“အနောက်မယ်တော် (ခေါ်) ရေယဉ်ကတော်”

နတ်များကို ယုံကြည်မှုဖြင့် တင်မြှောက်ပသသည့် အစဉ်အလာတွေဆိုတာက အခုခေတ်အချိန်ကျမှ ရှိတာမျိုးမဟုတ်ဘဲ ရှေးယခင် အချိန်ကာလများစွာကတည်းက ရှိနေခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု ဓလေ့ တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအစဉ်အလာက မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ရှိနေတာမဟုတ်ဘဲ လူမျိုးအသီးသီးရဲ့ ဓလေ့ထုံးတမ်းတွေအရ ကမ္ဘာ့အရပ်ဒေသအသီးသီးမှာလည်း ပုံစံမျိုးစုံနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။
သမိုင်းလေ့လာသူအချို့ကတော့ မြန်မာနိုင်ငံမှာ နတ်တွေကို ယုံကြည်တဲ့ အစဉ်အလာတွေက သမိုင်းမတင်မီခေတ်ကတည်းက ရှိနေခဲ့ကြောင်းနဲ့ အေဒီ ၄ ရာစု ပုဂံခေတ်ဦးပိုင်း အချိန်တုန်းကလည်း နတ်တွေကိုတင်မြှောက်တဲ့ ဓလေ့တွေက အကြီးအကျယ် ထွန်းကားမှုတွေရှိခဲ့ကြောင်းကို ခန့်မှန်းကောက်ချက်ချထားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှေးခေတ်အဆက်ဆက်ကတည်းက ဒီနေ့အချိန်အထိ ယုံကြည်လာခဲ့ကြတဲ့ မိရိုးဖလာရိုးရာနတ်တွေဆိုတာ ရှိပြီး အဲဒီလိုနတ်တွေထဲမှာတော့ “အမေရေယဉ်” လို့ လူသိများကြတဲ့ ရေယဉ်ကတော်ကလည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။
ဓားပိုင်၊ ကျားပိုင်၊ မြွေပိုင်၊ မီးပိုင်လို့ ကျော်ကြားတဲ့ ရေယဉ်ကတော်ဟာ ၃၇ မင်း နတ်စာရင်းထဲမှာမဝင်ပေမဲ့ နတ်လောကမှာတော့ ထင်ရှားတဲ့နတ်တစ်ပါးဖြစ်ပြီး အမည်နာမအားဖြင့်ကတော့ “အမေရေယဉ်” ဆိုတဲ့ နာမည်နဲ့သာမက အနောက်မယ်ရေယဉ်၊ အမယ်အိုကြီးနတ် စသဖြင့်လည်း အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ ရေယဉ်ကတော်ရဲ့ ဘဝအတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဇာတ်လမ်းဇာတ်ကြောင်းတွေက အမျိုးမျိုးအထွေထွေ ကွဲပြားမှုတွေရှိနေတယ်ဆိုပေမဲ့ အဲဒီရာဇဝင်ဇာတ်လမ်းတွေထဲမှာ ဖော်ပြထားတဲ့ တူညီမှုနှစ်ခုကတော့ ရေယဉ်ကတော်မှာ မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး အချိန်ကာလ နောက်ခံကလည်း ပုဂံခေတ်ဖြစ်တာပါပဲ။
ရေယဉ်ကတော်ရဲ့ မွေးချင်းမောင်နှမတွေထဲမှာဆိုရင် ရေယဉ်ကတော်အပါအဝင် ညီအစ်မ ၄ ယောက်က သာမညဇော်ကနီပညာကိုသာမက ဝိဇ္ဇာဓရပညာရပ်တွေပါ ဝမ်းတွင်းပါ တတ်မြောက်ကျွမ်းကျင်ကြသူတွေဖြစ်တယ်လို့ အဆိုရှိပြီး ရေယဉ်ကတော်ကတော့ မွေးချင်းတွေထဲက အငယ်ဆုံးညီမဖြစ်ပါတယ်။ ငယ်အမည် စောနန်းမွန် (ခေါ်) ရှင်ထူးလို့ အမည်တွင်တဲ့ ရေယဉ်ကတော်မှာ ရှင်ဦး၊ ရှင်ဗြူးနဲ့ ရှင်ကြူးဆိုတဲ့ အစ်မသုံးယောက်အပြင် အစ်ကိုတစ်ယောက်လည်း ရှိပါတယ်။ အစ်ကိုဖြစ်သူကတော့ တောင်ဦးမြို့စား မဟာပဗ္ဗတရာဇာဖြစ်ပြီး ဒီဘွဲ့ကိုတော့ မဏိစည်သူမင်းကြီးကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရှင်ထူးတို့ ညီအစ်မလေးယောက်ဟာ ဝမ်းတွင်းပါ စုန်းကဝေတွေဖြစ်ကြပေမဲ့ သူတို့ရဲ့ အနီးအနားက ဆွေမျိုးတွေ၊ ရံရွှေတော်တွေနဲ့ တခြားသူတွေ မသိရှိလေအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရှင်ထူးတို့ညီအစ်မတွေက တိမ်စိုင်တိမ်ညွှန့်တွေ စားသုံးရင်းနဲ့ ပုဂံပြည်အနီးက ကောင်းကင်ယံဘက်ကို ရောက်မှန်းမသိဘဲ ရောက်ရှိသွားခဲ့ပြီး အဲဒီအချိန်မှာပဲ ပုဂံပြည့်ရှင် မဏိစည်သူမင်းကြီးရဲ့ မြောက်နန်းမိဖုရားဖြစ်တဲ့ နာဂသိန် ကလည်း ရှင်ထူးတို့ညီအစ်မတွေနည်းတူ ကောင်းကင်ယံမှာ ပညာခန်းဆက်နေခဲ့ပါတယ်။
မိဖုရားနာဂသိန်ဟာ မှော်အတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်သူဖြစ်သလို ရန်သူတွေအပေါ်မှာလည်း ရက်စက်မှုအပြည့်နဲ့ နှိမ်နင်းတတ်တဲ့ စုန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ခါးပန်းနီဆရာရဲ့ တပည့်အရင်းအချာလည်းဖြစ်ပြီး ခါးပန်းနီဆရာဆိုတာကတော့ လူ့အသွေးအသားကို စားသုံးပြီးတော့မှ နှစ်ဆောင်ပြိုင် ပညာစခန်းကို တက်လှမ်းအောင်မြင်ထားတဲ့ အောက်လမ်းဆရာကြီး တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာဂသိန်က ခင်ပွန်းသည်ရှင်ဘုရင်နဲ့ ဆရာဖြစ်သူတို့ကို အားကိုးပြီးတော့မှ ပုဂံပြည်တစ်ဝိုက်ဝန်းကျင်မှာ မောက်မာ သောင်းကျန်းနေခဲ့ပြီး ပုဂံပြည်ရဲ့ ကောင်းကင်ယံတစ်ခွင်မှာလည်း ဘယ်ပညာသည်ကိုမှ တိမ်ညွှန့်တက်စားခွင့် မပေးခဲ့ပါဘူး။
နာဂသိန်နဲ့ ရှင်ထူးတို့ညီအစ်မလေးယောက်ရဲ့ တွေ့ဆုံမှုအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်တော့ ရှင်ထူးတို့ကို မြင်လိုက်တဲ့အခါမှာ နာဂသိန်က အမျက်ဒေါသတွေဖြစ်ပေါ်ပြီး သူ့ရဲ့ပင်ကိုယ်ဗီဇအတိုင်း အော်ဟစ်ငေါက်ငမ်းကာ ချက်ချင်းထွက်သွားဖို့ မောင်းထုတ်ခဲ့ပါတယ်။ နာဂသိန်ဆီကနေ ဒီလို မောင်းထုတ်ခံလိုက်ရတဲ့အခါမှာတော့ ညီအစ်မလေးယောက်စလုံးကလည်း မခံမရပ်နိုင်ဖြစ်ပြီး ခွန်းတုံ့ပြန်ပြောခဲ့သလို ပညာစက်ကြိုးတွေနဲ့ တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ နာဂသိန်ရဲ့ စက်ကြိုးကို ညီမအငယ်ဆုံးလေးဖြစ်တဲ့ ရှင်ထူးက ဖြတ်ချပစ်ခဲ့ပါတယ်။ ပြန်လည်ကာကွယ်နိုင်ခြင်းမရှိတဲ့ နာဂသိန်တစ်ယောက် မြေပြင်ကို ဆင်းသက်သွားခဲ့ပါတော့တယ်။ ဒါပေမဲ့လည်း နဂိုကတည်းက အမျက်ဒေါသကြီးမားတဲ့ နာဂသိန်ဟာ ရှင်ထူးတို့ညီအစ်မတွေအပေါ်မှာ ဒေါသတကြီးနဲ့ အငြိုးထားခဲ့ပြီး အခွင့်သာရင်သာသလို လက်စားချေနိုင်မယ့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။
