မြန်မာရာဇဝင်ထဲက ရင်နင့်စဖွယ်အချစ်ဇာတ်လမ်းလို့ ဆိုလိုက်တာနဲ့ အတွေးထဲပေါ်လာတဲ့ နာမည်နှစ်ခုကတော့ ဓာတုကလျာနဲ့ နတ်သျှင်နောင်တို့ဖြစ်ပါတယ်။ ‘ရာဇဓာတုကလျာ’က ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးရဲ့ သမီးတော်ဖြစ်ပြီး မိခင်ဖြစ်သူက ‘ရာဇဒေဝီ’ ဘွဲ့ခံ ‘ရှင်ထွေးလှ’ ဖြစ်ပါတယ်။
သက္ကရာဇ် ၉၂၁ ခု၊ နတ်တော်လဆန်း (၁၄)ရက်၊ တနင်္ဂနွေနေ့မှာဖွားမြင်ခဲ့သူ ဖြစ်ပါတယ်။ ‘ရာဇဓာတုကလျာ’ လို့အမည်တွင်ရတဲ့ အကြောင်းအရင်းကတော့ ဟံသာဝတီကိုအောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ စေတီတစ်ဆူ တည်ပါတယ်။အဲဒီစေတီတော်မှာ ဌာပနာဖို့ ဓာတ်တော်တွေပို့ဆောင်တဲ့နေ့မှာ မွေးဖွားခဲ့တာကြောင့် ရာဇဓာတုကလျာ လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။
ကောင်းမွန်တဲ့နေ့ထူးနေ့မြတ်မှာ မွေးဖွားတဲ့ သမီးတော်ကို ခမည်းတော် ဘုရင့်နောင်မင်းတရားကြီးက အလွန်ချစ်မြတ်နိုးတော်မူတဲ့အတွက် တပင်တိုင်မြနန်းမှာ စံမြန်း စေပါတယ်။
ဓာတုကလျာမင်းသမီးကို တွေ့မြင်ဖူးကြသူတွေတိုင်းကတော့ မင်းသမီးလေးဟာ အလွန်ချောမောလှပတယ်လို့ ပြောဆိုကြပြီး ဟံသာဝတီမြို့မှာ မင်းသမီးနဲ့ အမှတ်မထင်တွေ့ဆုံခွင့်ရခဲ့တဲ့ ခရစ်ယာန်သာသနာပြု Mr. Bovis ဆိုသူကလည်း သူ့ရဲ့မှတ်တမ်းထဲမှာ ရာဇဓာတုကလျာ ချောမောလှပကြောင်းကို မှတ်တမ်းတင်ရေးသား ခဲ့ပါတယ်။ တကယ်တော့ “ရာဇဓာတုကလျာ” ဆိုတာက အဆင်းလှရုံသာမကဘဲ အချင်းနဲ့ပါပြီးပြည့်စုံသူ ဖြစ်ပါတယ်။ စာပေတစ်ခေတ်လို့ဆိုရလောက်အောင် စာဆိုများစွာ ထွန်းပေါက်ထွက်ပေါ်ခဲ့တဲ့ တောင်ငူခေတ် မှာဆိုရင် ဓာတုကလျာမင်းသမီးဟာ အမျိုးသမီးစာဆိုအကျော်အမော်တစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သူဖြစ်ပါတယ်။
၁၅၈၁ ခုနှစ်မှာတော့ ခမည်းတော် ဘုရင့်နောင်မင်းတရားကြီးနတ်ရွာစံသွားခဲ့တာကြောင့် သားတော်နန္ဒဘုရင်က ထီးနန်းဆက်ခံခဲ့ပါတယ်။ နန္ဒဘုရင် ထီးနန်းရရှိပြီးနောက်မှာတော့ သားတော်ဖြစ်သူ မင်းကြီးစွာကို အင်းဝ သတိုးမင်းစော ရဲ့ သမီးတော် နတ်ရှင်မယ်တော်နဲ့ ထိမ်းမြားစုံမက်စေခဲ့ပြီး အိမ်ရှေ့မင်းအရာ ချီးမြှင့် ခဲ့ပါတယ်။ အဲဒီအချိန်မှာဆိုရင် ဓာတုကလျာမင်းသမီးလေးရဲ့အသက်က ၂၂ နှစ်အရွယ် ရှိနေခဲ့ပါပြီ။ ခမည်းတော်ဖြစ်သူ ဘုရင့်နောင်မင်းကြီး နတ်ရွာစံပြီးတဲ့အချိန်ကတော့ ဓာတုကလျာမင်းသမီးအတွက် ကံဆိုးမှုတွေ စတင်ကြုံတွေ့ ခဲ့ရတဲ့အချိန်တွေလို့ ဆိုရမှာပါ။ ဓာတုကလျာမင်းသမီးမှာ ဆွေမျိုးရင်းချာအဖြစ် အစ်ကိုတော်နဲ့မောင်တော် တစ်ပါးရှိပေမဲ့လည်း အစ်ကိုဖြစ်သူက ဇင်းမယ်ဘုရင်အဖြစ်နဲ့ ဇင်းမယ်ကို ရောက်ရှိနေသလို မောင်ဖြစ်သူကလည်း မုတ္တမစားအဖြစ်နဲ့ မုတ္တမကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မင်းသမီးလေးမှာ ဖခမည်းတော်ကြီး မရှိတော့တဲ့အပြင် အားကိုးအားထားပြုရမဲ့ အစ်ကိုတော်နဲ့ မောင်တော် တွေကလည်း အနားမှာမရှိတာကြောင့် အထီးကျန်အားငယ်ခဲ့ရရှာပါတယ်။
တစ်ဖက်မှာလည်း အိမ်ရှေ့မင်း မင်းကြီးစွာက ဖခင်ဖြစ်သူ နန္ဒဘုရင်ရဲ့စိတ်ဆန္ဒသဘောအရ နတ်ရှင်မယ်တော်နဲ့ လက်ဆက်ခဲ့ရပေမဲ့လည်း အမှန်တကယ်ချစ်မြတ်နိုးရသူကတော့ အရီးတော် ဓာတုကလျာမင်းသမီး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း ကြင်ဖက်ဖြစ်သူ နတ်ရှင်မယ်တော်ကို လျစ်လျူရှုခဲ့မိတာကြောင့် အချိန်တစ်ခုကြာလာတဲ့အခါမှာ နတ်ရှင်မယ်တော်နဲ့ ကတောက်ကဆတွေဖြစ်ခဲ့ကြပါတော့တယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေဖြစ်ပေါ်နေတဲ့ကြားထဲကမှ တစ်နေ့မှာတော့ အကြင်လင်မယားနှစ်ယောက် အချင်းများရင်း လင်တော်မောင် မင်းကြီးစွာက တွန်းလိုက်တာကြောင့် နတ်ရှင်မယ်တော်ဟာ သလွန်ညောင်စောင်းနဲ့တိုက်မိပြီး နဖူးမှာ သွေးထွက်ခဲ့ပါတယ်။ ဒီအခါမှာတော့ မဟာဆီ မဟာသွေးစစ်စစ်ဖြစ်တဲ့ နတ်ရှင်မယ်တော်ဟာလည်း အမျက်တော်ရှပြီး နဖူးမှသွေးတွေကို သဘက်နဲ့သုတ်ကာ ခမည်းတော် အင်းဝဘုရင်ဆီ ပို့ဆောင်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အင်းဝနဲ့ဟံသာဝတီ စစ်မက်ဖြစ်ပွားခဲ့ပြီး အင်းဝဘုရင် သတိုးမင်းစော ဟာလည်း တိုက်ပွဲမှာကျဆုံးခဲ့ရပါတယ်။ မလိုမုန်းတီးသူတွေကတော့ ဒီအကျည်းတန်တဲ့ဖြစ်ရပ်ဟာ ဓာတုကလျာ မင်းသမီးကြောင့်ဖြစ်တယ်လို့ သမုတ်ခဲ့ကြပါတယ်။
