“အမှတ်မထင်ပြောမိတဲ့ စကားတစ်ခွန်းကြောင့် ပြည့်တန်ဆာမ ဘဝကို ရောက်ခဲ့ရသူ အမ္ဗပါလီ”

ဘုန်းတန်ခိုးအာနုဘော်ကြီးမြတ်လှတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကိုယ်တိုင် ပင့်ဖိတ်ကာ ဆွမ်းဘောဇဉ်နဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦး သာသနာတော်မှာ ရှိခဲ့ဖူးပါတယ်။ သူမကတော့ အမ္ဗပါလီပဲဖြစ်ပါတယ်။ လှပလွန်းတဲ့ ရုပ်ဆင်းရူပကာကြောင့် ပြည့်တန်ဆာဘဝကို ရောက်ခဲ့ရသလို တိုင်းပြည်တစ်ခွင် ငြိမ်းချမ်းသာယာစေကာ ပဋိပက္ခရန်မီးတွေကို ချုပ်ငြိမ်းစေခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် သံသေဒဇပဋိသန္ဓေလို့ခေါ်တဲ့ သစ်ပင်၊ ပန်းပင်တို့မှာ သန္ဓေတည်ကာ ပေါက်ဖွားလာခြင်းမျိုးနဲ့ မွေးဖွားခဲ့သူလည်း ဖြစ်ပြန်ပါတယ်။
အဲဒီလိုမျိုး ထူးခြားမှုတွေ လွှမ်းခြုံပြည့်နှက်နေတဲ့ အမျိုးသမီးဖြစ်တာကြောင့် အမ္ဗပါလီအကြောင်းကို ပါဠိစာပေတွေထဲမှာ မှတ်တမ်းတင်ထားရုံသာမကပဲ အိန္ဒိယရှေးဟောင်းစာပေတွေမှာလည်း အကျယ်တဝင့် ရေးသားဖော်ပြထားကြပါတယ်။ အိန္ဒိယကဗျာဆရာ၊ ဝတ္ထုရေးဆရာနဲ့ ပြဇာတ်ဆရာတို့အတွက်တော့ သူမရဲ့ ဘဝဇာတ်ကြောင်းဟာ သည်းခြေကြိုက်ဖြစ်ခဲ့ပြီး အိန္ဒိယစာပေလောကမှာ နေရာတော်တော်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယမှာ ဘာသာစကားအမျိုးမျိုးနဲ့ ရေးသားထုတ်ဝေဖော်ပြကြတာဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာရေးဆရာကြီးဖြစ်တဲ့ ဆရာကြီးပါရဂူကိုယ်တိုင်ကလည်း အမ္ဗပါလီအကြောင်း ရေးသားထားတဲ့ စာအုပ်တွေထဲက ကောင်းနိုးရာရာဖြစ်မယ့် ဂူဂျာရာတီဘာသာနဲ့ ‘ရာမကျန်ဒရ ဌာကုရ်’ အမည်ရှိတဲ့ စာရေးဆရာတစ်ဦးရေးသားထားတဲ့ စာအုပ်ကို မြန်မာဘာသာပြန်ဆိုခဲ့ဖူးပါတယ်။
အမ္ဗပါလီရဲ့ ဘဝဖြစ်စဉ်အကြောင်းကို ပြောတော့မယ်ဆိုရင် လိစ္ဆဝီမင်းတွေအကြောင်းကတော့ မပါမဖြစ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်လောက်က အိန္ဒိယပြည်ကြီးကို ‘ဇမ္ဗူဒိပ်ကျွန်း’လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ဇမ္ဗူဒိပ်ကျွန်းကြီးမှာ ကိုယ်ပိုင်လွတ်လပ်စွာနဲ့ အုပ်ချုပ်ကြတဲ့ တိုင်းနိုင်ငံငယ်ပေါင်း များစွာရှိပါတယ်။ မြောက်ပိုင်း အိန္ဒိယနယ် တစ်ခုတည်းမှာတင်ကို နိုင်ငံပေါင်း တစ်ဆယ့်ခြောက်နိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံတွေထဲမှာမှ နိုင်ငံကြီးတစ်ခုမဟုတ်တဲ့ ဝဇ္ဇီနိုင်ငံဆိုတာလည်း ရှိခဲ့ပါတယ်။ ဝဇ္ဇီနိုင်ငံမှာ အမျိုးအနွယ်ပေါင်းရှစ်မျိုးလောက်ရှိပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ မျိုးနွယ်တွေကတော့ မိတ္ထီလာက ဝေဒေဟီနဲ့ ဝေသာလီက လိစ္ဆဝီဂဏမျိုးနွယ်တို့ပဲဖြစ်ကြပါတယ်။ လိစ္ဆဝီတို့ရဲ့ နေပြည်တော်က ဝေသာလီဖြစ်ပြီး လိစ္ဆဝီကိုယ်စားလှယ် ၇၇၀၇ ဦးပါဝင်တဲ့ ဂဏအုပ်ချုပ်ရေးစနစ်က လိစ္ဆဝီတစ်နိုင်ငံလုံးကို အုပ်ချုပ်နေတာဖြစ်ပါတယ်။
လိစ္ဆဝီတို့ဟာ အများအားဖြင့်တော့ ခတ္တိယလူမျိုးတွေဖြစ်ကြပြီး ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသန်မာကာ အရပ်အမောင်းကောင်းသူတွေလည်းဖြစ်ပါတယ်။ လေးအတတ်ကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပြီး တိုက်ပွဲတွေမှာဆိုရင်လည်း အနိုင်မခံ၊ အရှုံးမပေးစိတ်ရှိသူတွေဖြစ်ပါတယ်။ ဝေသာလီမြို့မှာရှိတဲ့ သန္ထာဂါရလို့ခေါ်တဲ့ လွှတ်တော်ခန်းမဆောင်ထဲမှာ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ စည်းမျဉ်းတွေကို လိစ္ဆဝီဂဏနိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့က ရေးဆွဲပြီး အများဆန္ဒအရ လွှတ်တော်က ဆုံးဖြတ်အတည်ပြုတဲ့ ကိစ္စတွေကိုလည်း အားလုံးက လိုက်နာကြရပါတယ်။
တစ်နေ့တော့ ဝေသာလီပြည်ရဲ့ သရက်ခြံကြီးတစ်ခုမှာ မွေးကင်းစကလေးတစ်ယောက်ကို မဟာနာမ အမည်ရှိတဲ့ ဥယျာဉ်မှူးတစ်ယောက်က တွေ့ရှိပြီး မွေးစားလိုက်ပါတယ်။ သရက်ပင်မှာ တွေ့တာကြောင့် အမည်ကို အမ္ဗပါလီလို့ မှည့်ခေါ်ခဲ့ပါတယ်။ အမ္ဗဆိုတာ ‘သရက်ပင်’ ကိုဆိုလိုတာဖြစ်ပြီး ပါလီကတော့ ‘စောင့်ရှောက်သူ’လို့ အဓိပ္ပာယ်ရပါတယ်။ တချို့မှတ်တမ်းတွေမှာတော့ အမ္ဗပါလီဟာ မွေးကင်းစဘဝနဲ့ မိခင်ဖြစ်သူက သရက်ခြံထဲမှာ လာစွန့်ပစ်တာကို ခံခဲ့ရတာလို့ ဖော်ပြထားကြသလို တချို့ကတော့ အမ္ဗပါလီဟာ ဥပပတ်ပဋိသန္ဓေလို့ခေါ်တဲ့ ၁၆ နှစ်အရွယ် လူတစ်ယောက်အဖြစ်ကို ဘွားခနဲပေါ်လာတဲ့သူလို့ ဆိုကြပါသေးတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အမ္ဗပါလီဟာ သရက်ပင်ကို အမှီပြုပြီး ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။
အရွယ်ရောက်လာတဲ့အခါတော့ သူမဟာ ရွယ်တူမိန်းမပျိုလေးတွေအားလုံးထက် အဆင်းရူပကာ သာလွန်တဲ့သူဖြစ်လာပါတယ်။ မြင်သူတကာ ငေးရလောက်တဲ့ ပြစ်မျိုးမှဲ့မထင် အလှမျိုးကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် သူမရဲ့ အလှဂုဏ်ဟာ လိစ္ဆဝီမင်းတို့ရဲ့ တပ်မက်စရာတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် အမ္ဗပါလီဆိုတဲ့ အလှပဂေးကို