူဗိမာန်ကြီးက ဗီယက်နမ် လွတ်လပ်ရေးဗိသုကာ “ဟိုချီမင်း” အား နိုင်ငံသားများ အလေးပြုနိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဂူဗိမာန်ဆောက်လုပ်ရေးကို သမ္မတ ကွယ်လွန်ပြီးနောက် ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ခဲ့ပြီး ၁၉၇၅ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် အများသူငှာ အလေးပြုနိုင်ရန် ဖွင့်လှစ်ခဲ့ပါတယ်။ ဂူဗိမာန်၏ ဒီဇိုင်းကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ “လီနင်” ၏ ဂူဗိမာန် အတိုင်း ကျောရိုးယူတည်ဆောက်ထားသော်လည်း ဗီယက်နမ်နိုင်ငံ၏ ထူးခြားသော ဗိသုကာလက်ရာများကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဂူဗိမာန်၏ အပြင်ပိုင်းဒီဇိုင်းကို မီးခိုးရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး အတွင်းဒီဇိုင်းကို မီးခိုးရောင်၊ အနက်ရောင်နှင့် အချောကိုင်ထားသော အနီရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားပါတယ်။
ဂူဗိမာန်၏ နံရံတွင် “သမ္မတ ဟိုချီမင်း” စာသားထွင်းထားပြီး ဘေးဘက်မှာ “ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သက်တော်ရာကျော်ရှည်ပါစေ” ဟု ရေးသားဖော်ပြထားသည်ကိုတွေ့မြင်နိုင်ပါတယ်။ ဂူဗိမာန်အဆောက်အဦဟာ အမြင့် ၂၁.၆ မီတာ၊ အကျယ် ၄၁.၂ မီတာ ရှိပြီး ဂူဗိမာန်၏ ဘေးချင်းကပ်လျက်တွင် ချီတက်ပွဲများ၊ ဗိုလ်ရှုသဘင်များ ကြည့်ရှုရန် အဆင့်ခုနစ်ဆင့်ပါဝင်သည့် ပလက်ဖောင်းနှစ်ခုပါရှိပါတယ်။ ဂူဗိမာန်ရှေ့ရှိ ပလာဇာကို လမ်းကြောင်းများဖြင့် ခြားထားသော အပင်များဖြင့် စတုရန်းပေ ၂၄၀ ဖြင့် ပိုင်းခြားထားပါတယ်။
ဂူဗိမာန်အနီးတစ်ဝိုက်မှာတည်ရှိသည့် ပန်းခြံများတွင် မတူညီကွဲပြားသော လှပသည့်အပင်များနှင့် ပန်းမျိုးစိတ်ပေါင်း ၂၅၀ နီးပါးစိုက်ပျိုးထားပြီး ဗီယက်နမ်နိုင်ငံ၏ မတူညီသောဒေသများမှယူကာ စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ ဂူဗိမာန်၏အတွင်း အလယ်တည့်တည့်တွင် “သမ္မတ ဟိုချီမင်း” ၏ ရုပ်ကလာပ်ထားရှိသည့် မှန်ခေါင်းတလားအား ဂူဗိမာန်၏ အအေးခန်းဗဟိုခန်းမတွင် တပ်မတော်ဂုဏ်ပြုအစောင့်အရှောက်ဖြင့် ထိန်းသိမ်းထားရှိပါတယ်။ “သမ္မတ ဟိုချီမင်း” ဂူဗိမာန်ကို အများသူငှာ‌ အလေးပြုလေ့လာနိုင်ဖို့ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ဖွင့်လှစ်ထားရှိပါတယ်။
“သမ္မတကြီး ဟိုချီမင်း” ကွယ်လွန်သွားပြီဖြစ်သော်လည်း ဗီယက်နမ် ပြည်သူအပေါင်းတို့ကား သူတို့ချစ်သော ဦးလေးဟိုကို ဘယ်သောအခါမျှမေ့နိုင်ကြမည်မဟုတ်ပေ။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …

More Interesting Blogs from Zlann