Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် ဘုန်းလက်ရုံးချင်း စီးချင်းထိုးခဲ့ဖူးသူ “ခင်ဦးစား ချစ်ညို”
July 10, 2024
မြန်မာရာဇဝင်သမိုင်းကြောင်းတွေကို စိတ်ဝင်တစား လေ့လာသူတွေအတွက်တော့ ‘ခင်ဦးစား ချစ်ညို’ ဆိုတဲ့ အမည်ဟာ သိပ်မစိမ်းလှပါဘူး။ ‘နင်လည်း ငချစ်ညို၊ ငါလည်း အောင်ဇေယျ’ ဆိုပြီး အလောင်းမင်းတရား ဦးအောင်ဇေယျကိုယ်တိုင် စိန်ခေါ်ပြီး ရင်ဆိုင်ခဲ့ဖူးတဲ့ သူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အရာမှာမဆို ကံ၊ ဉာဏ်၊ ဝီရိယ သုံးမျိုးစုံမှ အောင်မြင်ဖြစ်ထွန်းတယ်ဆိုတဲ့ အသိကို ခွန်အားသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်း ခင်ဦးစား ချစ်ညိုက သင်ခန်းစာပေးသွားခဲ့ပါတယ်။ လက်ရုံးရည်မှာ ဦးအောင်ဇေယျကို ယှဉ်နိုင်လောက်အောင် ထူးချွန်ပေမဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို လက်မလွှတ်တာကြောင့် အသက်သေခဲ့ရတဲ့ နှမြောစရာကောင်းတဲ့ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။
အင်းဝပြည်ကြီး မပျက်ခင်က တဘောင်တစ်ခု ပေါ်ခဲ့ပါတယ်။ ‘ဖိုသုံးဖို တစ်ဖိုမီးတောက်မည်၊ ဘိုသုံးဘို တစ်ဘို မင်းဖြစ်မည်’ ဆိုတဲ့ တဘောင်အရ မုဆိုးဘိုရွာသား ဦးအောင်ဇေယျ၊ နဂါးဘိုရွာသား ရွှေနဂါးနဲ့ မတ္တရာအုတ်ဖိုနယ်က ကွေ့မင်း ဂုဏ္ဏအိမ်တို့ သုံးဦးထဲက တစ်ဦး ဘုရင်ဖြစ်လာလိမ့်မယ်လို့ ဆိုထားကြပါတယ်။ တဘောင်အရ ကြည့်မယ်ဆိုရင်တော့ ဦးချစ်ညိုက ဘုရင်ဖြစ်ဖို့ကံ ပါမလာပါ။ ဒါပေမဲ့ အင်းဝပျက်တဲ့ အချိန်မှာ ဦးအောင်ဇေယျဟာ မုဆိုးဘိုကို ထန်းလုံးတပ်အတွင်းက တပ်အလုံးအရင်းနဲ့ နေသလိုပဲ ခင်ဦးမြို့သားဖြစ်တဲ့ ဦးချစ်ညိုကလည်း ခင်ဦးမြို့မှာ အခိုင်အမာတပ်စွဲပြီး နေခဲ့သူဖြစ်ပါတယ်။
အင်းဝမြို့ကောင်းစားစဉ်က ခင်ဦးမြို့စား ဦးလုံဟာ မင်းကြီးကျော်စွာဆိုတဲ့ ဘွဲ့အမည်နဲ့ အမှုထမ်းခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဇံကလားကတော့ နက္ခတ်ဗေဒင် တတ်မြောက်သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့မှာ မောင်ချစ်ညို၊ မောင်ချစ်မြနဲ့ မောင်ချစ်ဝဆိုပြီး သားသုံးယောက်ရှိပါတယ်။ သားအကြီးဖြစ်တဲ့ မောင်ချစ်ညိုကို အင်းဝဘုရင် ကိုယ်တိုင်က ခင်ဦးစား လက်ျာပျံချီဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ မောင်ချစ်ညို က သူရဲကောင်းတို့တတ်အပ်တဲ့ မြင်းစီး၊ လှံထိုး၊ ကြိုးပစ်အတတ်တို့ကို လည်း တစ်ဖက်ကမ်းခပ် တတ်မြောက်ပါတယ်။ ဦးအောင်ဇေယျကို မျက်မြင်တွေ့ဖူးတဲ့ နိုင်ငံခြားသားသံအမတ်တစ်ယောက်ရဲ့ အဆိုအရ အရပ်အမောင်းမှာ ၅ ပေ ၁၁ လက်မခန့်ရှိပြီး ခင်ဦးစား ချစ်ညိုကလည်း မလျော့တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အရပ် ၆ ပေကျော်ရှိကာ ခွန်အားဗလနဲ့ ပြည့်စုံသူလို့ ဖော်ပြကြပါတယ်။ မောင်ချစ်ညို ငယ်စဉ်လူပျိုပေါက်အရွယ်က ဖခင်နဲ့အတူ ယာထဲသွားပြီး အပြန်မှာ ထန်းပင်ပေါက်တစ်ပင်ကို လှံနဲ့ထိုးလိုက်ရာ ထက်ပိုင်းပြတ်ကျတယ်လို့ ဆိုစမှတ်ရှိခဲ့ဖူးပါတယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ဦးအောင်ဇေယျနဲ့ အပြိုင် မင်းလောင်းဖြစ်လာမယ် ဆိုပြီး နာမည်ကျော်ကြားပါတယ်။
ဒါကြောင့် နာမည်ကျော်ကြားနေတဲ့ ဦးအောင်ဇေယျနဲ့ ဦးချစ်ညိုတို့ကို အင်းဝဘုရင်ရဲ့ လူယုံ တောင်ငူရာဇာ (ခေါ်) စဉ့်ကိုင်ဗိုလ်မှူးက အင်းဝနန်းတော်ကို ခေါ်ယူစစ်မေးပါတယ်။ ဒီအခါမှာတော့ ဦးအောင်ဇေယျက မင်းလောင်းဖြစ်တယ်ဆိုတဲ့ စကားဟာ မလိုမုန်းထားရှိသူတို့ရဲ့ ကောလာဟလ သတင်းသာဖြစ်ပြီး အစစ်အမှန်မဟုတ်ကြောင်း ပြန်လည်လျှောက်ထားလိုက်ပါတယ်။ ဦးချစ်ညိုကိုလည်း အလားတူ စစ်မေးပြီး အတူတူပြန်လွှတ်လိုက်ပါတယ်။ တောင်ငူရာဇာအမတ်ကြီးက ဦးအောင်ဇေယျဟာ ဉာဏ်ပညာထက်မြက်သလို ဥပဓိရုပ်လည်းကောင်းပြီး စကားအပြောအဆိုပြေပြစ်ကာ ဘုန်းလက်ရုံးတို့နဲ့လည်း ပြည့်စုံတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဦးချစ်ညိုကိုတော့ ခွန်အားဗလကြီးသလောက် ကျောမွဲကြီးဖြစ်သလို ဥပဓိရုပ်ချို့ယွင်းတယ် လို့ ဆိုခဲ့ပါတယ်။
ဦးချစ်ညိုတို့ ညီအစ်ကိုသုံးဦးစလုံးကလည်း ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ဓားစွမ်းထက်ကြပါတယ်။ ဗေဒင်နက္ခတ် ကျွမ်းကျင်တဲ့ မိခင်ဖြစ်သူ ဒေါ်ဇံကလားဟာ `ငါ့သား မင်းဖြစ်လိုရင် မုဆိုးဘိုသား အောင်ဇေယျကို ဦးဆုံး သုတ်သင်ရမယ်။ အောင်ဇေယျက ကိန်းခန်းကြီးလွန်းတယ်။ အောင်ဇေယျကို စောစောစီးစီး မသုတ်သင်နိုင်ရင် မင်းဖြစ်ဖို့ ခက်လိမ့်မယ်’ လို့ ဦးချစ်ညိုကို ဆိုပါတယ်။ ဒါကြောင့် မိခင်ရဲ့ အခါပေးမှုနဲ့အတူ ညီဖြစ်တဲ့ မောင်ချစ်မြကိုခေါ်ပြီး ဦးအောင်ဇေယျကို သုတ်သင်ဖို့အတွက် မုဆိုးဘိုရွာကို ထွက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဦးအောင်ဇေယျကလည်း