Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“အမျိုးသမီးတို့ဂုဏ်ဆောင် ကမ္ဘာကျော် သိပ္ပံပညာရှင် မာရီကျူရီ”
January 24, 2024
ကမ္ဘာကျော်အမျိုးသမီးများအကြောင်းကို ပြောမယ်ဆိုရင် ထက်မြက်တည်ကြည်ပြီး ယုံကြည်ချက် ပြင်းထန်သူ သိပ္ပံပညာရှင်တစ်ယောက်ရဲ့အကြောင်းက ချန်လှပ်ထားလို့မရပါဘူး။ လူသားတွေရဲ့ ရောဂါဝေဒနာဆန်းတွေ သက်သာပျောက်ကင်းအောင် ကုသနိုင်ဖို့ အစွမ်းထက်တဲ့ ရေဒီယိုသတ္တိကြွလို့ခေါ်တဲ့ ဓာတ်ရောင်ခြည်ကို အသက်နဲ့ရင်းပြီး ကိုယ်ကျိုးစွန့်ရှာဖွေခဲ့တဲ့ အမျိုးသမီး သိပ္ပံပညာရှင်ကတော့ မာရီကျူရီ ပဲဖြစ်ပါတယ်။ သူ့ဘဝတစ်လျှောက်လုံး ချောမွေ့သာယာတဲ့ ပန်းခင်းလမ်းကို လျှောက်ခဲ့ရသူမဟုတ်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး နေရာတစ်နေရာရဖို့ ကြိုးပမ်းခဲ့ရတဲ့ မာရီရဲ့ ဘဝအခြင်းအရာများဟာ အတုယူစရာတွေနဲ့ ပြည့်နှက်နေပါတယ်။
မာရီဟာ ပိုလန်လူမျိုး ရူပဗေဒနဲ့ ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး ၁၈၆၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုရှားအင်ပါယာအတွင်းကျရောက်နေတဲ့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်ရှိတဲ့အနက်မှာ အငယ်ဆုံးနဲ့ အသွက်ဆုံးသမီးလည်းဖြစ်ပါတယ်။ ဖခင်က ဝါဆောမြို့ရဲ့ ရူပဗေဒဆရာ လာဒစ္စလော့စကလိုဒေါ့စကားဆိုသူဖြစ်ပြီး မာရီရဲ့ ပိုလန်နာမည်က မာရီယာ စကလိုဒေါ့စကား ကျူရီ( Maria Skłodowska Curie) ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက မာရီဟာဉာဏ်ကောင်းသူဖြစ်ပြီး ဖခင်ရဲ့ သိပ္ပံပညာနဲ့ ဆက်စပ်တဲ့ ပစ္စည်းတော်တော်များများကို စိတ်ဝင်တစား လေ့လာတတ်သူလည်းဖြစ်ပါတယ်။
မာရီ လေးနှစ်သမီးအရွယ်လောက်တုန်းက သူ့ရဲ့အစ်မဖြစ်သူ ဘရွန်ယာ တစ်ယောက် ကျောင်းစာတွေ ကျက်မှတ်ပြီး မိဘကို ရွတ်ဆိုပြတဲ့အချိန် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတာကို ကြားတော့ မာရီက ဝင်ထောက်ပေးကာ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို ဆိုပြလိုက်ပါတယ်။ မာရီဆိုတတ်ရတဲ့ အကြောင်းကတော့ အစ်မဖြစ်သူနဲ့ စာသင်တမ်း အမြဲကစားနေကျဖြစ်တာကြောင့် ဘရန်ညာရဲ့ကျောင်းစာတွေကို မာရီအာဂုံဆောင် နိုင်တာဖြစ်ပါတယ်။ မိဘနှစ်ပါးလုံးကလည်း သမီးအငယ်ဆုံးလေးရဲ့ သွက်လက်ထက်မြက်ပြီး ဉာဏ်ကောင်းမှုကို အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။ အဲဒီအချိန်ရာစုနှစ်တွေတုန်းက ပိုလန်နိုင်ငံဟာ ရုရှားတို့ရဲ့ လက်အောက်မှာ ကျရောက်နေတာကြောင့် ဘာသာရေးကို နှိပ်ကွပ်ခံရပြီး ပိုလန်ဘာသာကိုလည်း ရုံးသုံးဘာသာစကားအဖြစ်ကနေ ရုပ်သိမ်းခံလိုက်ရတာကြောင့် ပိုလန်မျိုးချစ်တို့အဖို့တော့ စိတ်ဓာတ်ကို ရိုက်ချိုးသလို ဖြစ်ခဲ့ကြရတယ်။ ဒါကြောင့်လည်း မာရီဟာ ဝါဆောမြို့ရဲ့ လျှို့ဝှက်မြေအောက်ပညာရေး စီမံကိန်းကျောင်းမှာ စတင်တက်ရောက်ပြီး ပညာသင်ခဲ့ရပါတယ်။
