“အမေရိကန်ကာတွန်းရုပ်ရှင်လောကရဲ့ ရှေ့ဆောင်လမ်းပြ Walter Elias Disney”

ကမ္ဘာကျော်ကာတွန်းဇာတ်ကောင်များစွာကိုဖန်တီးပြီး ဖျော်ဖြေရေးလောကရဲ့ပုံစံကို ပြောင်းလဲပစ်ခဲ့တဲ့ ဝေါ်တာ အဲလိရက်စ် ဝေါ့လ် ဒစ္စနေးလ် (Walter Elias Disney) ကိုတော့ ကာတွန်းရုပ်ရှင်ကြိုက်နှစ်သက်ကြတဲ့သူတိုင်း ကောင်းကောင်းကြီးသိရှိရင်းနှီးထားပြီးဖြစ်မှာပါ။ သူဟာဆိုရင် ရိုးရှင်းတဲ့ကာတွန်းရုပ်ပုံလေးတွေကနေ အစပြုပြီး တော့မှ ကမ္ဘာတစ်ဝန်းမှ ကလေး၊ လူကြီးမရွေး နှစ်သက်သဘောကျကြတဲ့ အပန်းဖြေဥယျာဉ်တွေနဲ့ ရုပ်ရှင် အင်ပါယာကြီးတစ်ခုဖြစ်လာအောင် အကောင်အထည်ဖော်နိုင်ခဲ့သူဖြစ်ပါတယ်။
ဒစ္စနေးလ်အနေနဲ့ ဒီလိုအောင်မြင် တဲ့ အနေအထားကို အခိုင်အမာရောက်ရှိဖို့အတွက် ဖြတ်သန်းလာတဲ့ဘ၀ခရီးလမ်းမှာဆိုရင် စိတ်ကူးစိတ်သန်း တွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရတာကြောင့် ဒီနေ့မှာတော့ အမေရိကန်ကာတွန်း ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် သတ်မှတ်ခံထားရတဲ့ အဲလိရက်စ် ဝေါ့လ် ဒစ္စနေးလ်ရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။
အမေရိကန်လူမျိုး ကာတွန်းရုပ်ရှင်ပညာရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ အသံသရုပ်ဆောင်နဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အဲလိရက်စ် ဝေါ့လ် ဒစ္စနေးလ် ကို ၁၉၀၁ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန် နိုင်ငံ၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒစ္စနေးလ်ရဲ့ မိဘနှစ်ပါးဟာ အိုင်ယာလန်နွယ်ဖွားနဲ့ ဂျာမနီ-အင်္ဂလိပ် နွယ်ဖွားတွေဖြစ်ကြပြီး မွေးချင်းတွေထဲမှာဆိုရင်တော့ သူက စတုတ္ထမြောက်သားဖြစ်ပါတယ်။ သူ့အသက် ၄ နှစ် အရွယ်မှာ မစ်ဇူရီပြည်နယ်၊ မာဆယ်လင်းမြို့ကို မိသားစုလိုက် ပြောင်းရွှေ့ခဲ့တာကြောင့် မစ်ဇူရီပြည်နယ်က သူ ကြီးပြင်းတဲ့ ဒေသဖြစ်ခဲ့ပါတယ်။
ဒစ္စနေးလ်အနေနဲ့ နောက်တစ်ချိန်မှာ အောင်မြင်လာနိုင်မယ့်လမ်းကြောင်းတစ်ခုအပေါ်ကို ရောက်ရှိလာစေတဲ့ အစပြုရာကတော့ အဲဒီမြို့မှာနေထိုင်တဲ့ အငြိမ်းစား ဆရာဝန်တစ်ဦးရဲ့ မြင်းကိုပုံဆွဲပေးဖို့ အခကြေးငွေ ရရှိခဲ့ရာ ကနေ ပုံဆွဲတာကို စိတ်ပါဝင်စားမှုရှိခဲ့တာပါ။ အဲဒီနောက် သူဟာ သတင်းစာမျက်နှာဖုံးမှာပါတဲ့ ကာတွန်းကို လိုက်လံဆွဲရာကနေ ပုံဆွဲပညာကို လေ့ကျင့်ခဲ့ပြီး ရေဆေးနဲ့ ဖယောင်းရောင်စုံခဲတံတွေ အသုံးပြုတဲ့စွမ်းရည်ကို လည်း စတင်ပျိုးထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာကိုဝါသနာပါတဲ့ ဒစ္စနေးလ်ဟာ ပန်းချီ သင်တန်းတွေကို တက်ရောက်ခွင့်ရခဲ့ပြီး အသက် ၁၈ နှစ်အရွယ်မှာတော့ လုပ်ငန်းသုံးသရုပ်ဖော်ပန်းချီဆရာအဖြစ် စတင်အလုပ်လုပ်ခဲ့ပါတော့တယ်။