ဒါကြောင့် နန်းတော်ထဲမှာ ဟန်မပျက်ဆိုသလို ပြန်လည်နေထိုင်ခဲ့တဲ့တစ်လျှောက်အတွင်းမှာလည်း ရှင်ထူးတို့ ညီအစ်မတွေရဲ့ မူလဇစ်မြစ်က ဘယ်ဆီဘယ်ဒေသကဖြစ်တယ်ဆိုတာကို အထောက်တော်တွေ စေလွှတ်ပြီး စုံစမ်းခဲ့ပါတယ်။ ဒီလို စုံစမ်းတဲ့အခါမှာတော့ ညီမအငယ်ဆုံးဖြစ်တဲ့ ရှင်ထူးက ပိုပြီးတော့မှ အစွမ်းထက်သူဖြစ်တယ်ဆိုတာကို သိရှိခဲ့သလို အကောက်ကြံနိုင်မဲ့ အကြံအစည်ကိုလည်း စဉ်းစားမိခဲ့ပါတယ်။ အဲဒါကတော့ ကဒူးကနန်း ဒေသမှ တောင်ဦးနယ်စား ပဗ္ဗတရာဇာရဲ့ အစ်မတွေနဲ့ ညီမငယ်ဖြစ်သူတို့က ပညာသည်တွေဖြစ်ကြောင်းနဲ့ ပုဂံပြည် ထီးနန်းကိုလည်း သူတို့တတ်အပ်တဲ့ပညာတွေနဲ့ ပြုစားပြီးတော့မှ သိမ်းပိုက်မှာဖြစ်တယ်ဆိုတဲ့ လိမ်လည်စကား ပါပဲ။ ဒီအကြောင်းကို ခင်ပွန်းသည်မင်းကြီးဆီ လိမ်လည်လျှောက်တင်ခဲ့ပြီး မင်းကြီးအနေနဲ့ သူတို့မောင်နှမငါးယောက်ကို ရှေ့တော်မှောက်ဆီ ခေါ်ယူမေးမြန်းကြည့်သင့်ကြောင်းကိုလည်း တစ်ပါတည်း ရွှေနားတော်သွင်းခဲ့ပါတယ်။
ဒီအခါမှာ မဏိစည်သူမင်းကြီးကလည်း မိဖုရားဖြစ်သူရဲ့ စကားကို ယုံစားခဲ့တာကြောင့် ကဒူးကနန်းဒေသမှ တောင်ဦးနယ်စား ပဗ္ဗတရာဇာတို့မောင်နှမငါးယောက်အနေနဲ့ မိမိတို့ရဲ့ဒေသကနေ ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ပုဂံပြည်နန်းတွင်းဆီ ကိုယ်တိုင်ကိုယ်ကျ ဆက်သပြီး ရှေ့တော်မှောက် လာရောက်ခစားဖို့အတွက်ကို ပရိယာယ်ဆင်ကာ အမိန့်တော် ထုတ်ပြန်လိုက်ပါတော့တယ်။
မောင်နှမငါးယောက်ကလည်း ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ သူတို့အရပ်ဒေသကနေ ထွက်ရှိတဲ့ နှမ်းဆီတွေနဲ့ တခြားထွက်ကုန်တွေကို လက်ဆောင်ပဏ္ဍာတွေအဖြစ် ဆက်သဖို့အတွက် ပြင်ဆင်ခဲ့ကြပြီး မင်းနေပြည်တော်ဖြစ်တဲ့ ပုဂံပြည်ဆီကို ထွက်လာခဲ့ကြပါတယ်။ ပုဂံပြည်ကို ရောက်တဲ့အခါမှာတော့ ပြည့်ရှင်မင်းရဲ့ အမိန့်စကားအတိုင်း ဆီအိုးတွေကို ခေါင်းပေါ်ရွက်တင်ပြီးတော့မှ ရွှေနန်းတော်ဆီကို လျှောက်လှမ်းလာခဲ့ကြပါတော့တယ်။ ဒါပေမဲ့ သယ်ဆောင်လာရတဲ့ ဆီတွေက အိုးအပြည့်ဖြစ်နေတဲ့အတွက် အိုးနှုတ်ခမ်းနဲ့ ဘောင်ဘင်ရိုက်ခတ်ပြီးမှ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ကို ယိုစိမ့်စီးကျနေခဲ့ပါတယ်။ ဒါ့အပြင် ပုဂံပြည်ရဲ့ ရာသီဥတုကလည်း အလွန်ပူပြင်းလှတဲ့အတွက် ညီမအငယ်ဆုံးလေးဖြစ်တဲ့ ရှင်ထူးခမျာ ရာသီဥတုအနေအထားကြောင့်ရော၊ တစ်ကိုယ်လုံးမှာ ပေကျံနေတဲ့ ဆီတွေကြောင့်ပါ စိတ်က မကြည်မလင် ဖြစ်နေခဲ့ပါတော့တယ်။