ပညာစတင်သင်ယူချိန်ကတည်းက မာရီဟာ အတန်းထဲမှာ အတော်ဆုံးကျောင်းသူဖြစ်ပြီး သိပ္ပံပညာရပ်များ ကိုလည်း စိတ်ဝင်တစား လေ့လာလိုက်စားသူလေးဖြစ်ပါတယ်။ မမျှော်လင့်ထားသော အဖြစ်အပျက်များက မာရီတို့မိသားစုဆီကို ရောက်လာခဲ့တယ်။ အကြောင်းကတော့ အစ်မဖြစ်သူ ဇိုဇီယာဟာ ကျောင်းသားများထံမှ ကူးစက်ရောဂါတစ်မျိုး ကူးစက်ခံရပြီး မာရီတို့ကိုနှုတ်ဆက်ထွက်ခွာသွားသလို မိခင်ဖြစ်သူမှာလည်း အဆုတ်ရောဂါတစ်မျိုးကြောင့် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြပါတယ်။ အဲဒီမြင်ကွင်းတွေနဲ့ အဖြစ်အပျက် တွေဟာ မာရီ့အတွက်တော့ စိတ်ဒဏ်ရာအဖြစ်ကို ပြောင်းလဲပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာ မတိုးတက်ခြင်းနဲ့ လုံလောက်ပြည့်စုံတဲ့ ဆေးပညာဗဟုသုတမရှိခြင်းတို့ကြောင့် မိခင်နဲ့ အစ်မဖြစ်သူကို ဆုံးရှုံးရတာဆိုပြီး စိတ်ထဲမှာ အမှတ်အသားတစ်ခုဖြစ်သွားခဲ့ပြီး အဲဒီအကြောင်းရင်းကပဲ မာရီကို ထက်မြက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ဖို့ တွန်းအားတွေပေးသလို ဖြစ်ခဲ့ပါတယ်။
မာရီဟာ အထက်တန်းအောင်တဲ့အထိ ပညာသင်ကြားပြီးတဲ့နောက် သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာလည်း ရွှေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာတော့ ဝါဆောတက္ကသိုလ်မှာ တက္ကသိုလ်ပညာ သင်ကြားဖို့လည်း လျှောက်ထားရော အမျိုးသမီးတစ်ယောက်ဖြစ်နေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ တက္ကသိုလ်ပညာကိုသင်ကြားခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ မာရီဟာ သူ့ရဲ့ ဆန္ဒကိုလက်မလွှတ်ဘဲနဲ့ တစ်နေ့နေ့မှာ ပြင်သစ်ကိုသွားပြီး ပညာသင်ယူဖို့ကို အိပ်မက်မက်နေခဲ့ပါတယ်။ မာရီရဲ့ အစ်မဖြစ်သူ ဘရွန်ယာဟာ ဆေးပညာသင်ယူဖို့အတွက် ပြင်သစ်နိုင်ငံ၊ ပဲရစ်ကိုသွားရောက်ခဲ့ပါတယ်။ မာရီကတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေနဲ့ ဘရွန်ယာ ပညာသင်စရိတ်များအတွက် ဝါဆောမြို့နဲ့ ဝေးလံတဲ့နယ်ဘက်မှာ ကလေးတွေကိုစာသင်ပေးရင်း အိမ်တော်ထိန်းရတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးဖြစ်တာကြောင့် အသက် ၁၈ နှစ်အရွယ်မိန်းမပျိုလေးဟာ အားလပ်ချိန်တွေမှာ သင်္ချာနဲ့ရူပဗေဒစာအုပ်တွေကို စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ပါတယ်။
