“အဂ္ဂမဟာသေနာပတိ ဘွဲ့ခံ သေနတ်ဝန် ဦးကောင်း”

ဦးကောင်းဆိုတဲ့ နာမည်ဟာ မြန်မာတို့ရဲ့ ကုန်းဘောင်ရာဇဝင်တွေထဲမှာ ကြားဖူးနေကျဖြစ်မှာပါ။ ဒီနာမည်ကို ကြားလိုက်တာနဲ့ ‘ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်’ ဆိုတဲ့ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့လက်ထက်မှာ အမှုတော်ထမ်းခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်းနဲ့ ရောထွေးနေနိုင်ပါတယ်။ အခုပြောပြပေးမယ့် ဦးကောင်းကတော့ တတိယမြန်မာနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ မြင်းရည်တက် လက်ရွေးစင် သူရဲကောင်း ၆၈ ယောက်မှာပါဝင်တဲ့ လက်ရုံးစစ်ဗိုလ်ချုပ်ကြီး သေနတ်ဝန် ဦးကောင်းပဲ ဖြစ်ပါတယ်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ တန်ခိုးထွန်းလင်းပုံတွေကို ပြန်ပြောင်းအမှတ်ရမယ်ဆိုရင်တော့ ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းခဲ့ကြတဲ့ သူရဲကောင်းတွေ အကြောင်းကလည်း မပါမဖြစ်ပဲဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်မှာ ဦးအောင်ဇေယျရဲ့ လက်ရုံးဗိုလ်ချုပ်ကြီး သုံးဦးရှိခဲ့ဖူးပါတယ်။ သူတို့ကတော့ ဦးကောင်းလို့ ခေါ်ကြတဲ့ သေနတ်ဝန် ဦးကောင်း၊ မင်းခေါင်နော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ် ဦးတွန်နဲ့ မဟာသီဟသူရ ဦးသာတို့ပဲဖြစ်ပါတယ်။ အလောင်းမင်းတရားကြီးဟာ အရေးတော်ပုံ တိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲပြီးတိုင်း အမှုထမ်းသူရဲကောင်းတွေကို ဘွဲ့ထူးအသစ်တွေ ချီးမြှင့်လေ့ရှိပါတယ်။ ဘွဲ့တော်အသစ်ရရင် ဘွဲ့အဟောင်းကို စွန့်ရပါတယ်။ အချို့ဆိုရင် ဘွဲ့ ၇ ဆင့်အထိ မြှောက်စားခံခဲ့ရပါတယ်။
ဦးအောင်ဇေယျရဲ့ မြင်းရည်တက် သူရဲကောင်း ၆၈ ယောက်ရွေးချယ်ပုံကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ တောင်ငူခေတ်က တပင်ရွှေထီးတို့ သူရဲကောင်းရွေးတုန်းကတော့ လက်ဖျားထိပ်မှာ အပ်ကိုစိုက်ပြီး တူနဲ့ရိုက်သွင်းတာကို မအော်ရ၊ မငိုရ၊ မျက်နှာတစ်ချက်မပျက်ရဘဲ တုန်လှုပ်မှုမရှိသူသာ ဘုရင့်ကိုယ်ရံတော် တပ်မှာ အမှုထမ်းခွင့်ရပါတယ်။ ဒါပေမဲ့ ကုန်းဘောင်ခေတ်ရဲ့ သူရဲကောင်းရွေးပုံကတော့ သွေးထွက်သံယို တစ်စက်မှမဖြစ်စေပါဘူး။ ရွေးချယ်ပုံက လူရဲ့ရင်ဝတည့်တည့်ကို ချိန်ရွယ်ထားတဲ့ လှံချွန်ရှိရာကို သူရဲကောင်းက ရင်ကော့ကာ ကြောက်ရွံ့တဲ့အမူအရာမရှိပဲ ပြေးဝင်ရပြီး နီးကပ်လာတဲ့အခါ လှံချွန်ကိုင်ထားသူက အမြန်ဖယ်ပေးရပါတယ်။ သူရဲကောင်းလောင်းလျာကို သွေးစွန်းစေရင်တော့ လှံကိုင်ရဲ့ အပြစ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရွေးချယ်ခဲ့ရာမှာ ထိပ်ဆုံးကပါဝင်တဲ့ ၁၀ ဦးလောက်က ဦးအောင်ဇေယျရဲ့ ဆွေမျိုးတွေပဲဖြစ်ပါတယ်။ အဲဒီလို အမျိုးအဆွေတောင့်တင်းတာကလည်း နန်းလျာရွေးချယ်တဲ့နေရာမှာ အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ဦးအောင်ဇေယျရဲ့ သူရဲကောင်းတွေဟာ ခေသူတွေမဟုတ်ကြတာကို တွေ့ရမှာပါ။ ဦးကောင်းဟာလည်း မင်းကျော်ပျံချီ၊ ၊ မင်းလှမင်းခေါင်၊ မဟာသေနာပတိ၊ မင်းလှမင်းကျော်ခေါင်၊ သေနတ်ဝန် နဲ့ အဂ္ဂမဟာသေနာပတိ စတဲ့ ဘွဲ့တွေနဲ့ မြှောက်စားခံခဲ့ရတဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူတစ်ဦးပဲ ဖြစ်ပါတယ်။ အလောင်းမင်းတရားကြီး ပထမဆုံး ချီးမြှင့်တဲ့ ဘွဲ့က မင်းကျော်ပျံချီဖြစ်ပြီး နောက်ပိုင်းမှာတော့ စစ်ရေးဘွဲ့ထူး တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာသေနာပတိဘွဲ့အထိကို ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။ အင်းဝမြို့တော်ကို သိမ်းပိုက်ပြီးနောက် မွန်စစ်သူကြီး တလပန်းက “ သေနတ်ဝန်ဆိုသူကို အရဖမ်းပါ၊ သူ့ကိုမိလျှင် ငါတို့မုဆိုးဘိုကို အလွယ်နဲ့ရမည်” ဆိုတဲ့ စကားကို ကြည့်ခြင်းအားဖြင့် ဦးကောင်းဟာ မုဆိုးဘိုမှာ ဘယ်လောက်ထိ အရေးပါတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်မလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။
ဒါတင်မကသေးပဲ ဦးအောင်ဇေယျကို စိန်ခေါ်ကာ ဘုန်းလက်ရုံးချင်း စီးချင်းထိုးခဲ့ဖူးသူ ခင်ဦးစားချစ်ညို ကိုယ်တိုင်က သူနဲ့ တိုက်ဖက်တန်သူ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ အင်းဝမပျက်ခင် ကတည်းက ပေါ်ခဲ့တဲ့ တဘောင်အရ “ဖိုသုံးဖို တစ်ဖိုမီးတောက်မည်၊ ဘိုသုံးဘို တစ်ဘိုမင်းဖြစ်မည်” ဆိုတဲ့အတိုင်း နဂါးဗိုလ်ရွာသား ရွှေနဂါး၊ မုဆိုးဘို ရွာသား ဦးအောင်ဇေယျနဲ့ အုတ်ဖိုနယ်က ကွေ့ရှမ်း ဂုဏ္ဏအိမ်တို့ဟာ မင်းလောင်းတွေအဖြစ် ကျော်ကြားခဲ့ကြပေမယ့် ခင်ဦးစားချစ်ညိုကတော့ ဘုန်းစွမ်းကံစ နည်းတဲ့ သူရဲကောင်းတစ်ဦးလို့ ပြောရမလိုပါ။ အစွမ်းအစရှိပေမယ့်လည်း ဘုန်းကံမရှိတာကြောင့် လက်ရုံးမီးတောက်တဲ့ ဦးအောင်ဇေယျကို မယှဉ်နိုင်ပဲ မွန်တို့နဲ့ ပူးပေါင်းခဲ့သူဖြစ်ပါတယ်။