ဒီလိုစိတ်တွေ ရှုပ်နေတဲ့အချိန်မှာပဲ ဦးတည်ရာနန်းတော်ရဲ့ ဂိတ်တံခါးဝဆီကို ရောက်ရှိလာခဲ့တာကြောင့် တောင်ဦးမြို့စားက ဦးဆောင်ပြီး ဝင်ခွင့်တောင်းပါတယ်။ ဒါပေမဲ့ နန်းတော်ထဲကို ဝင်ရောက်ဖို့ဆိုတာက မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် မြို့ဝန်မင်းဆီမှာ သယ်ယူလာတဲ့ လက်ဆောင်ပဏ္ဍာတွေက ဘယ်လိုအရာတွေဖြစ်တယ်ဆိုတာကို စစ်ဆေးမေးမြန်းမှုတွေ ခံယူကြရပါတယ်။ ဒီအခါမှာ ဆီအပြည့်ထည့်ထားသည့် အိုးများကို မနိုင်မနင်း ထမ်းရွက်လာရတဲ့အပြင် ရာသီဥတု၏ အပူဒဏ်ကြောင့် နဂိုကတည်းက ပင်ပန်းပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ ရှင်ထူးက ဆီအိုးအဖုံးကို ဖွင့်ပြီး “ဘာလက်ဆောင်တွေ ဖြစ်ရမှာလဲ… မြွေတွေဟဲ့ မြွေတွေ” လို့ ဆိုလိုက်တဲ့အခါမှာတော့ ရှင်ထူးရဲ့ စကားအတိုင်း အိုးအတွင်းကနေ မြွေတွေထွက်လာပြီး အနီးဆုံးမှာရှိနေတဲ့ မြို့ဝန်ကို ပေါက်သတ်လိုက်ပါတော့တယ်။
အဲဒီနောက်မှာတော့ မြို့ဝန်ကို ပညာသည် စောနန်းမွန်က ပြုစားပြီး အသက်ဇီဝိန်ချုပ်လိုက်တယ်ဆိုတဲ့ စကားက ရုတ်ချည်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး အခြေအနေတွေအားလုံးကလည်း ရှုပ်ထွေးခဲ့ပါတော့တယ်။ ဒေါသကြောင့် တဒင်္ဂ စိတ်လွတ်သွားတဲ့ စောနန်းမွန် (ခေါ်) ရှင်ထူးမှာလည်း အဲဒီအချိန်ရောက်တော့မှ သတိဝင်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ အစ်မတော်တွေ နောက်သို့ ပြေးလိုက်ဖို့ ပြင်ပါတော့တယ်။ အဲဒီအချိန်မှာ အစ်မတော် ၃ ယောက်နဲ့ အစ်ကိုတော် တောင်ဦးမြို့စားတို့က မင်းကြီးရဲ့ ရှေ့တော်မှောက်ဆီကို ခစားနေကြပါပြီ။ ရှင်ထူးခမျာ သူ့ရဲ့အစ်ကိုနဲ့ အစ်မတွေကို အားကိုးတဲ့စိတ်နဲ့ “ကယ်ပါ ယူပါ” လို့ တကြော်ကြော် အော်ဟစ်ပြီး ပြေးလွှားတဲ့အခါမှာ စိတ်အဟုန်က ဇောကပ်နေသည့်အတွက် ရဲမက်အပေါင်းရဲ့ အတားအဆီးတွေကိုလည်း တွန်းထိုးကျော်လွှားခဲ့သလို စက်ကြိုးတွေကလည်း ဖုံးဖိမရတော့ဘဲ ပေါ်လွင်သွားပါတော့တယ်။ ဒီလိုစက်ကြိုးပညာတွေ ထွက်ပေါ်လာတဲ့အခါမှာတော့ ခြေထောက်နဲ့ မြေကြီးကလည်း လုံးဝမထိတော့သလိုဖြစ်နေတာကြောင့် လေထဲမှာ ပြေးနေသလိုဟန်မျိုး ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နာဂသိန်မိဖုရား ကြိုတင်ကြံစည်ထားတဲ့ အစီအရင်တွေကို အသုံးပြုပြီးတော့မှ ရှင်ထူးကို ဖမ်းဆီးနိုင်ခဲ့ကြပြီး ဘုရင်မင်းမြတ်ရဲ့ ရှေ့တော်မှောက်ဆီကို ခေါ်ဆောင်လာခဲ့ကြပါတယ်။
ဘုရင်မင်းမြတ်ထံ ဖြစ်ကြောင်းကုန်စင်ကို လျှောက်တင်ပြီးတဲ့အခါမှာတော့ မင်းကြီးက ရှင်ထူးကို သတ်ဖို့အတွက် အစ်ကိုဖြစ်သူ တောင်ဦးနယ်စားကို တာဝန်ပေးပါတယ်။
တောင်ဦးနယ်စားက ညီမလေး စောနန်းမွန်ကို မသတ်နိုင်ကြောင်း ငြင်းဆိုတဲ့အခါ မောင်နှမ နှစ်ယောက်စလုံးကို ကွပ်မျက်စေလို့ အမိန့်တော် ချမှတ်ပြန်ပါတယ်။ စောနန်းမွန်လည်း စုန်းစိတ်ဝင်လာပြီး ဆင်ကို အစွယ်ချိုးလိုက်ပါတော့တယ်။ ဒီအခါမှာ မှူးမတ်တွေက ကျားနဲ့တိုက်ဖို့အတွက် တစ်ဖန် ကြံဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှင်ထူးက အဲဒီကျားကိုလည်း ဇီဝိန်ချုပ်ငြိမ်းပစ်လိုက်ပြီး နောက်ဆုံးမှာတော့ တဒင်္ဂ လူစိတ်ပျောက်ဆုံးသွားတဲ့အတွက် အစောင့်တွေကိုပါမချန် ဇာတ်သိမ်းကာ ထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။
