မြန်မာပြည်မြေပုံ အနောက်ဘက်ပိုင်းမှာ သဘာဝအလှအပတွေနဲ့ ရှုမငြီးနိုင်အောင် ရင်သပ်ရှုမောဖွယ် တောင်ကုန်းတောင်တန်းတွေ မို့မောက်စီတန်းစွာ တည်ရှိနေတဲ့ ချင်းပြည်နယ် ကတော့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး လူနေကျဲပါးတာကြောင့် စစ်မှန်တဲ့သဘာဝအလှအပတွေနဲ့ ရာနှုန်းပြည့် သက်ဝင် လှပနေတဲ့ အေးချမ်းဆိတ်ငြိမ်ရာ နေရာဒေသဖြစ်ပါတယ်။
ချင်းပြည်နယ်လို့ဆိုလိုက်ရင် အထင်ကရဖြစ်တဲ့ အသည်းပုံ ရိဒ်ရေကန်(Rih Lake)ကို မြင်ယောင်မိကြမှာ ဖြစ် သလို ဘုံတလာရေတံခွန်၊ ကနေဒီတောင်နဲ့ အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်တို့ရှိရာ နတ်မတောင် တိုကို့ လည်း ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ရှည်လျားသွယ်တန်းနေတဲ့ တောင်ကုန်းတောင်တန်းတွေကြားက ရိုးသားအေးချမ်းလှတဲ့ တိုင်းရင်းသားတွေရဲ့ စကားသံဝဲဝဲလေးတွေအပြင် မတူကွဲပြားတဲ့ ဓလေ့ထုံးတမ်း တွေကလည်း ချင်းပြည်နယ်ရဲ့ဆွဲဆောင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ချင်းလူမျိုး အမျိုးသမီးအချို့ရဲ့ ပါးပြင်လေးတွေပေါ်မှာ ခြယ်သထားတဲ့ ဆေးမင်ကြောင်တွေကလည်း မြင်ရသူတိုင်းကို စိတ်ဝင်တစားနဲ့ စူးစမ်းချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်စေပါတယ်။ အောက်ချင်းငှက်လို့ဆိုလိုက်ရင်လည်း ချင်းပြည်နယ်ကိုပဲ ပြေးမြင်မိကြဦးမှာပါ။ ချင်းလူမျိုးတို့ရဲ့ သစ္စာရှိမှုနဲ့ ခိုင်မြဲတဲ့ မေတ္တာတရားတွေကို ဖော်ကျူးပြသရာမှာတော့ အောက်ချင်းငှက်ဟာ အကောင်းဆုံး ပြယုဂ်တစ်ခုလို့ဆိုနိုင်ပါတယ်။
ရှားပါးတဲ့သစ်ပင်ပန်းမန်တွေနဲ့ သတ္တဝါငယ်လေးတွေတည်ရှိနေတဲ့ ဝိတိုရိယတောင်(ခေါ်)နတ်မတောင်ဟာ ကိုလိုနီခေတ်က ခေါ်နူးစုမ်(ခေါ်နူးသုမ်)လို့ ဒေသခံတွေက ခေါ်ကြပါတယ်။ ချင်းဘာသာစကားအရဆိုရင် ‘ခေါ်-နတ်၊ နူး- ကြီးမားခြင်း၊ စုမ်-တောင်’ ဖြစ်တာကြောင့် အချို့က ‘နတ်ကြီးတောင်’ အချို့က ‘ နတ်မတောင်’ ‘နတ်ဘုရားမတောင်’ စသဖြင့် ခေါ်ကြတာလည်းဖြစ်ပါတယ်။
ချင်းပြည်နယ်တစ်ခွင်က ပြာရီမှိုင်းညို့နေတဲ့ တောင်ပြာလှိုင်းတွေကြားထဲမှာ အမြင့်ဆုံးသော အလှကျက် သရေ ဆောင်အဖြစ်လည်း ဝင့်ဝင့်ကြွားကြွားတည်ရှိပါတယ်။ ဝိတိုရိယတောင်လို့ ခေါ်ရတဲ့ အကြောင်းကတော့ ဗြိတိသျှတို့အုပ်ချုပ်စဉ်ကာလက ဝိတိုရိယဘုရင်မကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မှည့်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ချင်းလူမျိုးအများစုကတော့ ခေါ်နူးစုမ်လို့ပဲ အသိများပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် သုံးမြို့အတွင်းမှာတည်ရှိပြီး အနီးဆုံးကတော့ ကန်ပက်လက် မြို့ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀၀ (၃၀၇၀ မီတာ) အမြင့်မှာတည်ရှိပြီး ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာဆိုရင်လည်း အမြင့်ဆုံး မြေသား ဖုံးလွှမ်းတောင်တစ်ခုဖြစ်ပါတယ်။
နတ်မတောင်ဟာ လမ်းပန်းဆက်သွယ်ရေး မလွယ်ကူပေမဲ့ တောင်တက်ခရီးသွားခြင်းကို စိတ်ပါဝင်စား သူတွေ လာရောက်လေ့ရှိကြပါတယ်။ ပြည်တွင်းပြည်ပက သဘာဝကို ချစ်မြတ်နိုးသူအတော်များများနဲ့ တောင်တက်ရင်း သဘာဝလေကို ရှူရှိုက်ကာ ငှက်ကြည့်ခြင်းကို ဝါသနာပါတဲ့သူတွေအတွက်တော့ နိဗ္ဗာန်ဘုံလို့တောင် တင်စားလို့ရပါတယ်။ အဲဒီဒေသမှာ ဘယ်ဒေသမှာမှ မတွေ့နိုင်တဲ့ ရှားပါးငှက်မျိုးစိတ် တွေကိုလည်း တစ်စုတစ်ဝေးတည်းတွေ့နိုင်ပါတယ်။
ဒါကြောင့်လည်း နတ်မတောင် အမျိုးသားဥယျာဉ်အဖြစ် ၁၉၉၇ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ပြီး ၂၀၁၀ ခုနှစ်မှာသတ်မှတ်ခဲ့ပါတယ်။၂၀၀၄ ခုနှစ်မှာတော့ Important Bird Area(IBA) အဖြစ် စာရင်း သွင်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ အာဆီယံအမွေအနှစ်နေရာတစ်ခုအဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပြီးနောက်မှာ အာဆီယံဒေသတွေသာမကပဲ ကမ္ဘာ့နိုင်ငံတွေကပါ စိတ်ဝင်စားမှု မြင့်မားလာကြပြီး လာရောက်လည်ပတ် သူတွေလည်း များပြားလာပါတယ်။ နတ်မတောင် အမျိုးသား ဥယျာဉ်ကြီးဟာ မြန်မာနိုင်ငံမှာသာမကဘဲ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲတွေ မှီခိုကျက်စား ကျင်လည်ရာ သဘာဝထိန်းသိမ်းနယ်မြေတစ်ခုလည်းဖြစ်လာပါတယ်။ အကျယ်အဝန်းအနေနဲ့ ၁၇၆၃၀၀ ဧက(စတုရန်းကီလိုမီတာ ၇၁၃.၅၄ )ကျယ်ဝန်းပြီး ဖုံးလွှမ်းထားတဲ့ သစ်တောအမျိုးအစားတွေကတော့ အမြဲစိမ်းတော၊ ရွက်ကြွေတော၊ ထင်းရှူးတော၊ ဝက်သစ်ချတောနဲ့ တောင်ဇလပ်တောတို့ပဲဖြစ်ကြပါတယ်။
ဒါ့အပြင် အပင်မျိုးစိတ်ပေါင်း (၈၀၀)ကျော်လောက်ကို မျိုးစိတ်ခွဲခြားသတ်မှတ်ထားပြီး နို့တိုက်သတ္တဝါ (၃၅) မျိုး၊ အင်းဆက်မျိုးစိတ်ပေါင်း(၁၅၅) မျိုး၊ ကုန်းနေရေနေသတ္တဝါ (၂၃) မျိုး၊ တွားသွားသတ္တဝါ (၆၅)မျိုး၊ လိပ်ပြာ (၇၇) မျိုးလောက်အထိ ရှင်သန်နေထိုင်နေကြပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိမယ်လို့လည်း ခန့်မှန်းထားကြပြီး