ဒီလိုပန်းချီဆွဲတာအပြင် ဒစ္စနေးလ်ရဲ့ နောက်ထပ်စွဲလမ်းမှုတစ်ခုကတော့ မီးရထားတွေဖြစ်ပါတယ်။ အကြောင်း အရင်းကတော့ သူ ငယ်စဉ်အရွယ်မှာနေထိုင်ရတဲ့နေရာက မီးရထားလမ်းနဲ့ နီးကပ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၀၉ ခုနှစ်နှောင်းပိုင်းမှာတော့ သူနဲ့ သူ့ရဲ့ ညီမငယ်ဖြစ်သူတို့ဟာ မာဆယ်လင်းမြို့မှာရှိတဲ့ Park ကျောင်းမှာ ကျောင်းစတက်ခဲ့ကြပါတယ်။ ဒစ္စနေးလ်ရဲ့ ပြန်ပြောင်းပြောပြမှုတွေအရဆိုရင် မာဆယ်လင်းမြို့မှာ နေထိုင်ခဲ့ရတဲ့ ငယ်ဘ၀အချိန်တွေက သူ့ဘ၀အတွက် အပျော်ရွှင်ဆုံးနဲ့ အရေးအပါဆုံး အချိန်တွေဖြစ်ပြီး သူ့ရဲ့ နောင်တစ်ချိန်မှာ အောင်မြင်ကျော်ကြားလာမယ့် ပရောဂျက်များစွာအတွက် စိတ်ကူးစိတ်သန်းတွေကိုလည်း ယင်းမြို့လေးဆီကနေ ရရှိခဲ့တယ်လို့ သိရပါတယ်။
၁၉၁၁ ခုနှစ်မှာတော့ ဒစ္စနေးလ်တို့မိသားစုဟာ မစ်ဆိုရီပြည်နယ်ရဲ့ ကန်ဆက်စီးတီးမြို့ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီနေရာမှာ ဒစ္စနေးလ်က Benton Grammar School ကို တက်ရောက်ခဲ့ပြီး ပြဇာတ်ဝါသနာအိုးမိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းနေဖက်ဖြစ်သူ Walter Pfeiffer နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Pfeiffer ကတော့ ဒစ္စနေးလ် ကို ပြဇာတ်လောက၊ ရုပ်ရှင်လောကတို့နဲ့ မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။
၁၉၁၇ ခုနှစ်ကာလမှာတော့ ဒစ္စနေးလ်ရဲ့ ဖခင်ဖြစ်သူက ချီကာဂိုမြို့ရှိ O-Zell အမည်ရ ဂျယ်လီထုတ်လုပ်ရေးကုမ္ပဏီမှ ရှယ်ယာတွေကို ဝယ်ယူခဲ့တဲ့အတွက် မိသားစုနဲ့အတူ ချီကာဂိုဆီကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအခါမှာ ဒစ္စနေးလ်က McKinley အထက်တန်း ကျောင်းမှာ ပညာသင်ကြားခွင့်ရခဲ့ပြီး ကျောင်းသတင်းစာအတွက် ပထမကမ္ဘာစစ်ဆိုင်ရာ မျိုးချစ်စိတ်ဓာတ်ကြွ စေမယ့် ကာတွန်းတွေကိုရေးဆွဲပေးတဲ့ ကာတွန်းဆရာ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ချီကာဂို အနုပညာ သင်တန်းကျောင်းမှာလည်း ညကျောင်းတက်ခဲ့ပါသေးတယ်။