အဲဒီနောက်မှာ မင်းကြီးက ရှင်ထူးကို လိုက်လံဖမ်းဆီးဖို့ တောင်ဦးနယ်စားကို အမိန့်ပေးခဲ့ပြီး တကယ်လို့များ ဖမ်းမမိခဲ့ရင် ကျန်ရှိတဲ့ အစ်မသုံးယောက်ကို မီးလောင်တိုက်သွင်းမယ်လို့ဆိုကာ ခြိမ်းခြောက်ခဲ့ပါတယ်။ မင်းကြီးရဲ့ အမိန့်စကားကို ကြားတဲ့အခါမှာတော့ တောင်ဦးနယ်စားလည်း မင်းအမိန့်ကို မလွန်ဆန်နိုင်ဘဲ ရှင်ထူး ထွက်ပြေးသွားခဲ့တဲ့ အရပ်မျက်နှာတစ်လျှောက် စုံစမ်းမေးမြန်းရင်းနဲ့ ခရီးဆက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရှင်ထူးက တောအုပ်တောင်တန်းများ ထူထပ်သည့် ပုံတောင်ပုံညာအရပ်ဆီကို ရောက်ရှိနေခဲ့ပြီး အဲဒီအရပ်ဒေသကိုပဲ သူ့အတွက် နားခိုရာနေရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပါပြီ။ ဒါပေမဲ့ နက်ရှိုင်းတဲ့ တောသဘာဝဖြစ်တာနဲ့အညီ အဲဒီဒေသမှာ သားရဲတိရစ္တာန်များစွာ ကျက်စားကြပြီး မြွေဆိုးတွေဆိုတာလည်း အလွန်ကိုမှ ပေါများလှတဲ့ အရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရှင်ထူး (ခေါ်) စောနန်းမွန်မှာလည်း အစ်ကိုတော်နဲ့ အစ်မတော်တွေကို လွမ်းဆွတ်သတိရစိတ်နဲ့ ပူဆွေးနေတဲ့အချိန်အတွင်းမှာ များပြားလှသည့် မြွေများကို မြင်တွေ့ရခြင်းက သူ့ရဲ့စိတ်ကို ပိုမိုညစ်ညူးသွားစေပြီး လူစိတ်ပျောက်တစ်လှည့်၊ ကဝေစိတ်ရောက်တစ်လှည့်နှင့် အန္တရာယ်ပြုမိပါတော့တယ်။ ဒီအခါမှာ အထိအခိုက်အနာဆုံးက တောတွင်းက မြွေတွေဖြစ်တာကြောင့် မြွေမျိုးနွယ်စုအပေါင်းတို့ကလည်း သူတို့ရဲ့အရှင်သခင်ဖြစ်တဲ့ ငန်းတော်ရှင်မကြီး “အမေဘဲ” ဆီကို သွားရောက်တိုင်တန်းခဲ့ကြပါတယ်။
ဖြစ်ရပ်အကြောင်းစုံကို သိလိုက်ရပြီးတဲ့နောက် “အမေဘဲ” က သူ့ရဲ့ ဒိဗ္ဗစက္ခုအဘိညာဉ် နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ စောနန်းမွန်ရဲ့ ဘဝဖြစ်အင်ကို မြင်တွေ့သိရှိသွားခဲ့ပြီး အနားမှာ ခေါ်ယူစောင့်ရှောက်ထားဖို့အတွက် ကဒူးကနန်း အဘွားအို အယောင်ဆောင်၍ စောနန်းမွန်ရှိရာဆီကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “အမေဘဲ” က စောနန်းမွန်ကို သူနေထိုင်ရာဂူအတွင်းဆီကို ခေါ်ဆောင်လာခဲ့ပြီး သူဟာ လူစင်စစ်တစ်ယောက်မဟုတ်ကြောင်း ရှင်းပြခဲ့သလို ကဒူးကနန်းစော်ဘွားဧကရီတစ်ပါးလည်းဖြစ်၊ မွေးရာပါ ကဝေသာရအတတ်ပညာနဲ့ ဝိဇ္ဇာဓရ အတတ်ပညာရှင် ဖြစ်တဲ့ စောနန်းမွန်က မြွေမျိုးနွယ်စုရဲ့ အရှင်သခင်မအသစ်ဖြစ်ကြောင်းကိုပါ အသိပေးကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်ကစလို့ စောနန်းမွန်ကို ပညာအမွေအလုံးစုံကို သင်ကြားပေးခဲ့ပြီး မြွေမျိုးနွယ်စုအပေါင်းကိုလည်း ဆက်လက်အုပ်စိုးစေခဲ့ပါတယ်။