ဦးချစ်ညိုကို သိမ်းသွင်းဖို့ဆိုပြီး ခင်ဦးကို လာပါတယ်။ နှစ်ဦးသားရင်ဆိုင်မိတဲ့ အခါ ဦးချစ်ညိုက ကြိုးကွင်းပစ်ပြီး ဦးအောင်ဇေယျရဲ့ လည်ပင်းကို ရစ်ပတ်လိုက်ပါတယ်။ ဒီအခါ ကြိုးနဲ့ရစ်ပတ်ဆွဲငင်တာကို ခံလိုက်ရတာကြောင့် ဦးအောင်ဇေယျရော မြင်းပါ လဲကျသွားပါတယ်။ နောက်မှ လဲနေရာကပြန်ထပြီး လည်ပင်းက ကြိုးကို ဓားနဲ့ ဖြတ်ပါတယ်။ အဲဒီအချိန် ဦးချစ်ညိုက လှံနဲ့ ပစ်လိုက်တာကို ဦးအောင်ဇေယျက ဓားနဲ့ အချိန်မီ ကာလိုက်နိုင်လို့ လှံချက်လွဲသွားပါတယ်။
အစ်ကိုဖြစ်သူကို ကူညီဖို့ ဦးချစ်ညိုရဲ့ ညီ မောင်ချစ်မြ ရောက်လာတဲ့အခါ ထန်းတက်သမားတစ်ဦးက ‘တစ်ဦးချင်း ရန်ဖြစ်နေတာကို ဘာလို့ ကူရမလဲ’ လို့ဆိုကာ ထန်းပင်ကဆင်းပြီး မောင်ချစ်မြကို လည်ပင်းညှစ်ပါတယ်။ ညီဖြစ်သူရဲ့ ဒုက္ခရောက်နေတဲ့ အသံကို ကြားလိုက်ရတာကြောင့် ဦးချစ်ညိုလည်း ဦးအောင်ဇေယျကို လွှတ်ထားခဲ့ပြီး ညီဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတဲ့ နေရာကို အပြေးအလွှား အရောက်သွား ပါတယ်။ ဦးအောင်ဇေယျလည်း နှစ်ယောက်တစ်ယောက်ဖြစ်နေတာကြောင့် မြင်းစီးပြီး ဆုတ်ခွာသွားပါတယ်။ ထန်းသမားလည်း မောင်ချစ်မြကို လွှတ်ပြီး ထွက်ပြေးပါတယ်။ အဲဒီအချိန်ကစပြီး ဦးအောင်ဇေယျနဲ့ ဦးချစ်ညိုကြားမှာ ရန်မီးတစ်စ စတင်တောက်လောင် လာခဲ့ပါတယ်။
ခင်ဦးကို ဦးချစ်ညိုတို့ ညီအစ်ကို ပြန်ရောက်တဲ့အခါ မိခင်ဖြစ်သူက အောင်မြင်ခဲ့ရဲ့လားမေးပါတယ်။ ဦးချစ်ညိုလည်း အကြောင်းစုံကို ရှင်းပြပြီးတဲ့နောက်မှာတော့ ‘အောင်ဇေယျကို ဒီကနေ့မှ မအောင်မြင်ရင် နောက်နောင် သူ့ကို တစ်ကိုယ်ချင်း မခုခံလေနဲ့’ လို့ပြောလိုက်ပါတယ်။ အင်းဝပျက်တဲ့ အချိန်မှာတော့ ဦးအောင်ဇေယျက ထန်းလုံးတပ်အတွင်းကနေ သူရဲကောင်း ခြောက်ကျိပ်ရှစ်ယောက်ကို စုစည်းကာ မုဆိုးဘိုမှာ အခိုင်အမာရပ်တည်နေပါတယ်။ ဘုန်းစွမ်းကံစ မြင့်မားတဲ့ မင်းလောင်းဖြစ်တာကြောင့် တစ်စတစ်စ အင်အားကြီးမားလာပြီး မုဆိုးဘိုရွာကြီးရဲ့ အရှိန်အဝါမှာ ဟံသာဝတီတို့ကိုတောင် ခြိမ်းခြောက်နိုင်တဲ့အထိကို ကြီးထွားလာခဲ့ပါတယ်။
မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျမှာ အားကိုးရတဲ့ လူစွမ်းကောင်း ခြောက်ကျိပ်ရှစ်ယောက်ရှိတဲ့ အနက် သေနတ်ဝန် ဦးကောင်းလို့ခေါ်တဲ့ မင်းကျော်ပျံချီဘွဲ့ခံ လူယုံတစ်ယောက်လည်းရှိပါတယ်။ မင်းကျော်ပျံချီဘွဲ့ဟာ ဦးကောင်းအတွက် ဦးအောင်ဇေယျက ပထမဆုံးချီးမြှင့်တဲ့ ဘွဲ့တစ်ခုဖြစ်ပြီး နောက်ပိုင်းမှာတော့ ‘အဂ္ဂမဟာသေနာပတိ’ ဆိုတဲ့ ရာထူးအထိကို ထိုက်ထိုက်တန်တန် ပေးအပ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်ျာပျံချီဘွဲ့ခံ ဦးချစ်ညိုနဲ့ စစ်သူကြီး တလပန်းတို့ ပူးပေါင်းမိတဲ့အခါ ‘မုဆိုးဘိုကို ရဖို့ဆိုရင် သေနတ်ဝန်ကို အမိဖမ်းရမယ်၊ သူ့ကို မိရင် မုဆိုးဘိုကို ငါတို့ အလွယ်နဲ့ရလိမ့်မယ်’ လို့ တလပန်းက ဆိုခဲ့ဖူးပါတယ်။
ဦးအောင်ဇေယျကလည်း တစ်ချိန်က သူနဲ့ စီးချင်းထိုးခဲ့ဖူးသူဖြစ်သလို ရဲစွမ်းသတ္တိနဲ့လည်း ပြည့်စုံတဲ့ ခင်ဦးစား ဦးချစ်ညိုကို စည်းရုံးဖို့အတွက် စာလွှာပါးလိုက်ပါတယ်။ စာလွှာထဲမှာတော့ မြန်မာလူမျိုးဖြစ်လျက်နဲ့ မွန်တို့ထံအညံ့ခံမယ်ဆိုတာ မဖြစ်သင့်ကြောင်း၊ လက်ရုံးရည်ရှိတဲ့ သူရဲကောင်းဖြစ်ပါသော်လည်း ဘုန်းကံနဲ့ အာဏာမရှိတာကြောင့် သူ့ထံကို ခိုဝင်ရင် သားမယားနဲ့တကွ ဆွေမျိုးတစ်စုကိုပါ သူကောင်းပြုပြီး စစ်သူကြီးရာထူးနဲ့ မြှောက်စားမယ့်အကြောင်းကို ရေးသားလိုက်ပါတယ်။ ဒါပေမဲ့ ဦးချစ်ညိုကတော့ အရင်ကတည်းက ရန်ငြိုးရန်စရှိခဲ့ဖူးတာကြောင့် သူ့လက်အောက်ခိုဝင်လိုက်ရင် အရှင်မထားလောက်ဘူးလို့တွေးမိပြီး မွန်တို့ထံမှာပဲ ခိုဝင်တော့မယ်လို့ ပြန်ပြောလိုက်ပါတယ်။
ဦးချစ်ညိုရဲ့ ဆုံးဖြတ်ချက်ကို သိရတဲ့နောက်တော့ ဦးအောင်ဇေယျလည်း ခင်ဦးမြို့ကို သိမ်းသွင်းဖို့အတွက် တပ်တွေကို စေလွှတ်လိုက်ပါတယ်။ ညဉ့်ဦးအချိန် ခင်ဦးမြို့ကို ချဉ်းကပ်ရာမှာတော့ မအောင်မြင်ပဲ မုဆိုးဘိုတပ်ပျက်ကာ ခင်ဦးမြို့ကနေ ထွက်ပြေးရတာကြောင့် ကွင်းပြင်ကကျောင်းကိုပဲ မီးရှို့ပြီး ဆုတ်ခဲ့ကြရပါတယ်။ ဒါကို ဦးအောင်ဇေယျက ခင်ဦးကို သိမ်းပိုက်နိုင်ပြီအထင်နဲ့ ကျန်ရှိတဲ့ အသက်အရွယ်ကြီးသူ တွေနဲ့အတူ နှဲ၊ ခရာ၊ ဗြောနဲ့ စည်တီးပြီး ထွက်လာပါတယ်။ ခင်ဦးမြို့ကနေ ဆုတ်ခွာလာတဲ့ တပ်တွေနဲ့ လမ်းမှာဆုံတဲ့အခါ အကျိုးအကြောင်းကိုသိပြီး ရဲမက်တွေကို ‘လူအိုတစ်စုနဲ့ ငါပဲတိုက်တော်မူမယ်၊ နင်တို့တစ်စုက ထမင်းအိုးထမ်းပြီး နောက်ကလိုက်ခဲ့ကြ’ လို့ကြိမ်းမောင်းပါတော့တယ်။ ဒီအကြောင်းအရာကို အကဲခတ်ကြည့်ပါက ဦးချစ်ညိုဟာ ဦးအောင်ဇေယျ အတွက်တော့ ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ်အဖြစ် စနိုးစနောင့်ဖြစ်နေဟန် တူပါတယ်။ အဲဒီတစ်ကြိမ်မှာတော့ ဦးချစ်ညိုဘက်က စည်၊ဗြောတို့ကို ရရှိလိုက်ပါတယ်။