၁၈၉၁ ခုနှစ်မှာတော့ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရီဟာ သူ့ဘဝရည်မှန်းချက်တွေကို အကောင် အထည်ဖော်ဖို့ လမ်းစရခဲ့ပါပြီ။ အစ်မဖြစ်တဲ့ ဘရွန်ယာကလည်း ဆေးပညာဘွဲ့ရရှိပြီးဖြစ်တာကြောင့် မာရီအရမ်းတက်ချင်တဲ့ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်ကို တက်ဖို့အတွက် ခေါ်ခဲ့ပါတယ်။ မာရီဟာ ဆော်ဘွန်းတက္ကသိုလ်မှာ မိမိလေ့လာလိုတဲ့ သိပ္ပံဘာသာရပ်တွေကို တစ်ဝကြီး လေ့လာရတာကြောင့် အတိုင်းထက်အလွန်ပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်မှာ နေထိုင်စားသောက်စရိတ်များက အလွန်ဈေးကြီးတာကြောင့် အစ်မဖြစ်သူက ထောက်ပံ့တယ်လို့ဆိုပေမဲ့လည်း ပြည့်စုံမှုတော့ မရှိပါဘူး။ ကျပ်ကျပ်တည်းတည်းနဲ့ ခြိုးခြံချွေတာပြီး ပညာကိုအငမ်းမရသင်ယူခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို မာရီရဲ့ အပတ်တကုတ်လေ့လာကြိုးစားမှုကြောင့် ၁၈၉၃ ခုနှစ်မှာ ရူပဗေဒအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။
အဲဒီနောက် မာရီဟာ သံလိုက်စွမ်းရည်နဲ့ စတီးရဲ့ ဓာတ်ပြုဓာတ်ပေါင်းမှုစွမ်းရည်ကို လေ့လာစမ်းသပ်ရမယ့် သုတေသနခေါင်းစဉ်တစ်ခုကို သိပ္ပံပညာရှင်ဖြစ်တဲ့ ပယ်ရီကျူရီ ဆိုသူနဲ့ ဆောင်ရွက်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဝါသနာတူများဖြစ်ကြသလို၊ သိပ္ပံပညာကို အလေးထားကာ စူးစမ်းလေ့လာလို သူတွေဖြစ်တာကြောင့် ရူပဗေဒအကြောင်းအရာတွေ၊ အံဩဖွယ်ရာ စမ်းသပ်ချက်တွေနဲ့ ငယ်ဘဝ အဖြစ်အပျက်တွေကို ပြောဆိုကြရင်း တစ်စတစ်စသံယောဇဉ်တွယ်လာကြကာ ချစ်သူဖြစ်လာကြပါတယ်။ ဒါကြောင့် ၁၈၉၅ ခုနှစ်မှာ မာရီနဲ့ ပယ်ရီကျူရီတို့ လက်ထပ်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်စုံတွဲဖြစ်တာကြောင့် သိပ္ပံပညာရပ်နဲ့ ပတ်သက်တာတွေကို ဆက်လက်လေ့လာပြီး သုတေသနပြုတာတွေနဲ့ အခြားသော စမ်းသပ်မှုတွေကိုလည်း အားသွန်ခွန်စိုက် တက်ညီလက်ညီလုပ်ကိုင်ခဲ့ကြပါတယ်။
၁၈၉၆ ခုနှစ်မှာ သိပ္ပံပညာရှင် အမ်ဘတ္တရယ်ဆိုသူက အလွန်အလေးချိန်စီးတဲ့ ယူရေနီယမ်သတ္တုမှာ ရေဒီယိုသတ္တိရှိတာကို စူးစမ်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျူရီဇနီးမောင်နှံဟာ အဲဒီရေဒီယိုသတ္တိကြွလိုမျိုး တခြားသတ္တုတွေကလည်း ထွက်မထွက် စိတ်ဝင်တစားနဲ့ စူးစမ်းချင်စိတ်တွေ တဖွားဖွားပေါ်လာကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် စမ်းသပ်လို့ အဆင်ပြေနိုင်မယ့် ဓာတ်ခွဲခန်းတစ်ခု လိုအပ်နေပါတယ်။ နောက်ဆုံးမှာတော့ သူတို့ကိုကူညီတဲ့အနေနဲ့ တက္ကသိုလ်ကစတိုဟောင်းတစ်ခုကို အသုံးပြုခွင့်ရခဲ့ပါတယ်။ ကြီးမားသေသပ်တဲ့ အခန်းတစ်ခုမဟုတ်ပေမဲ့လည်း အဲဒီအခန်းလေးမှာပဲ မာရီဟာ ရေဒီယိုသတ္တိကြွစိန်ခေါ်မှုကြီး စတင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ ပဲရစ်မြို့ရဲ့ မြူနီစပယ်ကျောင်းတစ်ကျောင်းမှာ အထွေထွေ ရူပဗေဒပါမောက္ခ ဖြစ်တာကြောင့် စမ်းသပ်မှုကို အချိန်ပြည့် မလုပ်ဆောင်နိုင်ဘဲ မာရီကတော့ အချိန်ပြည့်နီးပါး မနားမနေလုပ်ဆောင်ခဲ့ပါတယ်။
