Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ သားတော်တစ်ပါးဖြစ်သူ လင်းပင်မင်းသားကြီး”
February 24, 2024
လင်းပင်မင်းသားကြီးလို့ဆိုလိုက်ရင် ကုန်းဘောင်မင်းဆက်တွေဖြစ်တဲ့ ဘကြီးတော်မင်းတုန်းမင်း၊ ခမည်းတော် ကနောင်မင်း နဲ့အတူ ညီအစ်ကိုဝမ်းကွဲတော်စပ်တဲ့ သီပေါမင်းတို့ကိုပါယှဉ်တွဲမြင်ယောင်မိကြ မှာ အသေအချာပါ။ ဒါတင်မကသေးပဲ ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်း ပါတော်မူပြီး တဲ့နောက် မင်းသားကြီးဟာ နယ်ချဲ့ အင်္ဂလိပ်တို့ကို တစ်ဖက်တစ်လမ်းက တိုက်ပွဲဝင်ခဲ့တာကြောင့် အင်္ဂလိပ်အစိုးရက အိန္ဒိယကို ပြည်နှင်ဒဏ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် မင်းသားကြီးကို မန္တလေးမှာမွေး၊ အိန္ဒိယမှာ နေထိုင်ခဲ့ပြီး ရန်ကုန်မှာ ကံတော်ကုန်ခဲ့သူရယ်လို့ သိကြပါတယ်။
လင်းပင်မင်းသားကြီးကို အိမ်ရှေ့စံကနောင်မင်းသားကြီးနဲ့ ကိုယ်လုပ်တော် ဆောင်ရသခင်ကြီး ခင်ဖော့တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကနောင်မင်းသားကြီးဟာ နောင်တော် မင်းတုန်းမင်းကြီးလိုပဲ မိဖုရားနဲ့ ကိုယ်လုပ်တော်တွေ အများအပြားရှိပါတယ်။ မိဖုရားပေါင်း ၁၀၀ ကျော်လောက်ရှိပြီး လူသိများထင်ရှားတဲ့ မိဖုရားတွေကတော့ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်၊ မြောက်နန်းတော် ရှင်ကျေး၊ ကျောက်ဆည်သခင်၊ ခင်ကောက်ကြီး၊ ခင်စော၊ ခင်ဖဲ၊ ရွှေလှခင်ဖွား၊ ဆောင်ရသခင်ကြီး ခင်မြင့်၊ ခင်သဲအူ၊ ခင်အေး၊ ခင်အစ်၊ သခင်ရှမ်း၊ ညောင်ဇင်သခင်ဥနဲ့ အငြိမ့်အပျိုတော် ခင်ဖော့တို့ဖြစ်ကြပါတယ်။ ဘုရင်နဲ့ မိဖုရားကြီးတို့ကို ဖျော်ဖြေရတဲ့ အငြိမ့်အပျိုတော်တစ်ဦးဖြစ်သူ ခင်ဖော့ကို ကနောင်မင်းသားကြီးက မြတ်နိုးတာကြောင့် ဆောင်ရကိုယ်လုပ်တော်ဖြစ်လာပါတယ်။ အဲဒီနောက်မှာ လင်းပင်မင်းသားကြီးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။
မင်းသားကြီးရဲ့ ငယ်နာမည်က မောင်ဆွေမြစ် ဖြစ်ပြီး ဘွဲ့နာမည်ကတော့ သတိုးမင်းရဲဒိဗ္ဗဖြစ်ပါတယ်။ မယ်တော်ဖြစ်သူ ခင်ဖော့ဟာ လေးပြင်ထောင်မှူးရဲ့သမီးဖြစ်ပါတယ်။ လေးပြင်ထောင်မှူးဆိုတာကတော့ ရွှေနန်းတော်ပတ်လည် လေးမျက်နှာရှိတဲ့အနက် တစ်မျက်နှာကို အမှုထမ်းတပ်သား တစ်ထောင်အား