အခုထိမျိုးစိတ်ပေါင်း ၂၈၄ မျိုးအထိ ခွဲခြားနိုင်ပြီလည်း ဖြစ်ပါတယ်။ အဲဒီရှားပါးငှက်မျိုးစိတ်တွေထဲမှာတော့ လင်းတကျောဖြူ၊ မျက်ခုံးဖြူငှက်ပြာခြောက်တို့ပါဝင်ပြီး မျိုးတုန်းမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ မျက်ခုံးဖြူငှက်ပြာခြောက်ကိုတော့ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်မှာ တွေ့နိုင်ပြီး စာကလေးမျိုးနွယ်ဝင်လည်းဖြစ်သလို ချင်းပြည်နယ်၊ နတ်မတောင်မှာပဲ ရှားရှားပါးပါးရှိတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။တစ်နည်းအားဖြင့် ဝက်သစ်ချပင်နဲ့ တောင်ဇလပ် ပင်ပေါတဲ့အရပ်မှာပဲ နေထိုင်တတ်တဲ့ သဘာဝရှိတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင်နဲ့ ပထဝီဆရာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ဖရန်ခ် ကင်းဒန်း ဝပ်ဒ်(Mr. Frank Kingdon Ward) ရဲ့ နတ်မတောင်ပေါ်လာရောက်ပြီး ရုက္ခဗေဒဆိုင်ရာစုဆောင်းမှုတွေနဲ့ သစ်ပင်ပန်းမန်တွေအကြောင်း လေ့လာမှတ်သားမှုတွေကြောင့် မြန်မာ့ပန်းမန်တွေဟာ ကမ္ဘာ့အလယ်မှာ ထင်ရှားလာရပါတယ်။
ဒါတင်မကသေးဘဲ ၂၀၀၂ ခုနှစ်ကစပြီး သစ်တောဦးစီးဌာနနဲ့ ဂျပန်နိုင်ငံ၊ ကိုချီပြည်နယ်ရှိ မာကီနို ရုက္ခဗေဒ ဥယျာဉ်တို့ ပူးပေါင်းကာ သဘာဝအပင်နဲ့ ဆေးဖက်ဝင်အပင်တွေကိုလည်း ခွဲခြားပြီး သုတေသန လုပ်ခဲ့ကြ ပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိ အပင်မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်စုဆောင်းထားပြီး ၈၀၄ မျိုးကိုတော့ မျိုးစိတ်ခွဲခြားသတ်မှတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ် အတွင်းမှာပဲတွေ့ရှိတဲ့ တောင်ဇလပ်ဖြူနဲ့ တောင်ဇလပ်နီတို့အပြင် သစ်ခွမျိုးစိတ်ပေါင်း အပင် ၁၂၀ လောက်ကိုလည်း စုဆောင်းထားနိုင်ပြီး ၃၅ မျိုးကိုတော့ ခွဲခြားသတ်မှတ်ပြီးလည်း ဖြစ်ပါတယ်။
နတ်မတောင်ကို လည်ပတ်ကြသူတွေကတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေကို မြူနှင်းမှုန်မှုန်တွေကြား သွားရောက်ရတဲ့ အရသာကိုနှစ်ခြိုက်ကြပါတယ်။ အဲဒီလိုပဲ အမျိုးသားဥယျာဉ် ငှက်ကြည့်သူတွေကလည်း တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ ခရီးသွားအဖွဲ့နဲ့ဖြစ်စေ တပျော်တပါးငှက်ကြည့်ရင်း တောတောင်သဘာဝတွေကို အပြည့်အဝခံစားကြပါတယ်။
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တလော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။