၁၈၉၈ ခုနှစ်မှာတော့ ကျူရီမောင်နှံဟာ ပစ်ချဗလင်ကတ္တရာကနေ ရေဒီယိုသတ္တိရှိတဲ့ ဒြပ်စင်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီဒြပ်စင်ကို မာရီဟာ မွေးရပ်မြေပိုလန်ပြည်ကို အထူးပြုတဲ့သဘောနဲ့ ပိုလိုနီယမ်လို့ အမည်ပေးခဲ့ပါတယ်။ ပစ်ချဗလင်ကတ္တရာကနေ ရေဒီယိုသတ္တိကြွတွေထွက်ရှိမှုဟာ တခြားပစ္စည်းတွေက ထွက်တာထက် လေးဆ လောက်ပိုများပါတယ်။ ဒါကြောင့် သူတို့အတွက် ပစ်ချဗလင်ကတ္တရာကို အမြောက်အမြားထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုအမြောက်အမြားထုတ်ဖို့ဆိုရင် ဓာတ်ခွဲခန်းကျယ်ကျယ်တစ်ခုလည်း လိုအပ်ပြန်ပါတယ်။ ကျူရီမောင်နှံမှာ ပထမဆုံးရင်သွေးလေး အိုင်ရင်းကို မွေးဖွားခဲ့ပြီးဖြစ်တာကြောင့် စီးပွားရေးအခြေအနေက ကျပ်တည်းလာပါတယ်။ ဒါကြောင့် မာရီဟာ အမျိုးသမီးကျောင်းတစ်ကျောင်းမှာ သိပ္ပံဆရာမအနေနဲ့ အလုပ်ဝင်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဂိုထောင်ဟောင်းတစ်ခုကို ရရှိခဲ့ပြီး စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ပိုလိုနီယမ်နဲ့ ရေဒီယမ်တို့ကို ပစ်ချဗလင်ကတ္တရာကနေ ပင်ပန်းကြီးစွာနဲ့ ထုတ်နိုင်ခဲ့ပါတယ်။
ရေဒီယမ်ဟာ ကင်ဆာနဲ့အခြားသောရောဂါများကို ကုသရာမှာ အတော်လေးအသုံးဝင်တဲ့ ဒြပ်စင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ တစ်မုဟုတ်ချင်းကျော်ကြားသွားပြီး ၁၉၀၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ တော်ဝင်အသင်းက ချီးမြှင့်တဲ့ အကြီးဆုံးသိပ္ပံဂုဏ်ထူးဖြစ်တဲ့ ဒေဗီတံဆိပ်ကို ရရှိခဲ့ပါတယ်။ အဲဒီနှစ်အတွင်းမှာပဲ ပညာရှင် အမ်ဘတ္တရယ်နဲ့အတူ သူတို့ဇနီးမောင်နှံကို ရူပဗေဒပညာရပ်မှာ နိုဘယ်လ်ဆုချီးမြှင့်ခဲ့ပါတယ်။ မာရီဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေတာကြောင့် နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က စာရင်းထဲကနေ ပယ်ထုတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ခေတ်မီပြီး သိပ္ပံပညာတိုးတက်နေတဲ့ အနောက်နိုင်ငံများမှာလည်း အမျိုးသမီးနဲ့ အမျိုးသားခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် တွေးခေါ်နိုင်စွမ်းမရှိဘူး၊ အမျိုးသမီးတွေကို ထူးချွန်ဆုပေးအပ်ဖို့က မသင့်တော်ဘူးလို့ တွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် မာရီဟာ နိုဘယ်လ်ဆုရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