ဒီလိုနဲ့ လအနည်းငယ်ကြာပြီးတဲ့အချိန်မှာတော့ မဏိစည်သူမင်းရဲ့ ခိုင်းစေချက်အရ ရှင်ထူးကို လိုက်လံရှာဖွေနေခဲ့တဲ့ အစ်ကိုတော် တောင်ဦးနယ်စားနဲ့ အဆိုပါ ပုံတောင်ပုံညာဒေသတစ်ဝိုက်မှာပဲ ပြန်လည်ဆုံတွေ့ခဲ့ပြီး ပုဂံပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာအစုံအလင်ကို သိရှိသွားခဲ့ပါတော့တယ်။ အဲဒီလိုသိသွားတဲ့အခါမှာ တောင်ဦးနယ်စားအနေနဲ့ ပုဂံပြည်ကနေ ထွက်ခွာလာခဲ့တာ လအတန်ကြာမြင့်နေပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ အစ်မတော်တွေနဲ့ ဆွေတော်မျိုးတော်တွေမှာလည်း ရာဇဝတ်ဘေးသင့်ပြီး ကွပ်မျက်ခံရပြီဟု ထင်မှတ်ခဲ့ပါတယ်။ ဒီအခါမှာတော့ ရှင်ထူးဟာ ဒေါသပုန်ထွက်ပြီး ပုဂံပြည်ကို မီးလောင်တိုက်သွင်းမယ်လို့ ကြိမ်းဝါးကာ ပုဂံပြည်ဆီ ထွက်ခွာသွားပါတော့တယ်။ ဒါပေမဲ့ ပုဂံပြည်ဆိုတာက ဗုဒ္ဓသာသနာတော် ထွန်းကားမည့် အရပ်ဒေသဖြစ်သည့်အတွက် သိကြားမင်းက ရဟန်းတစ်ပါးအသွင် ဖန်ဆင်းပြီး ရှင်ထူးကို တားမြစ်ဖို့အတွက် လာရာလမ်းမှာ အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။
ရှင်ထူးဆိုတာက မူလကတည်းက စိတ်သဘောထားနူးညံ့သူ၊ ရတနာသုံးပါးကို သက်ဝင်ယုံကြည်သူပီပီ လမ်းခရီးမှာ အမှတ်မထင် တွေ့ဆုံတဲ့ ရဟန်းကိုလည်း ရိုသေစွာ ရှိခိုးဝပ်တွားခဲ့ပြီး ရဟန်းအသွင်ယူထားတဲ့ သိကြားမင်းက အကြောင်းကိစ္စအစုံအလင်ကို မေးတဲ့အခါမှာလည်း ချွင်းချက်မရှိ ဖြေဆိုခဲ့ပါတယ်။ ဒီအခါမှာတော့ သိကြားမင်းက ရှင်ထူးကို လောကမှာ ဖြစ်ပျက်တတ်တဲ့ တရားသဘောကို ဟောကြားခဲ့ပြီး ရှင်ထူးရဲ့ ဒေါသအရှိန်ကို ငြှိမ်းသတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သိကြားမင်းဖြစ်ကြောင်းနဲ့ ရှင်ထူးဆီက ကဝေသာရအတတ်နဲ့ ဝိဇ္ဇာဓရအတတ်တွေကို အလှူခံခဲ့ပြီး အဲဒီလိုစုန်းကဝေအတတ်ပညာတွေအစား အလွန်တန်ခိုးရှိလှတဲ့ ဒေဝသိဒ္ဓိတို့ကို ပေးသနားတော်မူမှာ ဖြစ်ကြောင်းကိုလည်းဆိုခဲ့ပါတယ်။
ဒေဝသိဒ္ဓိက ဘယ်လို အစွမ်းပကားရှိသလဲဆိုတာကို ရှင်ထူးက ပြန်လည်မေးမြန်းတဲ့အခါမှာတော့ သိကြားမင်းက ဒေဝသိဒ္ဓိဆိုတာ လူစင်စစ်ကနေ နတ်ဖြစ်သွားပြီး ဒီလိုအစွမ်းတွေ ရရှိပြီးတဲ့နောက်ပိုင်းမှာ ရှင်ထူးအနေနဲ့ “မယ်ရေယဉ်” ဆိုတဲ့ ဘွဲ့နာမည်နဲ့ ၇ ရက်သားသမီးတို့ကို ကယ်တင်ပေးနိုင်တဲ့ နတ်တစ်ပါးအဖြစ် အသက်ထောင်သောင်းချီ နေထိုင်နိုင်မှာဖြစ်ကြောင်း ပြောဆိုကာ ရှင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရှင်ထူးဟာ “မယ်ရေယဉ်” ဆိုတဲ့ ဘွဲ့နာမည်နဲ့ ဇီးတောမောင်းတုန်အရပ်မှာ နေထိုင်ပြီး အကူအညီလိုအပ်သူတွေကို သူ့ရဲ့ သိဒ္ဓိအစွမ်းတွေနဲ့ ကူညီကယ်တင်ပေးခဲ့ကာ အချိန်ကာလတစ်ခု ကြာမြင့်လာတာနဲ့အမျှ ဒီသတင်းကလည်း ပုဂံရွှေနန်းတော်ဆီ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။