ပိုင်ဆိုင်ရဖို့အတွက် အပြိုင်အဆိုင် ပိုးပန်းကြိုးစားကြပါတယ်။ ဘယ်အရာကိုမှ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်တတ်တဲ့ လိစ္ဆဝီတို့ရဲ့ ထုံးစံအတိုင်း သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကာ အလှဘုရင်မကို အရယူဖို့ပြိုင်ဆိုင်ကြပါတယ်။ ဒီအခါမှာတော့ တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြရင်းနဲ့ ပဋိပက္ခတွေဖြစ်လာကြပါတယ်။
ဒါကြောင့် လိစ္ဆဝီတို့ရဲ့ ထုံးစံအတိုင်း အမ္ဗပါလီကို ပိုင်ဆိုင်ရဖို့အတွက်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေး အဖြေရှာရတဲ့ အထိကိုဖြစ်လာရပါတယ်။ ဒီအခါတော့ ငယ်စဉ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့ရသူ မဟာနာမအမည်ရှိတဲ့ ဥယျာဉ်မှူးကလည်း သမီးဖြစ်သူအတွက် မျှတတဲ့ တရားစီရင်မှုတစ်ခုဖြစ်ဖို့ ဆုတောင်းနေပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ဆုတောင်းမပြည့်ခဲ့ပါဘူး။ အမ္ဗပါလီကို လိစ္ဆဝီရဲ့ အများပိုင်အဖြစ်နဲ့ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူမရဲ့ ချောမောလှပမှုကပဲ သူမဘဝကို ပြည့်တန်ဆာအဖြစ် တွန်းပို့လိုက်တယ်လို့ဆိုရမလိုဖြစ်နေပါတယ်။
အမ္ဗပါလီဟာ အခုလိုမျိုး လိစ္ဆဝီရဲ့ ပြည့်တန်ဆာတစ်ယောက် ဖြစ်ခဲ့ရတာကတော့ တစ်ခုသော ဘဝမှာ မဆင်မခြင် စကားဆိုခဲ့မိတာကြောင့်ပဲဖြစ်ပါတယ်။ အမ္ဗပါလီလောင်းလျာဖြစ်လာမယ့် အမျိုးသမီးတစ်ယောက်ဟာ သိခီမြတ်စွာဘုရားရှင်လက်ထက်က ဘိက္ခုနီမဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘဝမှာ သူမဟာ အကျင့်သီလသိက္ခာနဲ့ ပြည့်စုံပြီး တရားတော်တွေကို တစိုက်မတ်မတ်ရှုမှတ်ပွားများခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ တခြားဘိက္ခုနီမအဖွဲ့တွေနဲ့အတူ စေတီတစ်ဆူကို သွားရောက်ပူဇော်တဲ့အချိန် သူမတို့အရှေ့က ကြွသွားတဲ့ ရဟန္တာမတစ်ဦးက နှာချေချလိုက်တာကြောင့် မမျှော်လင့်ဘဲ ချွဲသလိပ်တွေ စေတီရင်ပြင်ပေါ်ကို ကျသွားပါတယ်။ ဒါကို အမ္ဗပါလီလောင်းလျာ ဘိက္ခုနီမ မြင်သွားတဲ့အခါ ဘယ်ပြည့်တန်ဆာမက ဘုရားရင်ပြင်တော် ပေါ်မှာတံတွေးသလိပ်တွေကို ညစ်ညစ်ပတ်ပတ်နဲ့ ထွေးခဲ့ရတာလဲဆိုပြီး ရင့်ရင့်သီးသီးပြောခဲ့ပါတယ်။
ဒီအခါ တခြားသော ဘိက္ခုနီမတွေက မပြောဖို့ တားမြစ်ကြတာကို လျစ်လျူရှုခဲ့ပါတယ်။ အဲဒီလို မဆင်မခြင်ဆိုခဲ့မိတဲ့ စကားတစ်ခွန်းကြောင့် အခုဘဝမှာ ပြည့်တန်ဆာဘဝကို ရောက်ခဲ့ရတာဖြစ်ပါတယ်။ ‘ဝစီဗေဒ ထိတိုင်းရှ’ ဆိုသလို အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ ရဟန္တာမအပေါ်ကို မရည်ရွယ်ဘဲ ကျူးလွန်မိတဲ့ အမှားတစ်ခုကြောင့် ဘဝပါပေးဆပ်ရပုံကို စံနမူနာအဖြစ်နဲ့ မှတ်သားပြီး အပြောအဆိုသတိထားဆင်ခြင်ကြဖို့ အသိတရားတစ်ခုကို ရရှိစေပါတယ်။