အဲဒီနောက် ဦးအောင်ဇေယျက သေနတ်ဝန် မင်းကျော်ပျံချီကို ဗိုလ်မှူးခန့်ပြီး စစ်သည်အင်အား အပြည့်အစုံနဲ့ ခင်ဦးမြို့ကို ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။ ဒီတစ်ခါတော့ ဦးချစ်ညိုက မုဆိုးဘိုသားတွေကို ‘ယောကျ်ားကောင်း မှန်ရင် စီးချင်းထိုးမယ်၊ သေနတ်သမားတွေက ပွဲကြည့်နေကြ’ လို့ဆိုကာ စိန်ခေါ်လိုက်ပါတယ်။ ဒါကြောင့် မုဆိုးဘိုသားတို့ဘက်က မင်းကျော်ဗညားဘွဲ့ခံ ဦးမြတ်ထွန်းထွက်လာပါတယ်။ ဒါကို ဦးချစ်ညိုက ‘ ငမြတ်ထွန်းနဲ့ ငါ တိုက်ဖက်မတန်၊ ငါ့လှံပဲ သွေးစွန်းမယ်’ လို့ဆိုပြီး ငြင်းပယ်လိုက်ပါတယ်။ အဲဒီနောက် မင်းလှရွှေတောင်ဘွဲ့ခံ ဦးတွန် ထွက်လာတာကိုလည်း ‘ ငတွန်ငယ် ငါ့လက်စွမ်းကို စဉ့်ကိုင်မှာကတည်းက နင်သိပြီးဖြစ်တယ်၊ နင်နဲ့လည်း တိုက်ဖက်မတန်’ လို့ထပ်မံဆိုလိုက်ပါတယ်။ နောက်ဆုံးတော့ သေနတ်ဝန် မင်းကျော်ပျံချီ ဦးကောင်းထွက်လာတဲ့အခါမှ ‘ သည်တစ်ခါတော့ ယောက်ျားကောင်းချင်း တွေ့ကြပြီ၊ အမောင်တို့တစ်စု ပွဲကြည့်နေရစ်’ လို့ဆိုပြီး သူရဲကောင်းတို့မြင်းစီးဟန်နဲ့ မြင်းရေးအမျိုးမျိုးပြပါတယ်။ ဦးကောင်းက အခွင့်ကောင်းကို စောင့်နေတဲ့အချိန် ဦးချစ်ညိုကပဲ အရင်ဆုံးလှံကို ပစ်လွှတ်လိုက်တာကြောင့် ဦးကောင်းရဲ့လှံရိုးကိုထိပြီး ဟန်ချက်ပျက်သွားပါတယ်။ စောင့်ကြည့်နေကြတဲ့ သေနတ်လုလင်တို့လည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြကာ ချိန်ရွယ်လာတာကြောင့် ‘ကတိမတည်လေခြင်း’ လို့ဆိုပြီး ထွက်ပြေးသွားပါတယ်။
အချင်းချင်းသွေးနီးရမယ့် အချိန်မှာ ဘယ်လိုမှ သိမ်းသွင်းလို့မရတဲ့ ဦးချစ်ညိုကြောင့် ဦးအောင်ဇေယျလည်း နောက်ထပ်တစ်ဖန် ခင်ဦးကို တိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။ အကြိမ်ကြိမ်ချီတက်တိုင်း ဦးချစ်ညိုတပ်တို့ ထွက်လာတာနဲ့ အပျက်ပျက်အယွင်းယွင်းဖြစ်ရတာကြောင့် ဒီတစ်ခါတော့ ဦးအောင်ဇေယျက သူ့တပ်သားတွေကို မြင်းသမားက တပ်ရင်းကိုကပ်၊ ပုဆိန်သမားနဲ့ဓားသမားက တပ်တိုက်ကိုဖြတ်၊ တူရွင်းသမားက တပ်တိုင်ကိုတူး၊ လှေကားသမားက လှေကားထောင်တက်၊ နောက်ပြန်လှည့်ရင် သွေးသားရင်းချာဖြစ်နေလည်း ကွပ် မယ်လို့ တစ်ခါတည်းမှာလိုက်ပါတယ်။ တပ်အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကြောင့် ဦးချစ်ညိုလည်း အတွင်းကပဲ ခုခံတိုက်ခိုက်နိုင်ပါတယ်။ ဒီမတိုင်ခင် ဦးချစ်ညိုက မွန်တို့ဆီက တပ်သား ၃၀၀၀ ပါတဲ့ တပ်နှစ်တပ်ကို အကူအညီတောင်းခံထားပါတယ်။ ဒါပေမဲ့ ဦးအောင်ဇေယျရဲ့ အစ်ကိုဖြစ်သူ စည်သာမင်းကြီးက မြင်းတပ် ၂၀ နဲ့အတူ တပ်အနောက်ဘက်ကို ပတ်ပြီး မြောက်တံခါးကနေ ဝင်လာတာကြောင့် ဦးချစ်ညိုလည်း တပ်အတွင်းက ထွက်လာရပါတယ်။