၁၉၀၄ ခုနှစ်မှာတော့ ခင်ပွန်းဖြစ်သူ ပယ်ရီကို ဆော်ဘွန်းတက္ကသိုလ်ရဲ့ ရူပဗေဒပါမောက္ခအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အိဗ်ကျူရီလို့ခေါ်တဲ့ သမီးအငယ်လေးတစ်ယောက်လည်း ထပ်မံရရှိလာပြီး မာရီတို့အတွက်တော့ ဘဝလမ်းခရီးက အတော်လေးအဆင်ပြေနေပြီဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ အချိုးအကွေ့တစ်ခုက မာရီဆီကို တည့်တည့်မတ်မတ်ရောက်လာခဲ့ပါတယ်။ အကြောင်းကတော့ ၁၉၀၆ ခုနှစ်၊ ဧပြီ ၁၉ မှာ ပယ်ရီကျူရီဟာ ပါရီမြို့မှာ ကုန်တင်ရထား မတော်တဆတိုက်မိတာကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ ပယ်ရီသေဆုံးသွားခြင်းဟာ မာရီအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ ဝါသနာတူနဲ့ စိတ်တူ ကိုယ်တူဖြစ်တဲ့ ချစ်ခင်ပွန်းကိုဆုံးရှုံးလိုက်ရတာကြောင့် ရည်မှန်းထားတဲ့ လုပ်ငန်းစဉ်ကြီးပြိုကွဲသွားပြီလို့လည်း မှတ်ယူခဲ့ပါတယ်။ အဲဒီနောက် သိပ္ပံပညာနဲ့ လူသားတွေကောင်းကျိုးကို ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီးနောက်မှာတော့ စိတ်ဓာတ်ကိုပြန်လည်မြှင့်တင်ပြီး ရဲရင့်စွာရင်ဆိုင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူလုပ်ကိုင်ခဲ့တဲ့ ရူပဗေဒပါမောက္ခရာထူးကို မာရီကိုပေးအပ်ခဲ့ကြပါတယ်။
အဲဒီအချိန်က လက်တွဲလုပ်ဆောင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာဆိုရင် မာရီဟာ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေကို အထင်သေးရှုတ်ချပြီးလုပ်နိုင်စွမ်းမရှိဘူးလို့ တွေးထင်ထားတဲ့လူများကို မာရီက သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မာရီဟာ စမ်းသပ်ချက်တွေကို အားမလျှော့ဘဲ ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် သန့်စင်တဲ့ရေဒီယမ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ မာရီဟာ ဓာတုဗေဒဘာသာရပ်နဲ့ နိုဘယ်လ်ဆုကို ထပ်မံရရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပထမဆုံးနိုဘယ်လ်ဆုနှစ်ဆုရရှိခဲ့တဲ့ အမျိုးသမီးဖြစ်သလို မတူညီတဲ့ သိပ္ပံဘာသာရပ်နှစ်ခုအတွက် ဆုရရှိခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်မှာလည်း မာရီဟာ ရွေ့လျားဓာတ်မှန်ရိုက်စက်တွေကိုစစ်မြေပြင်က ယာယီဆေးရုံတွေကို လှူဒါန်းခဲ့ပါသေးတယ်။