ဒစ္စနေးလ်ဟာ ၁၉၁၈ ခုနှစ်လယ်ပိုင်းကာလတုန်းက အမေရိကန်စပ်တပ်ထဲဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အသက်ငယ်လွန်းတာကြောင့် ငြင်းပယ်ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် ဒစ္စနေးလ်က သူ့ရဲ့မွေးစာရင်းထဲမှာပါတဲ့ မွေးသက္ကရာဇ်ကို ကြိုးပမ်းပြင်ဆင်ပြီး ၁၉၁၈ ခုနှစ် စက်တင်ဘာလမှာ ကြက်ခြေနီအဖွဲ့ထဲကို လူနာတင်ယာဉ် မောင်းအဖြစ်ဝင်ရောက်ခဲ့ပါတယ်။ သူဟာ လူနာတင်ယာဉ်ဘေးဘက်မှာ အလှဆင်နိုင်ဖို့အတွက် ကာတွန်းတွေ ရေးဆွဲခဲ့ပြီး သူ့ရဲ့လက်ရာအချို့ကလည်း အမေရိကန်စစ်တပ်ထုတ် Stars and Stripes သတင်းစာထဲမှာ ဖော်ပြ ခြင်းခံခဲ့ရပါတယ်။
၁၉၁၉ ခုနှစ် အောက်တိုဘာလမှာတော့ ကန်းန်ဆက်မြို့ဆီကိုပြန်လာခဲ့ပြီး Pesmen-Rubin လုပ်ငန်းသုံး အနုပညာ စတူဒီယိုမှာ အလုပ်သင်အနုပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ဒီနေရာကိုရောက်တဲ့အခါမှာတော့ ကြော်ငြာတွေ၊ ပြဇာတ်အစီအစဉ်တွေနဲ့ ကတ်တလောက်အတွက် သရုပ်ဖော်ပုံတွေရေးဆွဲခဲ့ပြီး လုပ်ဖော်ကိုင်ဖက် အနုပညာရှင် Ub Iwerks နဲ့လည်း ရင်းနှီးခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလအချိန်မှာတော့ ခရစ္စမတ်ကာလလွန်ပြီး နောက် ကုမ္ပဏီရဲ့ဝင်ငွေက ကျဆင်းလာတာကြောင့် အသက် ၁၈ နှစ်အရွယ် ဒစ္စနေးနဲ့ Iwerks တို့ အလုပ်ထုတ် ခံလိုက်ရပါတယ်။
အဲဒီနောက်ပိုင်းမှာ နှစ်ယောက်ပေါင်းပြီး Iwerks-Disney Commercial Artists အမည်ရှိ ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့ပေမယ့် သက်တမ်းမရှည်ခဲ့ဘဲ ဒစ္စနေးက A. V. Cauger ဦးစီးတဲ့ Kansas City Film Ad ကုမ္ပဏီမှာ ခေတ္တသွားရောက်လုပ်ကိုင်ခဲ့ပါတယ်။
အဆိုပါကုမ္ပဏီကတော့ Cutout Animation နည်းပညာကို အသုံးပြုပြီး တော့မှ ကြော်ငြာတွေကိုထုတ်လုပ်တာဖြစ်တဲ့အတွက် ဒစ္စနေးဟာလည်း အန်နီမေးရှင်းကို စိတ်ဝင်စားလာခဲ့ပါ တယ်။ ဒါပေမဲ့ သူဟာ Mutt and Jeff နဲ့ Max Fleischer ရဲ့ Out of the Inkwell လိုမျိုး လက်နဲ့ဆွဲတဲ့ ကာတွန်း တွေကိုသာ ပိုမိုနှစ်သက်ခဲ့တာကြောင့် အန်နီမေးရှင်းစာအုပ်တစ်အုပ်နဲ့ ကင်မရာတစ်လုံးကို အသုံးပြုပြီး နေအိမ်မှာ ပဲ စတင်စမ်းသပ်ခဲ့ပါတယ်။
ဒစ္စနေးလ်အနေနဲ့ Alice’s Wonderland ကို ရောင်းချဖို့ကြိုးပမ်းခဲ့ပေမယ့်လည်း နယူးယောက်မှ ရုပ်ရှင်ဖြန့်ချိသူ Margaret J. Winkler နဲ့ အဆက်အသွယ်မရမီအထိ အောင်မြင်မှုမရရှိခဲ့ပါဘူး။ အဲဒီအချိန်ကာလတုန်းက Winkler ကလည်း Out of the Inkwell နဲ့ Felix the Cat ကာတွန်းတွေရဲ့ မူပိုင်ခွင့်တွေဆုံးရှုံးပြီး စီးရီးအသစ်တစ်ခု လိုအပ် နေချိန်ဖြစ်တာကြောင့် သူတို့ဟာ Alice ဟာသဇာတ်လမ်းတိုခြောက်ကားအတွက် စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