အမ္ဗပါလီဆိုပြီး သံသေဒဇပဋိသန္ဓေတည်လာဖို့အတွက်နဲ့ လှပချောမောမှုကို ပိုင်ဆိုင်ဖို့အတွက်ကလည်း ဖုဿဘုရားရှင်ပွင့်တော်မူစဉ်အခါတုန်းက ဘုရားရှင်ရဲ့ နှမတော်ဖြစ်ခဲ့တာကြောင့် တရားဒေသနာတော်တွေကို ပွားများခွင့်ရခဲ့ပေမဲ့ ဖြစ်လေရာဘဝတိုင်းမှာ ရုပ်ရည်ချောမောသူဖြစ်ရပါစေလို့ပဲ ဆုပန်ခဲ့ပါတယ်။ ဒါ့အပြင် ကဿဖဘုရားရှင် လက်ထက်ကလည်း အကျင့်သီလနဲ့ ပြည့်စုံတဲ့ ဘိက္ခုနီမတစ်ပါးဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက အမိဝမ်းအတွင်းမှာ သန္ဓေတည်ရတဲ့ အဖြစ်ကို မနှစ်မြို့တာကြောင့် အဲဒီလို မမွေးဖွားလာဖို့အတွက် ဆုပန်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုလိုမျိုး သံသေဒဇပဋိသန္ဓေအဖြစ်နဲ့ မွေးဖွားလာခဲ့တာလို့ ပါဠိစာပေအတော်များများမှာ ရေးသားဖော်ပြထားကြပါတယ်။
အမ္ဗပါလီဟာ လိစ္ဆဝီတို့ရဲ့ အများပိုင်အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရပေမဲ့လည်း သူမရဲ့ ဘဝဟာ တခြားပြည့်တန်ဆာတွေလိုမဟုတ်ဘဲ ဝေသာလီရဲ့ အထူးအလေးပေးခြင်းကိုခံရတဲ့ စည်းစိမ်ဥစ္စာရတနာတို့အပြည့်နဲ့ ကြွယ်ဝချမ်းသာသူတစ်ယောက်ဖြစ်ပါတယ်။ ဝေသာလီပြည်ရဲ့ ပြယုဂ်တစ်ခုလို့ဆိုရလောက်အောင်ကို သူမရဲ့ ဂုဏ်သတင်းကမွှေးပျံ့ပြီး ကျော်စောထင်ရှားပါတယ်။ ပြည့်တန်ဆာဖြစ်ပြီး နှစ်အတန်ကြာတဲ့ အခါမှာတော့ ကလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ သားတော်လေးဟာ အနေအေးဆေးပြီး တည်ကြည်သူဖြစ်တာကြောင့် ဝိမလဆိုတဲ့ အမည်ကို ပေးခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ အညစ်အကြေးကင်းစင်ပြီး သန့်စင်မွန်မြတ်သူလို့ ဆိုလိုတာပဲဖြစ်ပါတယ်။
သူမဟာ သားဖြစ်သူကို အလွန်တရာချစ်မြတ်နိုးတာကြောင့် လူလားမြောက်လာချိန်မှာတော့ သားဖြစ်သူရဲ့ ဆန္ဒအတိုင်း သာသနာ့ဘောင်ကို ဝင်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဝိမလကောဏ္ဍည မထေရ် ဖြစ်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူမဘဝတစ်ဆစ်ချိုးပြောင်းလဲစေမယ့် နေ့ရက်ကိုရောက်လာခဲ့ပါတယ်။ အကြောင်းကတော့ ဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ နောက်ပါ သံဃာတော်တွေနဲ့အတူ အမ္ဗပါလီရဲ့ သရက်ခြံကြီးဆီမှာ လာရောက်သီတင်းသုံးကြတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒါကို ကြားတဲ့အခါ အမ္ဗပါလီဟာ လိစ္ဆဝီမင်းတွေအားလုံးထက် ဦးစွာဖူးမြော်ဖို့အတွက် သရက်ခြံကိုအပြေးသွားပါတော့တယ်။ ဘုန်းကျက်သရေအစုံနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးမြော်ရတဲ့အခါ ကြည်ညိုသဒ္ဓါပွားများလာပါတယ်။ ဒါကြောင့် ဘုရားရှင်ကို သူမနေအိမ်ကို နောက်ပါသံဃာတော်တွေနဲ့ အတူ ကြွရောက်ကာ ဆွမ်းဘုန်းပေးဖို့အတွက် မေးမြန်းလျှောက်ထားပါတယ်။ သတ္တဝါတို့အပေါ် အယုတ်အလတ် အမြတ်မရွေး မေတ္တာထားတော်မူတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့ အမ္ဗပါလီရဲ့ အိမ်ကို ကြွရောက်ဖို့ သဘောတူလက်ခံလိုက်ပါတယ်။
ဘုရားအမှူးရှိတဲ့ သံဃာတော်အပေါင်းကို ဆွမ်းကပ်ရမယ်ဆိုတဲ့ အသိကြောင့် သူမရဲ့ အိမ်ကိုအပြန်လမ်းဟာ အသွားတုန်းကထက်ကို ပိုပြီးတက်ကြွနေခဲ့ပါတယ်။ လိစ္ဆဝီမင်းတွေကလည်း ဘုရားရှင်ဆီကို အပြေးလာကြရာ လမ်းမှာ အမ္ဗပါလီနဲ့ ကြုံပါတယ်။ ဒီအခါ သူမက ဘုရားရှင်နဲ့ သံဃာတော်တွေကို ဦးဆုံးဆွမ်းကပ်ဖို့အတွက် လျှောက်ထားခဲ့ပြီးဖြစ်တယ်လို့ ဝင့်ကြွားစွာပြောပါတယ်။ လိစ္ဆဝီမင်းတို့က ဒီအခွင့်အရေးကို ငွေနဲ့ ပေးဝယ်မယ်လို့ ပြောပေမဲ့ သူမကတော့ ငွေအသပြာဘယ်လောက်ပေးပေး မလွှဲပြောင်းပေးနိုင်ဘူးလို့ ငြင်းလွှတ်လိုက်ကာ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူဖို့အတွက် အပြေးအလွှားပြင်ဆင်ပါတော့တယ်။
သဒ္ဒါတရားထက်သန်စွာနဲ့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းကပ်လှူပြီးတဲ့နောက်မှာတော့ သူမရဲ့ သရက်ဥယျာဉ်ခြံကို ရေစက်သွန်းချပြီး လှူဒါန်းလိုက်ပါတယ်။ ဒါ့အပြင် သူမရဲ့ အဆင်းရူပကာကို ဆင်ခြင်ပြီး မမြဲတဲ့ အနိစ္စတရားကို သဘောပေါက်သွားတာကြောင့် တရားရကာ ဘိက္ခုနီမ ဝတ်ဖို့ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။ ဒါတင်မကသေးဘဲ သားဖြစ်သူ ဝိမလ ကောဏ္ဍည မထေရ်ရဲ့ ဟောပြောလမ်းညွှန်ပေးတဲ့ တရားဒေသနာတော်တွေကို နာကြားပြီးတဲ့ နောက်မှာတော့ အကျွတ်တရားရပြီး လောကီလူ့ဘုံကို အပြီးတိုင်စွန့်လိုက်ပါတော့တယ်။
အမ္ဗပါလီရဲ့ဘဝဖြစ်စဉ်တွေဟာ ကြားသိရသူတိုင်းကို အံ့အားသင့်စေသလို စကားအပြောအဆို လိမ္မာပါးနပ်ဖို့နဲ့ မုန်းလို့ဖြစ်စေ၊ ချစ်လို့ဖြစ်စေ၊ တပ်မက်မှုကြောင့်ဖြစ်စေ မဆင်မခြင်ဆုမတောင်းကြဖို့ကို ဘဝသင်ခန်းစာအဖြစ်နဲ့ သတိပြုမှတ်သားရစေပါတယ်။ ။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann