အမျက်ကြီး၍ ပျက်စီးခြင်းသို့ရောက်ခဲ့သည့် ဗိဿနိုးဧကရီ

လွန်လေပြီးသော သမိုင်းရာဇဝင်များအကြောင်းကို ပြန်လည်လေ့လာကြည်မည်ဆိုပါလျှင် ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ပဒေသရာဇ် မင်းကောင်းမင်းမြတ်များစွာအကြောင်းကို ကြားသိဖူးကြမည်မှာ မလွဲပေ။ မြန်မာရာဇဝင်များတွင် ထူးချွန်ထက်မြက်ပြီး အရည်အချင်းသာလွန်သော ဧကရာဇ်မင်းများနည်းတူ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး ဇာတိမာန်ပြင်းထန်သော ဧကရီဘုရင်မတစ်ပါးကိုမူကား မေ့ထား၍ မဖြစ်နိုင်ပေ။ ဗိဿနိုးဟုခေါ်သော ပျူမြို့ကို အုပ်စိုးသူ ဧကရီပန်ထွာဘုရင်မ၏ အကြောင်း အချင်းအရာ များသည် ယခုတိုင် ဒဏ္ဍာရီဆန်ဆန် လွမ်းမောဖွယ်ဇာတ်လမ်းများအဖြစ် ပြောစမှတ်ရှိကြ‌သည်။ ဗိဿနိုးပြည်အကြောင်းကို လေ့လာမည်ဆိုပါက ပန်ထွာဘုရင်မ၏ ခမည်းတော်နှင့် မယ်တော်တို့၏ အကြောင်းများမှပင် စတင်ရပေမည်။

ဒုတိယတကောင်းမင်းဆက်၊ သတိုးမင်းဆက် ၁၇ ဆက်၏နောက်ဆုံးမင်းဆက်ဖြစ်သော သတိုးမဟာရာဇာ မင်းကြီးနှင့် မိဖုရားကိန္နရီဒေဝီတို့တွင် ထီးနန်းအရိုက်အရာ ဆက်ခံရန် သားသမီးထွန်းကားခြင်း မရှိသောကြောင့် မောင်ဖြစ်သူ ခေပဒူတကိုသာ အိမ်ရှေ့အရာအပ်နှင်းထားလေသည်။ အခါတစ်ပါး၌ တကောင်းပြည်တွင် အရပ်တစ်ဆယ့်နှစ်တောင် မျှရှိသော တောဝက်ကြီးတစ်ကောင် သောင်းကျန်းလေရာ မင်းကြီးက အိမ်ရှေ့မင်း ခေပဒူတအား ဖြိုခွင်းစေလေသည်။ တောဝက်ကြီးလည်း အိမ်ရှေ့မင်းသည် ဘုန်းကံအရှိန်အဝါကြီးမြတ်သူဖြစ်၍ ရန်မပြု‌ဝံ့ပါဘဲနှင့် ပြေးလေသည်။ အိမ်ရှေ့မင်းက ထိုတောဝက် နောက်သို့ လိုက်လံနှိမ်နင်းလေရာ သရေခေတ္တရာ ပြည်တည်ရာ ကျွန်းတစ်ကျွန်းသို့ရောက်သော် အပြီးတိုင် ဖြိုခွင်းနိုင်ခဲ့၍ ထိုကျွန်းကို ” ဝက်ထိုးကျွန်း” ဟုခေါ်တွင်လေသည်။

အိမ်ရှေ့မင်းသည် အသက်အရွယ်လည်း ရလာပြီဖြစ်၍ တကောင်းပြည်ရှိရာသို့ မပြန်တော့ဘဲ ထိုအရပ်တွင်ပင် ရသေ့ပြုလေသည်။ များမကြာမီပင် ဈာန်အဘိဉာဉ်များရတော်မူလေသည်။ ထိုအချိန်၌ တကောင်းပြည့်ရှင်မင်း၏ မိဖုရားကြီးသည် မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ ဟူသော မျက်မမြင်သားနှစ်ပါးကို ဖွားမြင်လေသည်။ မင်းကြီးလည်း ရှက်ရှက်နှင့် သားနှစ်ပါးအား သတ်စေဟူသော အမိန့်ကိုချမှတ်လေသည်။ မိဖုရားကြီးမှာမူကား ရင်၌ဖြစ်သော သားတော်များဖြစ်၍ မသတ်ရက်ပဲ မင်းကြီးမသိအောင် ကျွေးမွေး စောင့်ရှောက်ထားလေသည်။ မင်းသားနှစ်ပါး အသက် ၁၉ နှစ်အရောက်တွင် မင်းကြီးသိရှိသွားပြီး အမျက်ဒေါသထွက်လေသည်။ ထို့ကြောင့် မိဖုရားကြီးလည်း သားနှစ်ပါးအား စားနပ်ရိက္ခာအစုံအလင်နှင့် မြစ်အတွင်းသို့ ဖောင်ဖြင့်မျှောလိုက်လေတော့သည်။

စစ်ပင်ကြီးတစ်ပင် မြစ်အတွင်းသို့ ကိုင်းကျနေသော နေရာတစ်ခုဝယ် ထိုအကိုင်းနှင့်ညှိကာ ဖောင်သည် ရှေ့မဆက်နိုင်ပဲဖြစ်နေလေသည်။ ထိုအချိန်တွင် စန္ဒမုခိ အမည်ရှိသော ဘီလူးမသည် ဖောင်အတွင်းသို့ တိတ်တဆိတ်လိုက်ပါလာပြီး မင်းသားနှစ်ပါး၏ စားမြိန်ထုပ်များကို ခိုးယူစားသောက် လေသည်။ထိုအရပ်ကို “စစ်ကိုင်း” ဟုခေါ်တွင်လေသည်။ မင်းသားနှစ်ပါးလည်း ရိက္ခာများ လိုသည်ထက် ပိုမို၍လျော့နေသည်ကို သတိထားမိ၍ အမှတ်အသားပြုပြီး စောင့်ဖမ်းလေရာ စန္ဒမုခိ၏ လက်ကို ဖမ်းဆွဲမိလေသည်။ ထိုအခါ စန္ဒမုခိလည်း မသတ်ရန် တောင်းပန်ပြီး မင်းသားနှစ်ပါး၏ မျက်လုံးကို အလင်းရအောင် လုပ်ပေးမည်ဟူ၍ ကတိပေး လိုက်လေသည်။ ဤသို့နှင့် ညီ‌နောင်နှစ်ပါး၏ မျက်စိစတင်ကုသော အရပ်ကို စကု ဟုခေါ်တွင်လေသည်။ ထို့နောက် ရွာလင်းဟူသော အရပ်သို့ရောက်သော် ညီနောင်နှစ်ပါးစလုံး မျက်စိအမြင်ပြန်လည် ရရှိသွားကြလေသည်။

ထိုသို့ မင်းသားနှစ်ပါးနှင့် စန္ဒမုခိတို့သည် ကုဉ္စပြင်အရပ်( ယခု ကုန်းတလင်းအရပ်) သို့ရောက်သော် မိန်းမပျိုလေး တစ်ဦးသည် အပေါက်မဖောက်ထားသည့် ဘူးသီးခြောက်ကို ရေတွင်နှစ်ပြီး ရလာသည့်ရေကို ကျည်တောက်နှင့် ခံကာ ခပ်နေသည်ကိုတွေ့ရ၍ နောင်တော် မဟာသမ္ဘဝက ဘူးသီးခြောက်ကို အပေါက် ဖောက်ပြီးခပ်လေမှ ကျည်တောက်လည်း ရေအမြန်ပြည့်သွားလေသည်။ ထိုမိန်းမပျိုလေးမှာ ခေပဒူတ ရသေ့ကြီး နှင့် ရသေ့၏ ကျင်ငယ်ရေကိုသောက်သုံးမိသော သမင်မလေးတို့မှ မွေးဖွားသည့် ဘေဒါရီပင်ဖြစ်လေသည်။ ထိုသမင်မလေးသည် ရသေ့ကြီး၏ ကျောင်း သင်္ခမ်းအနီးတွင် ကျင်လည်‌ ကျက်စားရင်းဖြင့် ရသေ့ကြီးစွန့်သော ကျင်ငယ်ရေကို သောက်သုံးမိရာမှ ပဋိသ‌န္ဓေတည်ပြီး လူသားမိန်းကလေးကို မွေးဖွားမိကာ လန့်ပြီးထွက်ပြေး လေသည်။ ထို့ကြောင့် ရသေ့ကြီးသည် ငါ၏သွေးသားမှန်ပါက လက်ညှိုးမှ နို့ရည်ကြည် ထွက်ပါစေဟူ၍ သစ္စာဆိုလေရာ နို့ရည်ကြည်ထွက်သောကြောင့် လူသားမိန်းကလေးအား ကျောင်းသင်္ခမ်းတွင်ပင် ကြီးပြင်းစေလေသည်။ အရွယ်ရောက်လတ်သော် မသင့်တော်ဟု ယူဆမိသောကြောင့် ဘေဒါရီအား ဘူးသီးခြောက်ဖြင့် ရေစပ်သို့နေ့စဉ်ရေခပ်ခိုင်းလေသည်။