အဲဒီအခါမှာတော့ မဏိစည်သူမင်းက ဇီးတောမောင်းတုန်အရပ်ဆီကို သူ့ရဲ့ ဖောင်တော်နဲ့ ရောက်ရှိလာခဲ့ပြီး ဒီလိုမျိုး မဏိစည်သူမင်း ရောက်လာတာကို ရှင်ထူး သိရှိသွားချိန်မှာတော့ ရွှေသားကြိုးကတ္တီပါဖိနပ်ကို စီး၍ ဓားကို ညာဘက်ပခုံးပေါ်တင်ပြီးတော့မှ မြွေလက်ကောက်၊ မြွေသရဖူ အဆင်တန်ဆာစုံလင်စွာနဲ့ ထဘီကို စွန်တောင်ဆွဲကာ မြစ်ရေပြင်ပေါ်ကနေ ကိုယ်ထင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ ဘဝဖြစ်စဉ်အကြောင်းနဲ့ နာဂသိန်မိဖုရားရဲ့ အကောက်ကြံမှုတွေအကြောင်းကို သေချာရှင်းလင်းပြောပြခဲ့တာကြောင့် မဏိစည်သူမင်းကလည်း သူ့ရဲ့အမှားကို နောင်တရပြီး ရှင်ထူးကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
ဒီအချိန်မှာ ရှင်ထူးက သိကြားမင်းရဲ့ တရားပြမှုကြောင့် အမျက်ဒေါသတွေ ပြေပျောက်နေပြီဖြစ်တဲ့အတွက် မင်းကြီးရဲ့ တောင်းပန်မှုကို လက်ခံခဲ့သလို မဏိစည်သူမင်းကြီးကလည်း နှစ်တိုင်း အခါတော်ကောင်းသည့် တပေါင်းလ ရောက်ချိန်တိုင်း မယ်ရေယဉ်အား ပူဇော်ပွဲ ကျင်းပရမည်ဟု ဆိုခဲ့သလို ပုံတောင်ပုံညာနဲ့ ဇီးတောမောင်းတုန်အရပ်ကို မယ်ရေယဉ်အား အပိုင်စားပေးကြောင်းလည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် မဏိစည်သူမင်းကြီးနဲ့ မယ်ရေယဉ်တို့ ဆုံတွေ့ရာအရပ်မှာလည်း ဖောင်တော်ဦးစေတီ တည်စေဖို့အတွက် မိန့်ကြားခဲ့ပါသေးတယ်။
အနောက်မယ်ရေယဉ် (ခေါ်) ရေယဉ်ကတော်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောစမှတ်တွင်မှုတွေ၊ ဇာတ်လမ်းဇာတ်ကြောင်းတွေဆိုတာက များစွာရှိတာကြောင့် တချို့သော ဇာတ်ကြောင်းနေရာတွေမှာ ကွဲလွဲမှုတွေက အနည်းနှင့်အများ ရှိနေနိုင်ပါတယ်။ ဥပမာတစ်ခုပြောရရင် သိကြားမင်းက ရေယဉ်ကတော်ရဲ့ ဝမ်းတွင်းပညာတွေကို အလှူခံတဲ့အခါမှာ ရေယဉ်ကတော်က သူ့ရဲ့ ပညာတွေကို မပေးလိုတာကြောင့် အနီးနားမှာရှိတဲ့ မြွေကိုဖမ်းပြီး သူ့ရဲ့ပညာကို မြွေရဲ့ကိုယ်ထဲ ထည့်သွင်းပေးလိုက်တာမျိုး ဖြစ်ပါတယ်။
အဲဒီအခါမှာ သိကြားမင်းက မြွေကို သန်လျက်နဲ့ သုံးပိုင်းပိုင်းလိုက်တာကြောင့် ရေယဉ်ကတော်က စိတ်ဆိုးပြီး အဆိုပါမြွေသုံးပိုင်းကို မိုးပေါ် ပစ်မြှောက်လိုက်တဲ့အခါမှာ ခေါင်းပိုင်းက ယင်းမာပင်နယ်ဘက်ကို ကျသွားတဲ့အတွက် အဲဒီနယ်က မြွေကအစ အဆိပ်ပြင်းတယ်ဟု ဆိုပါတယ်။ မြွေအမြီးပိုင်းကတော့ မုံရွာအနောက်ဘက်ဆီကို ကျခဲ့တဲ့အတွက် အဲဒီနယ်မှာဆိုရင် ဘယ်မြွေမှ အဆိပ်မရှိဘဲ ဝမ်းဗိုက်ပိုင်း ကျရောက်ခဲ့တဲ့ ယောနယ်၊ ဆောနယ်မှ ဒေသခံတွေကတော့ မသင်ဘဲတက်တဲ့ ဝမ်းတွင်းပါ ပညာရှင်တွေ ဖြစ်ကုန်တယ်လို့ အဆိုရှိတာဖြစ်ပါတယ်။