ကလေးနှစ်ယောက်အမေ မုဆိုးမဖြစ်သူ မာရီကျူရီဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်တစ်ဦးဖြစ်ပေမဲ့လည်း အဆောင်အယောင်တွေနဲ့ စည်းစိမ်ဥစ္စာတွေကို မက်မောတွယ်တာသူတစ်ယောက်မဟုတ်ပါဘူး။ နိုင်ငံတော်က အမြင့်ဆုံး ဂုဏ်ထူးဆောင် ဘွဲ့ထူး ဂုဏ်ထူးများချီးမြှင့်ပေမဲ့လည်း လက်မခံဘဲ ပရဟိတလုပ်ငန်းများလုပ်ကာ သူတတ်စွမ်းသမျှ ပညာရပ်တွေအားလုံးကို တပည့်များအား အိတ်သွန်ဖာမှောက် သင်ကြားပေးခဲ့ပါတယ်။ မာရီရဲ့ တပည့်များဟာလည်း နောင်တစ်ချိန်မှာ ထူးချွန်ပြီး ကျော်ကြားတဲ့ ပညာရှင်တွေဖြစ်လာကြပါတယ်။ အများကောင်းကျိုးသယ်ပိုးရင်း သိပ္ပံပညာရပ်ထဲမှာပဲ ဘဝကို မြှုပ်နှံခဲ့တဲ့ မာရီဟာ တစ်ဘဝလုံးနီးပါးဓာတ် ရောင်ခြည်တွေနဲ့ပဲ လက်ပွန်းတတီးနေခဲ့ခြင်းတို့ကြောင့် သွေးအားနည်းရောဂါ(Aplastic anemia) ဖြစ်ပွားခဲ့ပြီး ၁၉၃၄ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊သူ့အသက် ၆၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ရေဒီယို ဓာတ်ရောင်ခြည်တွေကို အမြဲထိတွေ့နေခဲ့ပြီး စမ်းသပ်ချက်တွေကို တစ်ခုပြီးတစ်ခုလုပ်နေခဲ့တာကြောင့် ဒီရောဂါကိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။
လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ရင်း အသက်ပေးသွားခဲ့ရတဲ့ အမျိုးသမီးဂုဏ်ဆောင် သိပ္ပံပညာရှင်ဖြစ်တဲ့ မာရီကျူရီရဲ့ ရှာဖွေတွေ့ရှိမှုများနဲ့ လုပ်ဆောင်ချက်များဟာ ယနေ့တိုင် ဆေးပညာလောကနဲ့ လူသားမျိုးနွယ်စုတို့အပေါ် များစွာအထောက်အပံ့ပေးလျက်ရှိပါတယ်။ ။
====================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
https://forms.gle/d4L8YTEapA58Gho66
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …
#Zlann
#ZLann_Podcast
#mariecurie
More Interesting Blogs from Zlann
ဘာသာပြန်စာအုပ်တွေကို မူရင်းရသနဲ့မကွာဘဲထိမိအောင်ရေးသားနိုင်တဲ့ ထူးခြားတဲ့ကလောင်ရှင် “ရွှေဉဒေါင်း”
ဘာသာပြန်စာအုပ်တွေကို မူရင်းရသနဲ့မကွာဘဲထိမိအောင်ရေးသားနိုင်တဲ့ ထူးခြားတဲ့ကလောင်ရှင် "ရွှေဉဒေါင်း"
January 16, 2024
Read More
တောင်ငူအင်ပါယာကို စတင်တည်ထောင်ခဲ့သူ မဟာသီရိဇေယျသူရ မင်းကြီးညို
တောင်ငူအင်ပါယာကို စတင်တည်ထောင်ခဲ့သူ မဟာသီရိဇေယျသူရ မင်းကြီးညို
April 6, 2024
Read More
“ကန်းနေးတိုက်ပွဲသူရဲကောင်းနဲ့ ကာသေ့ဂျ်နိုင်ငံ”
"ကန်းနေးတိုက်ပွဲသူရဲကောင်းနဲ့ ကာသေ့ဂျ်နိုင်ငံ"
June 2, 2024
Read More
စွန့်ဦးခရီးသွားသူ ‘မာကိုပိုလို’🌎
စွန့်ဦးခရီးသွားသူ 'မာကိုပိုလို'🌎
January 9, 2024
Read More
‘‘ဥတ္တရကုရု ခေါ် မြောက်ကျွန်း’’
‘‘ဥတ္တရကုရု ခေါ် မြောက်ကျွန်း’’
September 24, 2024
Read More
“ရောထွေးနေတဲ့ အမေဂျမ်းရဲ့ ဘဝဖြစ်စဉ်”
"ရောထွေးနေတဲ့ အမေဂျမ်းရဲ့ ဘဝဖြစ်စဉ်"
August 21, 2025
Read More