ဘေဒါရီလည်း ညီနောင်နှစ်ပါးနှင့် စန္ဒမုခိတို့ကို ဘရသေ့၏ကျောင်းတော်သို့ခေါ်လာခဲ့ရာ အမျိုးစပ် ကြည့်လေမှ တူဝရီးတော်စပ်မှန်းသိရလေသည်။ ထို့နောက် ရသေ့ကြီးသည် သကျအင်းအရပ်မှ ပျူမင်းသမီး နန်းခမ်း( မာလာစန္ဒီ)အား ခေါ်၍ တူတော်ဖြစ်သည့် မဟာသမ္ဘဝသည် ဉာဏ်ပညာနှင့်လည်း ပြည့်စုံ၍ ထိုအရပ်၌ ဘုရင်အဖြစ်တင်မြှောက်ရန် ပြောလေသည်။ ပျူမင်းသမီးလည်း ဆရာရသေ့၏အဆိုအတိုင်း မဟာသမ္ဘဝကို မင်းမြှောက်လိုက်လေသည်။ ဘေဒါရီမှာ မိဖုရားကြီးဖြစ်ကာ ပျူမင်းသမီး နန်းခမ်း(မာလာစန္ဒီ) ကိုလည်း မိဖုရားမြှောက်ပြီး ညီတော် စူဠာသမ္ဘဝနှင့် စန္ဒမုခိတို့မှာ အိမ်ရှေ့စံနှင့် ကြင်ယာတော် အသီးသီး ဖြစ်ကြလေသည်။ မဟာသမ္ဘဝထီးနန်းစိုက်ရာမြို့ကို ရသေ့မြို့ဟုခေါ်တွင်စေသည်။

နောင်တော် မဟာသမ္ဘဝသည် သာသနာသက္ကရာဇ် ၆၀ တွင်နန်းတက်ပြီး နန်းစံသက် ခြောက်နှစ်မှာ ကံတော်ကုန် သည့်နောက် ညီတော်ဖြစ်သူ စူဠာသမ္ဘဝနန်းတက်လေသည်။ စူဠာသမ္ဘဝနှင့် မိဖုရား စန္ဒမုခိတို့တွင် ဗိဿနိုး မည်သော သမီးတော်တစ်ပါးဖွားမြင်လေသည်။ နောင်တော်ကံတော်ကုန်ချိန်တွင် မရီးတော် ဘေဒါရီ၏ ဝမ်း၌ ပဋိသန္ဓေသုံးလကျန်ခဲ့လေသည်။ ထို့နောက် စူဠာသမ္ဘဝသည် မရီးတော်ကိုပင် မိဖုရားကြီးအရာဆက်လက် ထားခဲ့ခြင်းကြောင့် မိဖုရားစန္ဒမုခိမှာ ဝမ်းနည်းယူကြုံးမရဖြစ်ကာ သမီးတော် ဗိဿနိုးအားလက်ဆွဲ၍ ပုပ္ပါးအရပ်သို့ထွက်ခဲ့လေသည်။

လမ်းခရီးတစ်နေရာသို့ရောက်သော် ကုမ္ဘဝတီပြည့်ရှင် နှင့်တွေ့၍ နေပြည်တော်သို့ခေါ်ဆောင်သွားလေသည်။ ထို့နောက်တွင် ကုမ္ဘဝတီပြည့်ရှင်သည် စန္ဒမုခိကို ပိပ္ပလိဒေဝီဟူသောဘွဲ့ဖြင့် မိဖုရားမြှောက်လေသည်။ သားသမီးရတနာထွန်းကားခြင်း မရှိသောကြောင့် ဘုရင်မင်းမြတ်သည် သမီးတော်လေး ဗိဿနိုးကို အလွန်ပင်ချစ်ခင်ပြီး နန်းမွေခံအဖြစ်သတ်မှတ်ကာ ပျူဒေသဖြစ်သည့် ယင်းလွင်ပြင်‌ဒေသကို အပိုင်စားပေးလေရာ ထိုမှ ဗိဿနိုးမြို့ဟုတွင်လေသည်။

ဗိဿနိုး မင်းသမီးလေးသည် ရှေးယခင် ကဿပဘုရားရှင်လက်ထက် ပူလောင်အိုက်စပ်သော နွေရာသီ တစ်ခုတွင် အမျိုးကောင်းသမီးလေးသည် ပေရွက်ယပ်တောင်ကိုလှူဒါန်းခဲ့ပြီး ဖြစ်လေရာဘဝတိုင်း၌ မစိုက်မပျိုးရဘဲ ပေပင်တို့ခြံရံလျက် မင်းခမ်း မင်းနားနှင့် လိုရာပြည့်ပါစေ ဟုဆုတောင်းခဲ့လေသည်။ထိုသို့ ပန်ထွာ ဆုတောင်း ခဲ့ခြင်းကြောင့် မင်းသမီး‌လေးသည် ယင်း လွင်ပြင်ဒေသ၊ ပန်ထွာပြည် ဗိဿနိုးမြို့ကြီး၏ အရှင်သခင်ဖြစ်မည့် ပန်ထွာဘုရင်မပင်တည်းဟူ၍ ကုမ္ဘဝတီပြည့်ရှင်ဆည်းကပ်ရာ ရသေ့သူတော်ကောင်း များက မြွက်ကြားလေသည်။

ထို့ကြောင့် ကုမ္ဘဝတီပြည့်ရှင်သည် ပန်ထွာမင်းသမီးလေးအား ဓားရေးလှံရေးစသော စစ်အတတ်ပညာ များအပြင် နှလုံးရည်နှင့်ပြည့်စုံစေရန်လည်း ပညာရှိပုဂ္ဂိုလ်များထံတွင် လေ့လာဆည်းပူးစေသည်။ ပန်ထွာမင်းသမီးလေးသည် မိခင်ဖြစ်သူ စန္ဒမုခိ၏ ပြောစကားများကြောင့် ဖခင်အရင်း စူဠာသမ္ဘဝ၊ မိဖုရား ဘေဒါရီနှင့် သူ၏ သား‌တော် ဒွတ္တဘောင် တို့အပေါ်၌ လွန်စွာမုန်းတီးကာ ရန်ငြိုးထားလေသည်။ သို့သော်လည်း ဒွတ္တဘောင်မင်း၏ သ‌ဘောထား ကမူ ပန်ထွာနှင့်ဆန့်ကျင်ဘက်ဖြစ်ကာ အစ်မတော်ဖြစ်သူ ပန်ထွာ၏ ချောမောလှပမှု၊ ပညာရည်ပြည့်ဝမှုနှင့် ထက်မြက်မှုတို့ကို ကြားသိရရုံနှင့်ပင် ချစ်ခင်သဘောကျမိလေသည်။