ကြီးမှူးအုပ်ချုပ်ရသူကိုဆိုလိုခြင်းဖြစ်တယ်။ အရှေ့ဝင်းမှူး၊ အနောက်ဝင်းမှူး၊ လက်ယာဝင်းမှူးနဲ့ လက်ဝဲဝင်းမှူးဆိုပြီး လေးပြင်ထောင်မှူးလေးဦးရှိပါတယ်။ လေးပြင်ထောင်မှူးမှာ ခင်သော့၊ ခင်ကြော့၊ ခင်ဖော့ဆိုတဲ့ သမီးသုံးယောက်ရှိပါတယ်။ ခင်သော့က မဟာမင်းလှသင်္ခယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန် ဦးသင်ကတော်ဖြစ်ပြီး ခင်ကြော့ကတော့ အခွန်တော်ဝန် မဟာမင်းကျော်သူရိန် ဦးစစ်ခါးရဲ့ ကတော်ဖြစ်ပါတယ်။
လင်းပင်မင်းသားကြီးကို မြန်မာသက္ကရာဇ် ၁၂၂၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ခမည်းတော် လုပ်ကြံခံရစဉ်က ရှစ်နှစ်သားအရွယ်သာရှိသေးတယ်လို့ဆိုကြပါတယ်။ အဲဒီအချိန်က ကနောင်မင်းသားရဲ့ သားတော်၊ သမီးတော်အများစုဟာ ပခုက္ကူ၊ ပုဂံနဲ့ ညောင်ဦးတစ်ဝိုက်ကမြို့ရွာတွေကို အပိုင်စားရပါတယ်။ မင်းသားကြီးအပိုင်စားရတဲ့ လင်းပင်ဆိုတာကတော့ ပခုက္ကူမြို့ရဲ့ အနောက်တောင်ဘက် ပခုက္ကူမြစ်ခြေ ကားလမ်းအဟောင်း တောင်ဘက်ဘေး၊ လမ်းသစ်ကနေသွားရင် တစ်မိုင်ခွဲခန့်နဲ့ အောင်သာရဲ့ အနောက်မြစ်ခြေ အရှေ့ ၂မိုင်ခန့်မှာ တည်ရှိပါတယ်။ လင်းပင်နယ်ဟာ အတော်လေးကျယ်ပြန့်ပြီး လင်းပင်၊ဖက်ပင်၊ မိုးနတ်ကုန်းနဲ့ ထန်းတောချောက် ဆိုတဲ့ ရွာကြီးလေးရွာအပိုင်နယ်လည်းဖြစ်ပါတယ်။ အဲဒီနောက်နှစ်ကာလကြာလာတာနဲ့အမျှ ရွာအနောက်ဘက်က ရွှေချောင်းရိုးချောင်းပြင်တွေ ကျယ်ပြန့်လာပြီး မိုးရာသီအတွင်း ချောင်းကျရေလျှံမှုတွေဖြစ်တာကြောင့် လင်းပင်လေးရွာစလုံး ရေလွှမ်းမိုးပျက်စီးကာ ရွာနေရာပြောင်းကုန်ခြင်းနဲ့ ရွာအချင်းချင်းပေါင်းစည်းခြင်းတွေဖြစ်လာကြပါတယ်။
၁၈၆၆ ခုနှစ်၊ဩဂုတ်လ (၂)ရက်၊ ကြာသပတေးနေ့မှာ ခမည်းတော် ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားညီနောင်တို့က လုပ်ကြံသတ်ဖြတ်လိုက်ပြီးတဲ့နောက်မှာ အိမ်ရှေ့မင်းရဲ့ သားတော် ပန်းတိမ်း မင်းသားအရေးအခင်း ဆက်လက်ဖြစ်ပွားလာတာကြောင့် ကိုယ်လုပ်တော်၊ သားတော်နဲ့ သမီးတော်တို့အားလုံး အသီးသီး ဒုက္ခရောက်ကြရပါတယ်။ ဒါကြောင့် လင်းပင်မင်းသားကြီးနဲ့ မယ်တော်ခင်ဖော့တို့ဟာ ဘွားတော်ဖြစ်တဲ့ လေးပြင်ထောင်မှူးကတော်ဟောင်းနဲ့ အတူနေခဲ့ရပါတယ်။ စားဝတ်နေရေးကျပ်တည်းပြီး ဘကြီးတော်မင်းတုန်းမင်းဆီကလည်း