အရှေ့တောင်အာရှတွင် အလှဆုံးသော “ဟိုက်ပါရေတံခွန်”💦

ကမ္ဘာတစ်လွှားမှာ လှပတဲ့ရေတံခွန်များစွာ ရှိသည့်အနက် အရှေ့တောင်အာရှမှာတော့ အလှပဆုံးရေတံခွန်ဟာ ဟိုက်ပါရေတံခွန်ပဲ ဖြစ်ပါတယ်။ ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာကို ဖြတ်သန်းစီးဆင်းတဲ့ နမ့်ပန်ချောင်းပေါ်မှာတည်ရှိပြီး ရောက်ဖူးသူတိုင်းက ဘုံဗိမာန်လိုလှပတဲ့ ရေတံခွန်လို့ဆိုကြပါတယ်။ ဟိုက်ပါရေတံခွန်၏ထူးခြားချက်မှာ အဆင့် ၁၁ ဆင့်ရှိတဲ့ ရေတံခွန် များစွာ အဆင့်ဆင့်အသွယ်သွယ်ဖြာကျစီးဆင်းနေပြီး ရေစီးဆင်းတဲ့အလှတရားဟာ မြင်ရသူတို့အဖို့ အမြင်လန်းဆန်းလှပသလို စိတ်ကြည်နူးစရာဖြစ်နေပြန်ပါတယ်။ ဟိုက်ပါရေတံခွန်ထဲမှ ရေတွေဟာ နွေရာသီမှာ အစိမ်းရောင်သမ်းနေပြီး မိုးရာသီမှာတော့ အဝါရောင်သမ်းနေတတ်လို့ သိရှိရပါတယ်။
ဟိုက်ပါရေတံခွန်ဟာ အရင်တစ်ချိန်က ခရီးလမ်းပန်းကောင်းမွန်ခြင်းမရှိခဲ့သလို နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် လူသိနည်းခဲ့ပြီး အခုနောက်ပိုင်းနှစ်တွေမှသာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး လူအများ အင်တာနက်အသုံးပြုမှုကြောင့် နာမည်ကြီးလာခဲ့ခြင်းဖြစ်ပါတယ်။ “ဟိုက်ပါရေတံခွန်” ဟာအလွန်လှပတဲ့ ရင်သပ်ရှုမောဖွယ် ရေတံခွန်တစ်ခုဖြစ်တာကြောင့် ရေတံခွန်တစ်ခုလုံးရဲ့ အလှအပကို နမ့်ပန်ချောင်းအတွင်း ရှိနေတဲ့ လှေလေးတွေပေါ်ကနေ ခံစားနိုင်မှာဖြစ်သလို ရေတံခွန်ပေါ်တက်နိုင်မည့် သတ်မှတ်ထားတဲ့အဆင့်တွေအထိ တက်ပြီးတော့လည်း ခံစားအပန်းဖြေနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေတံခွန်အနီးနားမှာရှိတဲ့ တဲလေးတွေပေါ်မှာ အနားယူပြီးတော့လည်း ရေတံခွန်ရဲ့ အလှတရားကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။
ရေတံခွန်အဆင့်တွေမှ စီးကျလာတဲ့ ရေတွေဟာ ကြောက်စရာကောင်းလောက်အောင် ရေစီးကြမ်းတာကြောင့် ရေတံခွန်အဆင့်တွေပေါ်တက်ရင် သတိထားရတယ်လို့ သိရပါတယ်။ အခုအချိန်မှာဆိုရင်တော့ ခရီးသွားလုပ်ငန်းအများစုက ဟိုက်ပါရေတံခွန်မှာ ညအိပ်နေချင်တယ်ဆိုရင်လည်း ရွက်ဖျင်တဲလေးတွေ စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။
ဟိုက်ပါရေတံခွန်ဆီ ရောက်ဖို့ဆိုရင် ကြီးမားတဲ့ လယ်ကွင်းပြင်ကြီးကို ဖြတ်သန်းသွားရပါသေးတယ်။ လယ်ကွင်းကြီးကို ဖြတ်ဖို့ဆိုရင်တော့ တချို့ကားတွေအတွက် အဆင်မပြေတာကြောင့် ဆိုင်ကယ် သို့မဟုတ် လမ်းလျှောက်သွားကြရပါတယ်။ ဟိုက်ပါရေတံခွန်ကို သွားတဲ့လမ်းတစ်လျှောက်မှာလည်း လည်ပတ်ချင်စရာကောင်းတဲ့ နေရာတွေလည်းရှိနေပြန်ပါတယ်။ ဟိုပုံးမြို့အလွန်နားမှာရှိတဲ့ ထမ်ဆမ်းဂူ၊ မတ်ကျန်းကျေးရွာမှာရှိတဲ့ ယိုးဒယားဟန်ဖြင့် ထုလုပ်ပူဇော်ထားတဲ့ လူသိနည်းနေစဲ ဖြစ်တဲ့ လွယ်မုံမွန်းစေတီတော် လည်ပတ်သင့်တဲ့နေရာတွေဖြစ်ပါတယ်။ ခိုလမ်လမ်းကနေ သွားမည်ဆိုရင်တော့ နောင်ဖာရေကန်နဲ့ နမ့်မောင်းရေတံခွန်ကို ဝင်ရောက် လည်ပတ်နိုင်ပါသေးတယ်။ ကျိုင်းတောင်းလမ်းကနေသွားရင်တော့ ကျိုင်းတောင်းရေတံခွန်ကို ဝင်ရောက်လည်ပတ်နိုင်ပါသေးတယ်။ ရှေးဟောင်းလက်ရာစေတီတွေရှိတဲ့ မိုင်းနောင်မြို့နယ်အတွင်းက မွေတော်စေတီတော် များကိုလည်း အလွယ်တကူ ဝင်ရောက်ဖူးမြော်နိုင်ပါသေးတယ်။ နောက်ထပ်လည်ပတ်နိုင်သေးတဲ့ နေရာတစ်ခုက ဟိုက်ပါရေတံခွန်ကို သွားတဲ့လူတိုင်း သွားရောက်ကျတဲ့ ရေပြာအိုင်ပဲဖြစ်ပါတယ်။ ရေပြာအိုင်ဟာဆိုရင်လည်း သူ့ရဲ့ အပြာရောင် အဆင်းရှိတဲ့ ရေကန်လေးကြောင့် နတ်တို့ဖန်ဆင်းထားသည့် ရေကန်လေးအတိုင်း လှပနေတာကြောင့် နာမည်ကြီးလှပါတယ်။
ဒီလိုလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ “ဟိုက်ပါရေတံခွန်” ရဲ့ အလှကို လူတွေအနေနဲ့လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့ မဖျက်ဆီးသင့်ပါဘူး။ ဒီနေရာဟာ တကယ်ကို ကောင်းမွန်သာယာတဲ့ နေရာတစ်နေရာဖြစ်တဲ့အတွက် ရေတံခွန် အလှမပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်းကြဖို့လည်း အရေးကြီးလှပါတယ်။ ထိုမှသာလျှင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး အနီးပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံ တွေရဲ့ စီးပွားရေးလုပ်ငန်း အခြေအနေတွေ တိုးတက်လာမှာအသေအချာပဲ ဖြစ်ပါတယ်။
========================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …

More Interesting Blogs from Zlann