ဤသည်မှာလည်း အကြောင်းကြောင့် အကျိုးဖြစ်လာရခြင်းပင်ဖြစ်သည်။ ဂေါတမဘုရားရှင်လက်ထက်က ဒွတ္တဘောင်မင်းကြီးနှင့် ပန်ထွာဘုရင်မတို့သည် ဖိုးဦးတောင်ရှိ ပွေးဖိုနှင့်ပွေးမတို့ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က မြတ်စွာ ဘုရားကြွချီသည်ကိုဦးစွာမြင်ပါက တစ်ကောင်နှင့်တစ်ကောင် မမေ့မလျော့ အသိပေးရန် ကတိ ထားကြ လေသည်။ ဘုရားရှင်ကြွချီလာခိုက်တွင် ပွေးမလေးသည် အစာရှာပြီး ခရီးလွန်နေ၍ ပွေးဖိုလေးက အသိမပေးမိဘဲ ဦးစွာဖူးမြှော်ခဲ့သည်။ ဤသည်ကို ပွေးမလေးသိသည့်အခါ၌ ဘုရားရှင်အားဦးခိုက်ရင်းဖြင့် ဖြစ်လေရာဘဝတိုင်း၌ ဤ‌ပွေးဖိုနှင့် အတူမဖြစ်ရပါစေသားဟု ဆုတောင်းသည်။ ပွေးဖိုလေးကမူ မေတ္တာမပျက်ပဲ အတူတူမဖြစ်ရဘဲ တိုင်းခြားပြည်ခြားဖြစ်သော်ငြားလည်း ပေါင်းဖက်ရပါလို၏ ဟူ၍ အပြန်အလှန်ဆုတောင်းခဲ့မှုကြောင့် အမုန်းကြီးသူနှင့် အချစ်ကြီးသူအဖြစ် ဆုံဆည်းကြရခြင်းဖြစ်သည်။

ဤသို့ဖြင့် ပထွေးတော် ကုမ္ဘဝတီပြည့်ရှင် နတ်ရွာစံပြီးနောက် ဗိဿနိုးမြို့၏ဧကရီ ပန်ထွာဘုရင်မအဖြစ် တိုင်းရေးပြည်ရာများကို မင်းကျင့်တရားနှင့်အညီအုပ်ချုပ်သဖြင့် ဗိဿနိုးမြို့တော်ကြီးမှာ ပျော်စရာအတိဖြင့် ရွှေရောင်လွှမ်းသော နေ့ရက်များဖြစ်ခဲ့သည်။ ရသေ့မြို့၏ဆက်ခံသူ ဒွတ္တဘောင်မင်းကြီးသည်လည်း သာသနာတော်နှစ် (၁၀၁)ခု၊ တန်ခူးလဆန်း (၁)ရက်၌ သရေခေတ္တရာ ဆိုသည့် မြို့ကြီးကိုတည်ထောင် လေသည်။ ဒွတ္တဘောင်မင်းကြီးသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောကြောင့် သရေခေတ္တရာမြို့တည်ရာ၌ ဂဝံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူတော်မြတ်ခုနစ်ဦးက ကူညီ စောင့်ရှောက်ကြလေသည်။ ဘုန်းတန်ခိုးလွန်စွာကြီးမားပြီး မှဲ့ရှင်နှင့်တကွ မျက်စိသုံးခု ဖြစ်သော ဒွတ္တဘောင်မင်းကြီး ထံသို့ အိမ်နီးချင်း တိုင်းပြည်နိုင်ငံများမှပင် လက်ဆောင်ပဏ္ဍာများနှင့် အခွန်တော်များဆက်ကြလေသည်။ သို့သော်လည်း ထိုတိုင်းပြည်နိုင်ငံများထဲတွင် ပန်ထွာပြည်၊ ဗိဿနိုးမြို့တော့ မပါဝင်ခဲ့ပေ။ အရာရာပြီးပြည့်စုံလွန်းသော ဒွတ္တဘောင်မင်းကြီးတွင် မပြည့်စုံခြင်းတစ်ခုသည်ကား ပန်ထွာဘုရင်မ၏ချစ်ခြင်းမေတ္တာပင်ဖြစ်လေသည်။
ထို့ကြောင့် ဒွတ္တဘောင်မင်းကြီးသည် စကားအရာ၌ ကျွမ်းကျင်သော ပဉ္စင်းဖြူနှင့် ပဉ္စင်းညိုတို့ကို ဗိဿနိုးသို့စေလွှတ်ပြီး အခွန်တော်ဆက်သရန်မှာကြားလေရာ ပန်ထွာဘုရင်မသည် ဒွတ္တဘောင်မင်းကြီး ဟူသည့်အသံကြားသည်နှင့် အမုန်းဓာတ်ခံတို့ထကြွလာကာ ငြင်းဆန်ခဲ့ပြီး သံတမန်တို့အားလည်း နှင်လွှတ်ခဲ့လေသည်။ ထို့ပြင် ပန်ထွာဘုရင်မသည် သရေခေတ္တရာတို့၏အရေးကို ကြိုတင်တွက်ဆတော်မူ၍ မိုးအခါတွင် ရန်ပယ်ချောင်းအထက်ရှိ တောင်တန်းကြီးမှစီးဆင်းလာသော တောင်ကျရေများကို ချောင်းအတွင်းတွင် ရေတံခါးများအဆင့်ဆင့်ဆောက်ကာ သိုလှောင်ထားလေသည်။ သရေခေတ္တရာတပ်ကြီး ချီလာပါက မဟာအတုလစည်တော်ကြီးကို တီးခတ်လိုက်သည်နှင့် ရေတံခါးမှရေများ အလျင်အမြန် စီးကျလာကာ ဆင်၊မြင်းနှင့်တကွ စစ်သည်တော်များကိုပါ တိုက်စားပစ်ရန် ကြံရွယ်ထားလေသည်။