အဆိုပါရုပ်ရှင်တွေကိုထုတ်လုပ်ဖို့အတွက် ၁၉၂၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာတော့ ဒစ္စနေးလ်ဟာ ကယ်လီ ဖိုးနီးယားကိုပြောင်းရွှေ့ပြီး အစ်ကိုဖြစ်သူ Roy နဲ့ အတူ Disney Brothers Studio (ယခု Walt Disney Company) ကို တည်ထောင်ခဲ့ကာ အဲဒီအချိန်တုန်းကဆိုရင် ဒစ္စနေးလ်ရဲ့ အသက်က ၂၁ နှစ်အရွယ်သာရှိသေးတာဖြစ်ပါတယ်။
သူဟာ အဲဒီတစ်နှစ်တည်းမှာပဲ Ub Iwerks နဲ့အတူ Mickey Mouse ဇာတ်ကောင်ကိုဖန်တီးခဲ့ပြီး ယင်း ဇာတ်ကောင် အတွက် အသံကိုလည်း သူကိုယ်တိုင်သရုပ်ဆောင်ပေးခဲ့ပါတယ်။ Mickey Mouse ဇာတ်ကောင်ရဲ့ မူလအစက သေချာရှင်းလင်းမှုမရှိဘူးဆိုပေမယ့်လည်း လူအများကတော့ ဒီဇာတ်ကောင် ဖန်တီးဖို့အတွက် စိတ်ကူးကို ဒစ္စနေးလ် တစ်ယောက် Laugh-O-Gram စတူဒီယိုမှာ အလုပ်လုပ်စဉ်ကမွေးစားခဲ့တဲ့ အိမ်မွေးကြွက် ကလေးတစ်ကောင်ဆီ ကနေရရှိခဲ့တာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ဒစ္စနေးလ်အနေနဲ့ ပထမပိုင်းမှာ အဆိုပါဇာတ်ကောင်ရဲ့နာမည်ကို “မော်တီမာ မောက်စ်” (Mortimer Mouse) လို့ ပေးဖို့အတွက်စိတ်ကူးခဲ့ပေမယ့် ဇနီးဖြစ်သူက ယင်းနာမည်က အလွန်ဂုဏ်ကြီးလွန်းတယ်လို့ ထင်မြင်မိတာကြောင့် “မီကီ” (Mickey) လို့ အမည်ပြောင်းလဲဖို့ အကြံပြုခဲ့ပါတယ်။
ဒစ္စနေးလ်နဲ့ သူရဲ့အဖွဲ့ဟာ ၁၉၃၀ ပြည့်နှစ်လွန်အချိန်တွေမှာ Pluto၊ Goofy နဲ့ Donald Duck) တို့လိုမျိုး ကာတွန်း ကြယ်ပွင့်အသစ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပြီး Flowers and Trees ဇာတ်ကားကိုလည်း သုံးရောင်ခြယ်စနစ်နဲ့ ရိုက်ကူးခဲ့ပါတယ်။
ဒီဇာတ်ကားက ပရိသတ်ကြားမှာ အလွန်အောင်မြင်ခဲ့ပြီး ၁၉၃၂ ခုနှစ် အော်စကာဆုပေးပွဲမှာ လည်း အကောင်းဆုံး ကာတွန်းဇာတ်လမ်းတိုဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒစ္စနေးလ် ကိုယ်တိုင်ကလည်း Mickey’s Orphans ဇာတ်ကားနဲ့ ဆုလျာထားခံခဲ့ရသလို Mickey Mouse ဖန်တီးခဲ့မှုအတွက် ဂုဏ်ထူးဆောင်ဆုကိုလည်း ရရှိခဲ့ပါတယ်။