နန္ဒဘုရင်ဟာ ယိုးဒယားကိုသွားရောက်တိုက်ခိုက် နေချိန်မှာတော့ အိမ်ရှေ့စံဖြစ်သူ သားတော် မင်းကြီးစွာကို နန်းစောင့်အဖြစ်ထားရှိခဲ့ပါတယ်။ မင်းကြီးစွာလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဓာတုကလျာကို အတင်းအကျပ်သိမ်းပိုက်ခဲ့တာကြောင့် ဓာတုကလျာဟာ ရုတ်ချည်းဆိုသလို အိမ်ရှေ့မိဖုရားတစ်ပါး ဖြစ်လာခဲ့ပါတယ်။လက်ဆက်ပြီး ခြောက်နှစ်အကြာ မှာတော့ မင်းကြီးစွာ ဉီးဆောင်ကာ ထိုင်း ကိုထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ မင်းကြီးစွာဟာ တိုက်ပွဲမှာကျဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဟံသာဝတီဟာ အုပ်ချုပ်မှုညံ့ဖျင်းတာကြောင့် စစ်ပွဲတွေဆက်တိုက်ဖြစ်လာခဲ့ပြီး ယိုယွင်းပျက်စီးလာခဲ့သလို ဆူပူသောင်းကျန်းသူတွေလည်းထကြွလာခဲ့ပါတယ်။ ဒီအခါမှာ တောင်ငူဘုရင် မင်းရဲသီဟသူနဲ့ သားတော် နတ်သျှင်နောင်တို့က ရခိုင်ဘုရင် မင်းရာဇာကြီးတပ်တွေနဲ့ ပူးပေါင်းပြီး ဟံသာ၀တီကို တိုက်ခိုက်ခဲ့တာကြောင့် နန္ဒဘုရင်ဟာ ထီးနန်းစွန့်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဘုရင့်နောင်ရဲ့ ဇွဲ၊ လုံ့လတို့နဲ့ ဖန်တီးတည်ဆောက်ခဲ့တဲ့ ကမ္ဘောဇသာဒီနန်းတော်ဟာ တောင်ငူဘုရင် မင်းရဲသီဟသူရဲ့ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မင်းရဲသီဟသူဟာ နန်းကျဘုရင်ဟောင်းဖြစ်တဲ့ နန္ဒဘုရင်ကို ရှေးဦးစွာ တောင်ငူကိုပို့ဆောင်စေခဲ့ပြီး ပဲခူးမှာရှိတဲ့ မင်းမှူးမတ်တွေနဲ့ စစ်သည်တွေကို သစ္စာပေးပြီး နန်းသိမ်းပွဲခံခဲ့ပါတယ်။ ဒါဟာ မင်းရဲသီဟသူအတွက် အောင်ပွဲဖြစ်သလို သားဖြစ်သူ နတ်သျှင်နောင်ကိုလည်း အထွတ်အထိပ် ရောက်စေခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဆိုလည်း မမှားပါဘူး။
သက္ကရာဇ် ၉၆၄ ခု၊ နတ်တော်လဆန်း (၈)ရက်၊ ကြာသပတေးနေ့မှာတော့ မင်းရဲသီဟသူဟာ တောင်ငူကို ကျုံး၊ မြို့ရိုး၊ တန်ဆောင်း၊ ပြာသာဒ်အသစ်တို့နဲ့ တစ်ဖန်ပြင်ဆင်မွမ်းမံပြီး ကေတုမတီ ရွှေနန်းတော်သစ်ကြီးကို တည်တော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းရဲသီဟသူကို တောင်ငူရွှေနန်းတည်မင်းလို့ ခေါ်တွင်စေခဲ့တာ ဖြစ်ပါတယ်။ မင်းရဲသီဟသူဟာ တောင်ငူရွှေနန်းတော်ကြီးကို အသစ်တစ်ဖန်တည်တော်မူပြီးနောက် သက္ကရာဇ် ၉၆၄ ခု၊ နှောင်းတန်ခူးလဆန်း (၁ဝ)ရက်၊ သောကြာနေ့မှာတော့ မိဖုရားခေါင်နဲ့အတူ နန်းသိမ်းပွဲကျင်းပပြီး ‘မဟာဓမ္မရာဇာ’ ဘွဲ့အမည်ကိုသမုတ်တော်မူကာ မိဖုရားခေါင်ကြီးကိုလည်း ‘အတုလအဂ္ဂမဟာဒေဝီ’ ဘွဲ့အပ်နှင်းခဲ့သလို သားတော်ကြီးဖြစ်တဲ့ နတ်သျှင်နောင်ကိုလည်း ဟံသာဝတီအိမ်ရှေ့မင်းအဖြစ် အပ်နှင်းပါတယ်။