ဒုတိယအကြိမ်အဖြစ် ပဉ္စင်းဖြူ၊ပဉ္စင်းညိုတို့သည် နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းဖောက်ရန် ရည်ရွယ်ချက်ဖြင့် ပန်ထွာပြည် ဗိဿနိုးသို့ ရောက်ရှိလာကြပြန်လေသည်။ ဤတစ်ကြိမ်တွင်လည်း ပန်ထွာဧကရီက အမျက်ဒေါသ ချောင်းချောင်းထွက်ကာ နှင်လွှတ်ပြန်သည်။ ထိုအကြောင်းအရာကြောင့် သရေခေတ္တရာတပ်ကြီးသည် ဗိဿနိုးသို့ စစ်ချီလာလေသည်။ သို့သော် ကြိုတင်၍စီမံထားသည်အတိုင်း ဗိဿနိုးပြည်ကြီး၏ မဟာအတုလစည်တော်ကြီးကို တီးခတ်ပြီး ရေတံခါးမှ တောင်ကျရေများ အရှိန်အဟုန်ဖြင့် ကျဆင်းလာမှုကြောင့် သရေခေတ္တရာသားတို့ အလဲလဲအပြိုပြိုဖြစ်ကာ တပ်ဆုတ်ရလေသည်။

ထို့နောက် ဒွတ္တဘောင်မင်းကြီးသည် အကြောင်းအချင်းအရာအလုံးစုံကို သိမြင်ပြီးသည့်နောက် ထိုစည်တော်ကြီးကို ဖျက်ဆီးရန် ရဟန်းတုကို စေလွှတ်လေသည်။ သာသနာတော်ကို ကြည်ညိုလွန်းသော ပန်ထွာဘုရင်မမှာ ထိုရဟန်းတုအား ယုံမှားမိလေသည်။ရဟန်းတုသည် စည်တော်ကြီးကို သိဒ္ဓိတင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စည်တော်ကြီးအနားသို့ကပ်ကာ တိတ်တဆိတ်ဖျက်ဆီးလိုက်လေသည်။ မကြာမီပင် သရေခေတ္တရာတပ်ကြီး ထပ်မံချီတက်လာလေရာ ဤတစ်ကြိမ်တွင်တော့ မဟာအတုလစည်တော်ကြီးမှာ ပျက်စီးခဲ့ပြီဖြစ်၍ ဗိဿနိုးအရှင်မလည်း အရှုံးကြီး ရှုံးလေတော့သည်။