အထောက်အပံ့မရရှိတာကြောင့် ဗြိတိသျှအရေးပိုင် မစ္စတာရှောကပဲ လစဉ်ထောက်ပံ့ကြေး ရူပီး ၅၀ ပေးခဲ့ပါတယ်။ အဲဒီနောက် ၁၈၇၉ ခုနှစ် နန်းတွင်းအရှုပ်အထွေးတွေပေါ်လာတဲ့အခါမှာတော့ မန္တလေးကနေ ရန်ကုန်ကိုပြောင်းရွှေ့ တိမ်းရှောင် ခဲ့ပါတယ်။ ဒါကြောင့် ၁၈၇၉ ခုနှစ်၊ဖေဖော်ဝါရီ ၂၁ ရက်၊ သောကြာနေ့မှာ ကြေးတိုက်မှာ ချုပ်ထားတဲ့ ကနောင်မင်းသားရဲ့သားတော်တွေကို အကျဉ်းကနေလွှတ်ပြီး သက်ဆိုင်ရာဝန်ကြီးတွေထံကို အပ်နှံတဲ့စာရင်းမှာ လင်းပင်မင်းသားကို မတွေ့ရတာလည်းဖြစ်ပါတယ်။
ရန်ကုန်မှာ ဗြိတိသျှထောက်ပံ့ငွေနဲ့ စိန်ဂျွန်းကျောင်း(ယခု လမ်းမတော် အထက ၁ ကျောင်း)မှာ ပညာသင်ကြားခဲ့ရပါတယ်။ ရန်ကုန်မှာရှိနေစဉ် ဗြိတိသျှအစိုးရကို ထောက်ပံ့ကြေးငွေ တိုးပေးဖို့တောင်းဆို ခဲ့ပေမဲ့ မရခဲ့ပဲ မြို့အုပ်အဖြစ်နဲ့ ထားဝယ်ကိုပို့ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘကြီးတော် မင်းတုန်းမင်းက မန္တလေးကိုပြန်လာဖို့ခေါ်ခဲ့သလို ဗားကရာဆရာတော်ကလည်း အင်္ဂလိပ်တို့ပေးတဲ့ရာထူးတွေကို လက်မခံဖို့ တားခဲ့သေးတယ်လို့ ဆိုကြပါတယ်။ မင်းသားကြီးဟာ တတိယအဆင့် တရားသူကြီးအာဏာကိုလည်း ရခဲ့ပါတယ်။ ဗြိတိသျှအစိုးရရဲ့ ယုံကြည်မှုရရှိအောင် ရာထူးတွေကိုလက်ခံထားရ ပေမဲ့ တစ်ဖက်မှာလည်း အင်္ဂလိပ်တို့ မြန်မာပြည်ကို ဝါးမြိုသွားမဲ့ အရေးကို စိုးရိမ်ပူပန်နေပါတယ်။
၁၈၈၁ ခုနှစ်မှာ ထားဝယ်မြို့အုပ်အနေနဲ့ ထားဝယ်ရှမ္မလည်ဆွဲရပ် ဟိန္ဒူဘုရားကျောင်းအနီးကအိမ်မှာ နေထိုင် ခဲ့ပါတယ်။ ထားဝယ်မြို့ မြောင်းပုလဲရပ်မှာ မိခင်ခင်ဖော့ရဲ့ အစ်မဖြစ်တဲ့ ခင်ကြော့နဲ့သမီး တွေနေထိုင် တာကြောင့် မင်းသားကြီးဟာ မြောင်းပုလဲရပ်ကို ညနေတိုင်းမြင်းလှည်းနဲ့ သွားလေ့ရှိပါတယ်။ အဲဒီအခါဆိုရင် မြို့အုပ်မင်း လင်းပင်မင်းသားကို မြောင်းပုလဲရပ်သူရပ်သားတွေထွက်ကြည့်ကြတယ်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ မင်းသားရဲ့ မယ်တော် ခင်ဖော့ကလည်း ချောမောသလို ကနောင်မင်းသားရဲ့ သားတော်တွေထဲမှာလည်း လင်းပင်မင်းသားက အချောဆုံးဖြစ်ပြီး သာယာဝတီမင်းရဲ့ သားတော်တွေထဲမှာ ဆိုရင်လည်း ကနောင်မင်းသားကြီးက အချောဆုံးဆိုတဲ့ အဆိုတွေကြောင့် ဖြစ်ပါတယ်။