ဒစ္စနေးလ်ဟာ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့ အော်စကာဆု (၂၂) ဆုနဲ့ ဆုလျာထားခြင်းကို (၅၉) ကြိမ် အထိ ရရှိခဲ့ပြီး ဒီလိုစံချိန်စံနှုန်းကိုလည်း တစ်ဦးတည်းထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အော်စကာဆုအပြင် တခြားဆုတွေ အနေနဲ့ဆိုရင်တော့ Golden Globe အထူးအောင်မြင်မှုဆုနှစ်ဆုနဲ့ Emmy ဆုတစ်ဆု အပါအဝင် အခြားဂုဏ်ပြုဆု များစွာကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ရုပ်ရှင်တွေကိုတော့ အမေရိကန်ကွန်ဂရက် စာကြည့်တိုက်ရဲ့ အမျိုးသား ရုပ်ရှင် မှတ်တမ်းမှာ ထည့်သွင်းထားပြီး အမေရိကန်ရုပ်ရှင်တက္ကသိုလ် (AFI) ကလည်း အကောင်းဆုံးရုပ်ရှင် တွေအဖြစ် သတ်မှတ်ပေးထားပါတယ်။သူ ဖန်တီးခဲ့တဲ့ ရုပ်ရှင်များစွာထဲကမှ အောင်မြင်မှု ရရှိခဲ့တဲ့ဇာတ်ကား တွေကတော့ Snow White and the Seven Dwarfs၊ Pinocchio၊ Fantasia၊ Cinderella နဲ့ Mary Poppins တို့လိုမျိုး အစရှိတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။
၁၉၅၀ ပြည့်နှစ်အချိန်တွေမှာတော့ ဒစ္စနေးလ်ဟာ အပန်းဖြေဥယျာဉ်လုပ်ငန်းဘက်ကို ခြေဆန့်ခဲ့ပြီး Disneyland ကို ၁၉၅၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒုတိယမြောက် အပန်းဖြေဥယျာဉ်ဖြစ်တဲ့ Disney World နဲ့ အနာဂတ်မြို့ပြပုံစံ EPCOT ကို စတင်ဖို့စီမံခဲ့ပေမယ့်လည်း ဆေးလိပ်အလွန်အကျွံသောက်သူဖြစ်တဲ့အလျောက် ၁၉၆၆ ခုနှစ်အချိန်မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
လူအများမြင်ကွင်းမှာတော့ ဒစ္စနေးလ်ရဲ့ ပုံစံက ဖော်ရွေပျူငှာသူတစ်ယောက်လို့ ထင်မြင်ရပေမယ့် တကယ်တမ်းမှာ သူဟာ အရှက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းသူဖြစ်ပါတယ်။ ဒါတင်မက သူဟာ အလုပ်နဲ့ပတ်သက်လာရင်လည်း စံချိန်စံနှုန်းတွေ မြင့်မား သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို လူမျိုးရေးခွဲခြားသူ (ဒါမှမဟုတ်) ဂျူးဆန့်ကျင်ရေးသမားအဖြစ် စွပ်စွဲမှုတွေရှိခဲ့ပေမယ့် သူနဲ့နီးစပ်သူတွေက ကတော့ ဒီစွပ်စွဲချက်တွေက မှားယွင်းတယ်လို့ဆိုကြပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိတိုင်လည်း သူဟာ ၂၀ ရာစုရဲ့ သြဇာအရှိဆုံး ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရဆဲဖြစ်သလို သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီဟာလည်းပဲ ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးလုပ်ငန်းကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #Disney #WalterEliasDisney #americancartoon #cartoon #movie #disneymovie #ကာတွန်း #ကာတွန်းရုပ်ရှင်

More Interesting Blogs from Zlann