အိမ်ရှေ့မိဖုရားကတော့ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မုဆိုးမ ဓာတုကလျာဖြစ်ပါတယ်။မုဆိုးမဖြစ်ပြီး ၁၀ နှစ်အကြာ မှာ အိမ်ရှေ့မိဖုရားအဖြစ်ပြန်လည်ရောက်ရှိတာဖြစ်ပါတယ်။အဲဒီအချိန် နတ်သျှင်နောင်ရဲ့ အသက်က ၂၄ နှစ်သာ ရှိသေးတဲ့ အတွက် အသက်အရွယ် အလွန်ကွာခြားလွန်းလှပါတယ်။
တောင်ငူအိမ်ရှေ့စံဖြစ်သူ နတ်သျှင်နောင်က ဓာတုကလျာကို မင်းကြီးစွာမသိမ်းပိုက်ခင်တည်းက ချစ်ခင်စုံမက် နေခဲ့တာဖြစ်ပြီး မုဆိုးမဖြစ်နေချိန်အထိလည်း သံယောဇဉ်ရှိနေဆဲပါ။ နတ်သျှင်နောင်က ဘုရင့်နောင် မင်းတရားကြီး ရဲ့ မြေးတော်စပ်သူဖြစ်တာကြောင့် ဓာတုကလျာနဲ့ဆိုရင် ဒွေးလေးတော်နဲ့ တူတော်အဖြစ် တော်စပ်ပါတယ်။ တစ်ဖန် ဓာတုကလျာရဲ့ ပထမကြင်ရာတော်ဖြစ်တဲ့ မင်းကြီးစွာနဲ့ နတ်သျှင်နောင်တို့က ဝမ်းကွဲ နောင်တော်ညီတော်ဖြစ်ကြတာကြောင့် ဓာတုကလျာနဲ့ နတ်သျှင်နောင်တို့ရဲ့ တော်စပ်မှုပုံစံက မရီးတော်နဲ့ မတ်တော် အဖြစ်လည်းရှိကြပါသေးတယ်။ ဒါပေမဲ့လည်း နတ်သျှင်နောင်က ရာဇဓာတုကလျာကို ရအောင်ထိမ်းမြားလက်ထပ်ယူခဲ့ပါတယ်။
အပျိုစင်မဟုတ်တဲ့အပြင် မုဆိုးမဘဝ အရွယ်ကျစပြုပြီ ဖြစ်တဲ့ အိမ်ရှေ့မိဖုရားဟောင်း ရာဇဓာတုကလျာဟာ ယခင်တုန်းကဖြစ်ရပ်တွေကြောင့် အိမ်ရှေ့စံအသစ်ဖြစ်တဲ့ နတ်သျှင်နောင်နဲ့ လက်ဆက်ဖို့ အကြောင်းဖန်ချိန် မှာလည်း လူအများရဲ့ ကဲ့ရဲ့ပြောဆိုခြင်းကို ခါးစည်းခံခဲ့ရပြန်ရှာပါတယ်။ ဒါပေမဲ့လည်း ရာဇဓာတုကလျာ အပေါ်ထားရှိတဲ့ နတ်သျှင်နောင်ကိုယ်တော်က နှစ်သက်မြတ်နိုးတဲ့ပုံစံဟာ ရာဇဝင်မှာစာတွင်လောက်တဲ့အထိ ပြောစမှတ်တွင်ခဲ့ပါတယ်။
ဓာတုကလျာဟာ လင်တော်မောင် အိမ်ရှေ့စံရဲ့ မျက်နှာသာပေးမှုကိုရရှိခဲ့ပေမဲ့လည်း ကိုယ်တိုင်က အနုပညာကိုသာ ခုံမင်သူဖြစ်တာကြောင့် တိုင်းရေးပြည်ရာတွေကို ဝင်ရောက်ခြယ်လှယ်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဓာတုကလျာဟာ နိုင်ငံ့ရေးရာကိစ္စတွေကို ဝင်ရောက်ပတ်သက်ခြင်းမရှိတဲ့ မိဖုရားအဖြစ် ရာဇဝင်စာမျက်နှာတွေမှာ မှတ်တမ်းတင်ခံခဲ့ရပါတယ်။