မွန်တို့လက်အောက်ခိုဝင်သွားတဲ့ ဦးချစ်ညိုကို နှိမ်နင်းဖို့ကိစ္စမှာ ဦးအောင်ဇေယျအတွက်တော့ အတော်လေး စနိုးစနောင့်ဖြစ်စရာပါ။ ဒါကြောင့် မွန်မြန်မာတိုက်ပွဲကာလအတွင်း ဦးချစ်ညို မတရားယူဆောင်သွားတဲ့ ကျွဲနွားတွေကို ပြန်လည်ရယူဖို့ ဦးကောင်းကို တာဝန်ပေးခဲ့ပါတယ်။ ဦးချစ်ညိုက ဦးကောင်း တပ်စခန်းချရာကို လာရောက်ပြီး “ ယောက်ျားကောင်းသော် ထွက်ခဲ့စေ၊ စီးချင်းကစားမည်၊ သေနတ်သမားများက ပွဲကြည့်နေကြ” ဆိုပြီး မုဆိုးဘိုသားတို့ကို စိန်ခေါ်လိုက်ပါတယ်။ ဒီအခါ မုဆိုးဘိုရွာဘက်က မင်းကျော်ဗညားဘွဲ့ခံ ဦးမြတ်ထွန်း ထွက်လာခိုက်မှာတော့ ဦးချစ်ညိုက “ငမြတ်ထွန်းနဲ့ ငါ တိုက်ဖက်မတန်၊ ငါ့လှံသာသွေးစွန်းမည်” ဆိုပြီး ငြင်းပယ်လိုက်ပါတယ်။ အဲဒီနောက် ဦးတွန်ထွက်လာတဲ့ အခါမှာလည်း “ငတွန်ငယ် ငါ့လက်စွမ်းကို စဉ့်ကိုင်မှာ နေစဉ်ကပင် နင်သိရင်းဖြစ်သည်။ နင်နဲ့ တိုက်ဖက်မတန်” ဆိုပြီး ထပ်မံငြင်းလွှတ်လိုက် ပြန်ပါတယ်။ နောက်ဆုံးမှာတော့ ဦးချစ်ညိုကိုယ်တိုင်က “ငကောင်းထွက်ခဲ့” လို့ဆိုကာ မင်းကျော်ပျံချီ ဘွဲ့ခံ ဦးကောင်းကို စိန်ခေါ်လိုက်ပါတယ်။ ဦးကောင်းထွက်လာတဲ့ အခါမှာတော့ “သည်တစ်ခါသော် ယောကျာ်းကောင်းချင်း တွေ့ကြရပြီ။ အမောင်တို့ တစ်စု ပွဲကြည့်ကာသာနေ” လို့ဆိုလိုက်ပါတယ်။
ဦးချစ်ညိုက မြင်းရေးအမျိုးမျိုး ကစားပြနေခိုက် ဦးကောင်းကတော့ လှံကိုသာကိုင်ပြီး အချက်ကောင်းကို စောင့်နေပါတယ်။ အဲဒီနောက် ဦးချစ်ညိုပစ်လိုက်တဲ့ လှံက ဦးကောင်းရဲ့ မြင်းကိုထိမှန်ပြီး ဟန်ချက်ပျက်သွား တာကြောင့် သေနတ်သမားတွေက ချိန်ရွယ်လိုက်ကြပါတယ်။ ဒါကို ဦးချစ်ညိုက ကတိမတည်ကြဘူးလို့ မြည်တွန်တောက်တီးပြီး ပြန်သွားပါတယ်။ တစ်ဖန် ဦးချစ်ညိုက မွန်တို့ဆီကနေ စစ်သည် ၃၀၀၀ တောင်းကာ ဦးအောင်ဇေယျနဲ့ စီးချင်းထိုးပြီး တိုက်ပေမယ့်လည်း အရေးနိမ့်တာကြောင့် မဟာမြိုင်တောထဲကို ပြေးသွား ပါတယ်။ ဒီအခါ ဦးကောင်းက စစ်သသည်အင်အား ၂၀၀၀ နဲ့ ဦးချစ်ညိုကို လိုက်လံဖမ်းဆီးရပါတယ်။ ဦးချစ်ညိုက ကျွန်းတောကနေ မင်းကင်းကို ပြေးပြန်တာကြောင့် မင်းကျော်ပျံချီ ဦးကောင်းတစ်ယောက် တကောက်ကောက် လိုက်ရပါတယ်။ နောက်တော့ မင်းကင်းက မွန်ဗိုလ်မှူး ရာဇာဓိရာဇ်က မုဆိုးဘိုကို အညံ့ခံလိုက်တာကြောင့် ဦးချစ်ညိုခမျာ မွန်ဥပရာဇာတပ်ဆီ ပြန်ပြေးပါတယ်။ ဒါပေမဲ့ စစ်သူကြီးတလပန်းက မသင်္ကာတာကြောင့် အဆုံးစီရင် လိုက်ပါတယ်။ ဒါကြောင့် ဦးကောင်းဟာ ဦးအောင်ဇေယျအမိန့်အတိုင်း ဦးချစ်ညိုကိုတော့ လက်ရမဖမ်းဆီး နိုင်ခဲ့ပါဘူး။
အဲဒီနောက် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံမှာ မွန်တို့စုန်ဆင်းတာကို တားဆီးဖို့လည်း ဦးကောင်းက တာဝန်ပေးခံ ခဲ့ရပါတယ်။ ဒါပေမဲ့ အလောင်းမင်းတရားကိုယ်တော်တိုင် ရေကြောင်းနဲ့ စုန်ဆင်းလာတာကြောင့် အင်းဝကို မရောက်ခင်မှာပဲ မွန်တပ်တို့ဆုတ်ခွာသွားကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဦးကောင်းဟာ မင်းလှမင်းခေါင်ဆိုတဲ့ ဘွဲ့ထပ်ရပါတယ်။ ရှမ်းပြည်တစ်လွှားကို ချီတက်စေရာမှာလည်း စော်ဘွားမြို့စားတို့သစ္စာတော်ခံကြကာ အရေးတော်ပြီးကြောင်း လျှောက်တင်နိုင်တာကြောင့် အလောင်းမင်းတရားက အားရဝမ်းသာဖြစ်ပြီး လက်မှာ ဝတ်ထားတဲ့ လက်ကောက်တစ်ရန်ကို ဆုချကာ မဟာသေနာပတိဆိုတဲ့ ဘွဲ့အမည်ကို ထပ်မံပေးအပ်ခံခဲ့ ရပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဦးတွန် တာဝန်ထမ်းဆောင်ရာ ရန်ကုန်မြို့ဆီ တိုက်လှေတစ်ရာနဲ့အတူ မဟာသေနာပတိ ဦးကောင်းကို စုန်ဆင်းကာ အင်အားဖြည့်တင်းစေပါတယ်။ ဦးကောင်းနဲ့ ဦးတွန်ကို ရတာနဲ့ မြန်မာမင်းရဲ့ လက်ရုံးနှစ်ဖက် ပြုတ်ပြီအတွေးနဲ့ ရန်ကုန်ကို သိမ်းဖို့ ဟံသာဝတီတပ်တွေကြံဆောင်ပါတယ်။ ရန်ကုန်မြစ်အတွင်း မွန်တို့ဘက်က သင်္ဘာ ၇ စင်း နေရာယူထားကာ ကုန်းနဲ့ရေ နှစ်ဖက်ညှပ်တိုက်ဖို့ အစီအစဉ်ဆွဲပြီး ဦးကောင်းနဲ့ ဦးတွန်ကို စိန်ခေါ်ပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်နဲ့ ပြင်သစ်တို့လည်း အောက်ပြည်မှာ ရှိနေကြကာ မြန်မာတွေအနေနဲ့ မွန်တို့ကို ခုခံနိုင်ဖွယ်မရှိဘူးလို့ ယူဆတာကြောင့် ပြင်သစ်က မွန်တို့ဘက်ကနေ ကူညီပေးခဲ့ပြီး အင်္ဂလိပ်တို့ကတော့ စောင့်ကြည့်နေခဲ့ပါတယ်။
မွန်ရေတပ်ကို မြန်မာတို့က ဖိအားပေးတိုက်တာကြောင့် ရေတပ်ပျက်ပြီး ကုန်းတပ်လည်း ကစဉ့်ကလျားဖြစ်ကုန်ပါတယ်။ ဒါကြောင့် သန်လျင်ဘက်မှာ အခိုင်အမာ ပြုနေကြပါတယ်။အလောင်းမင်းတရားကြီးက သန်လျင်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ မဟာသေနာပတိ ဦးကောင်းကို တာဝန်ပေးအပ်ပါတယ်။ ဒါကြောင့် ဦးကောင်းလည်း အချိန်မဆိုင်းပဲ နောက်တစ်နေ့မှာပဲ သန်လျင်ကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။ သန်လျင်မြို့မှာ အခိုင်အမာပြုနေတဲ့ မွန်တို့က ရေနက်တဲ့ ကျုံးတွေတူးထားပြီး အကွပ်အကဲကောင်းတဲ့ ဗညားဒလနဲ့ မွန်တပ်မှူးတွေကြောင့် အလွယ်တကူ သိမ်းမရပဲ ရှိနေပါတယ်။ ကျုံးတွေကို ဖြတ်ကူးနိုင်မဲ့ လမ်းကြောင်းကို ရှာဖွေရင်း ဦးကောင်းက တပ်သားတွေကို အားပေးစကားပြောပါတယ်။ သန်လျင်မြို့တွင်းက အမြှောက်တွေနဲ့ ပစ်ခတ်တာကြောင့် မုဆိုးဘိုသားတို့ အထိအခိုက်များခဲ့ပါတယ်။ ဦးကောင်းက ကျုံးကို အခွင့်သာတာနဲ့ ကူးဖို့ နည်းလမ်းရှာရင်း ဝက်သတ်တံခါးနားအရောက်မှာတော့ ဝဲယာကနေ စိန်ပြောင်း ၂၀ ကျော်နဲ့ ပစ်ခတ်မှုကြောင့် ဆီးခြိုက် ကို ထိမှန်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးကောင်းက သူဒဏ်ရာရတဲ့ အကြောင်း စစ်သည်တွေသိသွားရင် အားလျော့ကုန်မှာစိုးတာကြောင့် ဟန်မပျက်ဆက်နေရင်း လူတွဲနဲ့ လှေဆိပ်ကို ဆင်းကာ မြောက်ဘက်ကမ်းကို ကူးပါတယ်။ အလောင်းမင်းတရားကြီးက သံလျက်စွန်းကနေ ကြည့်နေခိုက် လှေတစ်စင်း အပြင်းလှော်လာတာကို မြင်တာကြောင့် အမြန်ဆင်းကြည့်ဖို့ မိန့်ပါတယ်။ ဒီအခါ ဆင်းကြည့်တဲ့ စစ်သည်တွေက “ မှန်လှပါ၊ မဟာသေနာပတိကြီး စိန်ပြောင်း သင့်ခဲ့ကြောင်းပါ…” လို့ လျှောက်တင်တဲ့အခါမှာတော့ အလောင်းမင်းတရားကြီးရဲ့ နှုတ်ဖျားကနေ “ဟာ ဆုံးခဲ့ပြီ” လို့ဆိုကာ သမားတော်တွေကို ခေါ်ကာ ကြိုးစားပြီး ကယ်တင်ကုသဖို့ဆိုပါတယ်။ ဒါပေမဲ့ ဦးကောင်းက “ယနေ့ပင် ကိုယ်တော့်ကို ပစ်လို့ သွားရပါတော့မယ်” လို့ မချိတင်ကဲ ပြန်လည်လျှောက်တင် လိုက်ပါတယ်။ မဟာသေနာပတိကြီးက ရွှေတိဂုံစေတီကို အာရုံပြုရင်း ကွယ်လွန်သွားခဲ့ပါတယ်။
အလောင်းမင်းတရားကြီးခမျာ ဆိုးတူကောင်းဖက် သူရဲကောင်းစစ်သူကြီး ကွယ်လွန်ရတာကြောင့် ကြေကွဲဝမ်းနည်းကာ အဂ္ဂမဟာသေနာပတိဆိုတဲ့ အမြင့်ဆုံးဘွဲ့ထူးကို ပေးအပ်ပြီး ထီးဖြူအုပ်ကာ အခမ်းအနားနဲ့ သင်္ဂြိုဟ်စေပါတယ်။ လက်ရုံးတော် စစ်သေနာပတိကြီး ကွယ်လွန်ပြီးနောက်မှာတော့ အလောင်းမင်းတရားကြီးက လက်ရွေးစင်တပ်သား ၉၃ ဦးကို စစ်ဝတ်တန်ဆာအပြည့်အစုံ ဆင်ယင်ကာ သန်လျင်ကို ချီတက်တိုက်ခိုက်စေပါတယ်။ဒီလိုနဲ့ လက်ရွေးစင်တပ်တို့ မြို့ထဲရောက်ပြီး မွန်တို့အရေးနိမ့်ကာ သန်လျင်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းတရားကြီးဟာ သူနဲ့အတူ တိုက်ပွဲပေါင်းများစွာကို ရှေ့ဆုံးက ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့ စစ်သေနာပတိကြီး ဦးကောင်းကိုတော့ သန်လျင်တိုက်ပွဲမှာ အပြီးတိုင် လက်လွှတ်လိုက်ရပါတယ်။

More Interesting Blogs from Zlann