ဦးချစ်ညိုဟာ တပ်တွင်းက မြင်းစီးထွက်လာရာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မြင်းကိုထိမှန်ပြီး လဲကျသွားပါတယ်။ ဒါပေမဲ့ လဲသွားတဲ့ မြင်းကို ထားခဲ့ပြီး နောက်ထပ်မြင်းတစ်စီးနဲ့ထွက်လာကာ သေနတ်တပ် တွေကို ရှောင်ရှားပြီး ဦးအောင်ဇေယျဆီကို ချဉ်းကပ်လာပါတယ်။ နှုတ်ကလည်း ‘နင်လည်း အောင်ဇေယျ၊ ငါလည်း ချစ်ညို၊ ခံနိုင်အောင်ခံ’ လို့ကြိမ်းဝါးသလို ဦးအောင်ဇေယျကလည်း ‘ နင့်ကိုသာ ငါရှာတယ်၊ နင်လည်း ချစ်ညို၊ ငါလည်း အောင်ဇေယျ၊ ယောက်ျားကောင်းဆို ထွက်ခဲ့’ လို့ စိန်ခေါ်လိုက်ပါတယ်။ အနိုင်လိုချင်စိတ်တို့ ဆူပွက် နေပေမယ့်လည်း ဦးချစ်ညိုဟာ ဦးအောင်ဇေယျကို မယှဉ်နိုင်မှန်း ကောင်းကောင်းသဘောပေါက်တာကြောင့် ရင်ဆိုင်မယ့်ဟန်ပြင်ပြီးမှ မြင်းကို ပြန်လှည့်ပြီး ရှောင်ထွက်ကာ ကျွန်းတောကြီးဘက်ကို ထွက်ပြေးတိမ်းရှောင် သွားပါတယ်။
ကျွန်းတောကြီးထဲမှာ ဟံသာဝတီမင်းရဲ့ အမှုထမ်းတစ်ဦးဖြစ်တဲ့ ရာဇာဓိရာဇ်က စစ်အင်အား အခိုင်အမာနဲ့ ရှိနေတာကြောင့် အကူအညီရလိုရငြား ပြေးသွားခြင်းပဲဖြစ်ပါတယ်။ ဦးအောင်ဇေယျကလည်း တပ်အင်အား ၂၀၀၀ လောက်နဲ့ လိုက်လံသုတ်သင်ခိုင်းပါတယ်။ ဒါကြောင့် ရာဇာဓိရာဇ်ရဲ့တပ်တွေလည်း မုဆိုးဘိုသားတွေရဲ့ ရန်ကိုစိုးထိတ်တာကြောင့် မင်းကင်းမြို့ကို ပြောင်းရွှေ့သွားပါတယ်။ ဦးချစ်ညိုလည်း မင်းကင်းကို ထပ်မံထွက်ပြေးလာပြီး မကြာခင်မှာပဲ အမှုထမ်း ရာဇာဓိရာဇ်က ဦးအောင်ဇေယျထံ သစ္စာခံသွားတာကြောင့် ဦးချစ်ညိုလည်း မွန်ဘုရင် မဟာဥပရာဇာရဲ့တပ်ကို ခိုဝင်လိုက်ပါတယ်။
အဲဒီလိုခိုဝင်လိုက်တာကပဲ ဦးချစ်ညိုကို မရဏလမ်းဆီ မြန်းစေခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ မွန်စစ်သူကြီး တလပန်းက ဦးချစ်ညိုလို သူရဲကောင်းတစ်ယောက်ဟာ ဘယ်နည်းနဲ့မဆို ဦးအောင်ဇေယျရဲ့ သစ္စာကို ခံယူသွားမယ်ဆိုရင် အမှန်တကယ် ရင်ဆိုင်ဖို့ခက်မှာဖြစ်သလို ဦးချစ်ညိုအပေါ်လည်း အယုံအကြည် မရှိတာကြောင့် ဘုရင့်ထံမှာ ခွင့်ပန်ပြီး ဆုံမှာထည့်ကာ ရက်ရက်စက်စက် ထောင်းသတ်လိုက်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ လက်ရုံးရည်ထက်မြက်တဲ့ သူရဲကောင်းကြီးဖြစ်နေပါစေ တိုင်းပြည်ရေးရာထက် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို ဦးစားပေးပြီး ဆုံးဖြတ်ချက်မှားတာကြောင့် သူတစ်ပါးလက်ထဲမှာ ကြက်ကလေး၊ငှက်ကလေးလို အသက်စတေးခဲ့ရပါတယ်။ သမိုင်းမှာတော့ ဦးချစ်ညိုဟာ ဘုန်းကံကြီးမားတဲ့ ဦးအောင်ဇေယျလို လူရဲ့ ပြိုင်ဘက်ဖြစ်ခဲ့တယ်ဆိုပြီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းကို ပြောတဲ့အခါတိုင်း မပါမဖြစ်တဲ့ ဇာတ်ကောင်အဖြစ်နဲ့ ထင်ကျန်ရစ်ခဲ့ပါတယ်။
==========================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube
:
https://www.youtube.com/@zlann_podcast
Podcast
:
https://podcasters.spotify.com/pod/show/z-lann
Facebook Group
:
https://www.facebook.com/groups/zlann/
#ZLann
#ZLann_Podcast
#သူရဲကောင်း
#တတိယမြန်မာနိုင်ငံတော်
#ခင်ဦးစားချစ်ညို
#အလောင်းမင်းတရား
More Interesting Blogs from Zlann
ကျောက်ခေတ်လူသားတို့နေထိုင်ခဲ့ရာအရပ်အဖြစ် ယုံကြည်ထားကြတဲ့ ‘ပုပ္ပါးတောင်’ 🌄
ကျောက်ခေတ်လူသားတို့နေထိုင်ခဲ့ရာအရပ်အဖြစ် ယုံကြည်ထားကြတဲ့ 'ပုပ္ပါးတောင်' 🌄
May 2, 2024
Read More
“အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ သားတော်တစ်ပါးဖြစ်သူ လင်းပင်မင်းသားကြီး”
“အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ သားတော်တစ်ပါးဖြစ်သူ လင်းပင်မင်းသားကြီး”
February 24, 2024
Read More
“ချင်မင်းဆက် ပထမဆုံးဧကရာဇ် ချင်ရှီဟွမ် (ခေါ်) ရှီဟွမ်တီမင်းကြီး”
“ချင်မင်းဆက် ပထမဆုံးဧကရာဇ် ချင်ရှီဟွမ် (ခေါ်) ရှီဟွမ်တီမင်းကြီး”
November 25, 2023
Read More
ကမ္ဘာတစ်ဝှမ်း လက်ဖက်ရဲ့ ထူးခြားမှုသမိုင်းအစဉ်အလာ
ကမ္ဘာတစ်ဝှမ်း လက်ဖက်ရဲ့ ထူးခြားမှုသမိုင်းအစဉ်အလာ
June 13, 2024
Read More
ရင်သပ်ရှုမောစရာအလှအပြည့်နဲ့ အိန္ဒိယသမုဒ္ဒရာထဲက မောရစ်ရှ ကျွန်းနိုင်ငံ
May 17, 2024
Read More
“သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို” ဟု ဆုတောင်းပြုခဲ့သည့် သထုံပြည့်ရှင် မနူဟာဘုရင်
"သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို" ဟု ဆုတောင်းပြုခဲ့သည့် သထုံပြည့်ရှင် မနူဟာဘုရင်
November 14, 2023
Read More