ကိုယ်တိုင်စွမ်းစွမ်းတမံကြိုးစားကာ တည်ဆောက်ခဲ့သော ဗိဿနိုးပြည်ကြီး၏ ပျက်စီးရခြင်း၊ ရဲမက်ဗိုလ်ပါ အများ သေကြေရခြင်း၊ ပြည်သူများ စစ်၏ သားကောင်ဖြစ်ရခြင်း‌တို့ကို ကြည့်ကာ ဗိဿနိုးအရှင်သခင်မ ၏ရင်ထဲ၌ ပူဆွေးသောကရောက်ရလေသည်။မိမိ၏တိုင်း ပြည်ကြီးကို မီးရှို့ကာ ဖျက်ဆီးလိုက်ကြသော သရေခေတ္တရာသား တို့ကို အခဲမကြေဖြစ်ခြင်းထက် ဒွတ္တဘောင်မင်းကြီးအပေါ်တွင် အရှုံးကြီးရှုံးရသလို အမုန်းကြီးမုန်းရသော ခံစားချက်က ဘုရင်မရင်ထဲ၌ သာလွန်နေပေသည်။ ဗိဿနိုးပြည်ကြီး ပျက်သုဉ်းကာ မီးစွဲလောင်နေသကဲ့သို့ ပန်ထွာဘုရင်မ၏ ရင်ထဲမှာလည်း အမုန်းမီးများ တဟုန်းဟုန်းတောက်လောင် နေပေသည်။

ဒွတ္တဘောင်မင်းကြီးကမူ ချစ်ခင်မြတ်နိုးလွန်းသော ကြောင့် ပန်ထွာအား မိဖုရားတင်မြှောက်ကာ ကောင်းစွာ ချီးမြှောက်လေသည်။ သို့သော်လည်း ရင်ထဲမှ အမုန်းတရားများကြောင့် ပန်ထွာသည် သုဿန်တစပြင်မှ ရသည့် မသန့်ရှင်းသော အဝတ်ကို မင်းကြီးအား မျက်နှာသုတ် ပုဝါအဖြစ်ဆက်လေရာ မျက်လုံးတော်နှစ်ဖက်ကြားရှိ နတ်မျက်ရှင်တော်မှာ ကွယ်ပျောက်သွားပြီး ဘုန်းတန်ခိုး အရှိန်အဝါများ ကျဆင်းသွားလေတော့သည်။ မင်းကြီးတွင်လည်း ကံဆိုးမှုများဆက်တိုက်ဖြစ်ပေါ်လာတော့သည်။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဟူသည့် အတိုင်း မကြာမီပင် ပန်ထွာဘုရင်မသည် မိမိ၏ မကောင်းမှု အကျိုးကို ကိုယ်တိုင်ပင်ခံစားရလေသည်။ ယင်းမှာ ဧကရီပန်ထွာဘုရင်မ အဆိပ်ပါသည့်အစာကို သုံးဆောင်မိ၍ နတ်ရွာစံ ကံကုန်သွားခြင်းပင်ဖြစ်သည်။မင်းကြီး၏ အခြားသောမိဖုရားများက လုပ်ကြံသည် ဟုလည်း ဆိုစမှတ်ပြုကြသည်။ ပန်ထွာဘုရင်မသည် သေအံဆဲဆဲအချိန်တွင်ပင် အမုန်းရန်ငြိုးများကား ပြေလျော့ခြင်း မရှိပါဘဲနှင့် သရေခေတ္တရာအရပ်မှ ပေပင်တို့ကို “ငါလာမှသီး ငါလာမှကြီး” ဟူသည့် အမုန်းကျိန်စာဖြင့် ဒွတ္တဘောင်မင်းကြီးအား လက်စားချေတုံ့ပြန်ရန် ဆိုခဲ့လေသည်။ ယနေ့ထက်တိုင် ပြည်မြို့(သရေခေတ္တရာ)အနီးရှိ ပေပင်တို့သည် ဆက်လက်ကြီးထွားခြင်းမရှိဘဲ အပင်ငယ်အဖြစ်ပင်ရပ်တည်နေကြလေသည်။

ဗိဿနိုးမြို့၏ အဆုံးသတ်နှင့် ပန်ထွာဘုရင်မ၏ ဘဝနေဝင်ချိန်များသည် ကြေကွဲဖွယ်အတိဖြင့်သာ နိဂုံးချုပ်ခဲ့ရလေတော့သည်။ ။

ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

YouTube 🎦 : https://www.youtube.com/@zlann_podcast
Podcast 🎧 : https://podcasters.spotify.com/pod/show/z-lann
Facebook Group 📳 : https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ပန်ထွာဘုရင်မ

More Interesting Blogs from Zlann