၁၈၈၂ ခုနှစ်မှာ ထားဝယ်မှ ဟင်္သာတသို့ ပြောင်းရွှေ့ခဲ့ရပြီး ကြင်ရာတော် ရေနံသာမြို့စား ဦးရွှေမောင် ရဲ့သမီးဖြစ်တဲ့ ရေနံသာခင်ခင်ကြီးနဲ့ လက်ဆက်ခဲ့ပါတယ်။ မင်းသားကြီးဟာ အင်္ဂလိပ်တို့ခန့်ထားတဲ့ ရာထူးကိုလက်ခံထားရပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြား အင်္ဂလိပ်တို့ ဝါးမြိုမဲ့ အရေးကို တွက်ဆမိ တာကြောင့် ၁၈၈၃ ခုနှစ်မှာ ဗြိတိသျှတို့ကို အသိမပေးဘဲ ရန်ကုန်မြို့မှ တစ်ဆင့် ကယားပြည်နယ် ကို သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် မင်းသားကြီးကို မြို့အုပ်တာဝန်ကနေ ရပ်စဲလိုက်ပြီး ရန်ကုန်မြို့ အင်္ဂလိပ် အရေးပိုင် ဝန်ရှင်တော်မင်းကြီးက မန္တလေးကိုရောက်လာရင် ဖမ်းဆီးပေးဖို့အတွက် မြန်မာမင်းဆီကို အကြောင်းကြား လိုက်ပါတယ်။
အင်္ဂလိပ်အစိုးရက ထောက်ပံ့တဲ့ငွေနဲ့ မလုံလောက်တာကြောင့် မော်လမြိုင်မှာနေခွင့်ပြုဖို့ မင်းသားကြီးက တောင်းဆိုတာကို ဗြိတိသျှတို့က ခွင့်ပြုခဲ့ပေမဲ့ မော်လမြိုင်မြို့ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာမသွားဖို့ တားမြစ်ခဲ့ပါတယ်။ မော်လမြိုင်ရောက်တဲ့ အခါမှာတော့ မင်းသားကြီးဟာ သီပေါမင်းရဲ့ အုပ်ချုပ်မှုကို သဘောမကျတာကြောင့် တော်လှန်ပုန်ကန်နေကြတဲ့ ရှမ်းစော်ဘွားတွေနဲ့ ဆက်သွယ်ပြီး မဟာမိတ်ဖွဲ့ ခဲ့ပါတယ်။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ လင်းပင်မင်းသားကြီးဟာ မော်လမြိုင်ကနေ တိတ်တဆိတ်ထွက်ခွာ ပြီး ဇင်းမယ်ကိုဖြတ်ကာ သံလွင်မြစ်အရှေ့ဘက်က ကျိုင်းတုံမြို့ကိုဝင်ခဲ့ပါတယ်။ ကျိုင်းတုံကနေ မိုးနဲမြို့ကို ရောက်တဲ့အခါမှာတော့ အင်္ဂလိပ်တို့က သီပေါမင်းကိုနန်းချပြီး အိန္ဒိယကိုခေါ်ဆောင်သွားပြီဖြစ်တာကြောင့် အစီအစဉ်ပျက်ခဲ့ရပါတယ်။ ဒါကြောင့် တိုင်းတစ်ပါးသား နယ်ချဲ့လက်ကလွတ်အောင် စော်ဘွားတွေနဲ့ပေါင်းပြီး လင်းပင်ကွန်ဖက်ဒရေစီ (ခေါ်) လင်းပင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အနယ်နယ်အရပ်ရပ်က စော်ဘွား တွေကို စည်းရုံးလိုက်ပါတယ်။