နတ်သျှင်နောင်နဲ့ဓာတုကလျာတို့ဟာ တစ်ယောက်ကိုတစ်ယောက် လွန်စွာချစ်မြတ်နိုးကြပြီး အနုပညာကို ခံစားတတ်တဲ့ နှလုံးသားချင်းထပ်တူကျတာကြောင့်လည်း ပိုမိုရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံတရားက မေတ္တာကံခေသူ သူတို့နှစ်ဉီးကို ၇ လခန့်သာပေါင်းဖက်ခွင့်ပေးခဲ့ပြီး ၁၆၀၃ ခုနှစ်၊ အောက်တိုဘာလမှာတော့ အိမ်ရှေ့မိဖုရား ရာဇဓာတုကလျာ ကံတော်ကုန်ခဲ့ရှာပါတယ်။ ကံတော်ကုန်ချိန်မှာတော့ ဓာတုကလျာရဲ့ အသက်ဟာ သက်တော် ၄၄ နှစ်ပြည့်ဖို့ ၁ လအလို ဖြစ်ပါတယ်။ ရာဇဓာတုကလျာ ကွယ်လွန်ပြီးချိန်မှာတော့ ဇနီးဖြစ်သူကို အသက်တမျှချစ်ရတဲ့ နတ်သျှင်နောင်မှာလည်း စိတ်နှလုံးချုံးချုံးကျ ကြေကွဲခဲ့ရပါတော့တယ်။ နတ်သျှင်နောင်ဟာ မိဖုရားဖြစ်သူ ရာဇဓာတုကလျာကို အလွန်မြတ်နိုးတော်မူတာကြောင့် ဓာတုကလျာကို မျှော်ရည်မှန်းကာစပ်ဆိုခဲ့တဲ့ ရတုကဗျာတွေကလည်း များပြားလှပါတယ်။
’’ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပြန့်ပြူးခြုံသိုင်း၊ မုန်တိုင်းဆင်လို။ တိမ်ညိုမှိုင်းထပ်၊ လျှပ်ပြက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေးထွေးစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကိုး။ မြရည်သတ်မှတ်၊ ရောက်ခဲ့လတ်ဟု၊ ချစ်ထွဋ်တင်သည်၊ ပြာစဉ်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလှမ်းဝှန်၊ ရှိလိမ့်ဟန်ကို။ တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပြန်ကြွ၊ မတတ်သောဝ်။’’ လို့ ရေးသားခဲ့ပါတယ်။
အလားတူ ရာဇဓာတုကလျာကလည်း တောင်ငူခေတ်ရဲ့ အမျိုးသမီးစာဆိုအကျော်အမော် ဖြစ်ပြီး ရှုပ်ထွေးပွေလီလှတဲ့ နန်းတော်ထဲမှာမပျော်ပိုက်ပဲ ထာဝစဉ်ညှိုးငယ်နေရတဲ့ သူမရဲ့ ဘဝဖြစ်အင်နဲ့ ခင်ပွန်းသည် နတ်သျှင်နောင်အပေါ်ထားရှိတဲ့ မေတ္တာတွေအကြောင်းကိုလည်း ရတုအလင်္ကာအဖြစ်နဲ့ ရေးဖွဲ့ထားခဲ့ပါသေးတယ်။
သမိုင်းစာဆိုပညာရှင်တွေကတော့ ရာဇဓာတုကလျာဟာ ကြီးမားသောဘုန်းကံနဲ့ ဘုရင့်သမီးတော်တစ်ပါးအဖြစ် မွေးဖွားလာခဲ့ပြီး ဒုက္ခသုခတွေကို အရွယ်နှင့်မမျှခံစားခဲ့ရပေမဲ့ အသက်ရှင်စဉ်ကာလတလျှောက်မှာ အနုပညာနဲ့ လောကကိုအလှဆင်ပေးခဲ့တဲ့ ရာဇဝင်ထဲမှမင်းသမီးတစ်ပါး ဖြစ်တယ်လို့ အသိအမှတ်ပြုဆိုထားကြပါတယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube : https://www.youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/