ရေယဉ်ကတော်ရဲ့ နတ်ပွဲကိုတော့ နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့မှ ၉ ရက်နေ့အထိ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဇီးတောရွာအနီးက နတ်နန်းမှာ ကျင်းပပြုလုပ်ပြီး အဲဒီအချိန်ရောက်တိုင်းမှာ အနယ်နယ်အရပ်ရပ်မှ သိုးဆောင်းကြီး၊ သိုးဆောင်းကလေး၊ နတ်ထိန်း၊ နတ်ကတော်တွေက ပွဲတော်ဆီကို လာရောက် ဦးခိုက်ကြပါတယ်။ တောင်ခြေအနီးမှာရှိတဲ့ ချိုင့်ဝှမ်းနေရာကလည်း ပွဲတော်မရှိတဲ့အချိန်မှာဆိုရင် ခန်းခြောက်နေတတ်ပြီး ပွဲရှိတဲ့အချိန်မှာဆိုရင်တော့ ရေတွေ ပြည့်လျှံနေတတ်တယ်လို့ ဆိုကြပါတယ်။ အဲဒီနေရာကိုတော့ ရေယဉ်ချောင်း (သို့မဟုတ်) ရေယှဉ်ချောင်းလို့ တချို့တွေက ခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။
ပွဲတော်ဆီကို ဆားလင်း၊ ပုလဲ၊ ယင်းမာပင် အစရှိတဲ့ ဒေသတွေက လှည်းအစီးပေါင်း ၅၀၀၀ လောက် လာရောက်လေ့ရှိပြီး ဒီလိုလှည်းတွေနဲ့ လာရောက်ကြတဲ့အတွက် လှည်းဦးချပွဲ လို့လည်း ခေါ်ကြပါတယ်။ ပွဲတော်ကာလ ရက်အတွင်းမှာဆိုရင် ယင်းမာပင်မြို့မှာရှိတဲ့ ကျေးရွာတွေမှာ အလှူမင်္ဂလာ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရဘဲ ရပ်ဆိုင်းထားကြရတယ်လို့လည်း ဆိုကြပါတယ်။
ရေယဉ်ကတော်ဟာ ပညာရှင်တွေရဲ့ အရှင်သခင်ဖြစ်တာကြောင့် ပညာသည်တွေအားလုံးကလည်း ဒီလိုပွဲတော်ကာလမှာ လာရောက် ဂါရဝပြုကြတာမျိုးရှိပြီး ရှေးယခင်ကဆိုရင် ပညာသည်တွေက နေ့ခင်းဘက်အချိန်တွေမှာပဲ သာမန်လူတွေနည်းတူ လာရောက်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ယောကျ်ားလေးလူငယ်များ၏ စနောက်ပြောင်လှောင်မှုများကို သည်းမခံနိုင်တဲ့ ပညာသည်မိန်းကလေးတွေက ဝမ်းတွင်းပညာနဲ့ ကျိန်ဆဲလိုက်လျှင် ပွဲတော်လာရောက်သူတွေ ဒုက္ခရောက်မှာ စိုးရိမ်တဲ့အတွက် ရေယဉ်ကတော်က “ပညာသည်များအားလုံး နေ့ခင်းမလာရ။ ညလူခြေတိတ်ချိန် လူအများနှင့် မရောနှောစေဘဲ လာရောက်ရမည်” လို့ အမိန့်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပညာသည်တွေက ပွဲတော်ကာလအတွင်း လာရောက်တဲ့အခါမှာ ပွဲတော်လာရောက်သူတွေ အိပ်မောကျနေတဲ့အချိန် ညဉ့်သန်းခေါင်မှသာ ကောင်းကင်ယံကနေ လာရောက်ကြလေ့ရှိပြီး အင်းအိုင်လက်ဖွဲ့တွေ၊ ပယောဂအောက်လမ်းတွေနဲ့ ပြုစားခြင်းတွေကလည်း ရေယဉ်ကတော်ရဲ့ ခြေရင်းမှာ အားလုံးပျက်ပြယ်သွားတယ်လို့ အဆိုရှိပါတယ်။

#ZLann_Podcast #ဇာတ်လမ်း #အမေရေယဉ် #မြန်မာ့ရိုးရာနတ် #ရေယဉ်ကတော် #နတ်သမိုင်း

More Interesting Blogs from Zlann