ရှမ်းပြည်တစ်ဝိုက်က စော်ဘွားအများစုကလည်း ပါဝင်လာတာကြောင့် ၁၈၈၆ခုနှစ်မှာ လင်းပင်မဟာမိတ်ကြီး အင်အားတောင့်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်အင်အားမမျှတမှုနဲ့ ဗြိတိသျှတို့ရဲ့ အချင်းချင်းသွေးခွဲ စည်းရုံး မှုတွေကြောင့် ၁၈၈၇ ခုနှစ်၊ မေလ (၂)ရက်နေ့မှာ တောင်းဆိုချက်လေးရပ်ကို တောင်းဆိုခဲ့ပါတယ်။ အင်္ဂလိပ်တို့က သုံးချက်ကိုသာ လိုက်လျောပေးခဲ့ပြီး မေလ (၁၃)ရက်မှာတော့ လက်နက်ချလိုက်ရပါတယ်။ ဗြိတိသျှတို့က လင်းပင်မင်းသားကြီးကို ရန်ကုန်ကနေတစ်ဆင့် အိန္ဒိယကို ပြည်နှင်ဒဏ် ပေးကာ ပို့ဆောင် လိုက်ကြပါတယ်။ ပထမကာလကတ္တား(ကိုးလ်ကတ္တား)မှာ ထားပြီး နောက်တော့ အာလာဗတ်မြို့ကို ပြောင်းရွှေ့လိုက် ပါတယ်။ အာလာဗတ်မြို့မှာ အင်္ဂလိပ်အစိုးရက အဆင့်အတန်းမြင့်မြင့်နဲ့ အထက်တန်း လွှာမှာ ဝင်ဆံ့အောင်ထားခဲ့ပါတယ်။ ၂၅ နှစ်တိုင်တိုင် နေထိုင်ခဲ့ရပြီးတဲ့နောက်မှာတော့ ၁၉၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခွင့်ရခဲ့ပါတယ်။ မင်းသားကြီးဟာ အိန္ဒိယမှာ နေထိုင်စဉ် ကြင်ရာတော် ရေနံသာ ခင်ခင်ကြီးနဲ့ သားသမီး ၈ယောက်ထွန်းကားခဲ့ပါတယ်။
မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ မင်းသားကြီးဟာ သက်တော် ၅၄ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကင်းဘဲလ်လမ်း(ယခု ဝင်္ကပါလမ်း)၊ ခြံနံပါတ် ၁၁ ရှိ မစ္စတာကော့ဗ်ရှက် အိမ်မှာနေထိုင်စေခဲ့ပါတယ်။ မင်းသားကြီးဟာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တာ ကြောင့် ဘာသာရေးကိုပိုမိုကိုင်းရှိုင်းကာ သမထလမ်းစဉ်ကို လိုက်ပြီး ဖိုထိုးခြင်းအမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတောင်က ရသေ့ကြီး ဦးခန္တီနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ စန္ဒမုနိစေတီတော်အနီးမှာ မြှုပ်နှံထားတဲ့ အိမ်ရှေ့မင်းရဲ့ အုတ်ဂူပြဿဒ်ဟာ စေတီတော်နဲ့ ဂန္ဓာကုဋိ တိုက်ကြားကိုရောက်နေပြီး အဲဒီရေတံလျှောက်ကကျတဲ့ ရေတွေဟာ အုတ်ဂူပေါ်ကျတာကြောင့် အနွယ်တော်တွေ မကြီးပွားနိုင်ဘူးလို့ ရသေ့ကြီးက ပြောပါတယ်။ ဒါကြောင့် မင်းသားကြီးဟာ တခြားအနွယ်တော်တွေကို အသိမပေးဘဲ အုတ်ဂူကိုဖောက်ကာ အရိုးတွေကို ဖော်ခဲ့ပါတယ်။ အဲဒီနောက် အရိုးတွေကို ရတနာပန်းတောင်းထဲထည့်ပြီး မြစ်ထဲ မျှောခဲ့တယ်လို့ ဆိုကြပါတယ်။
ဒါကို အင်္ဂလိပ်အစိုးရသိတဲ့အခါ မင်းသားကြီးကို ၁၉၂၅ ခုနှစ်မှာ အိန္ဒိယကိုပြန်လည် ပို့ဆောင်လိုက်ပါတယ်။ ဒါကြောင့် အိန္ဒိယမှာနောက်ထပ် ၆နှစ်ထပ်မံနေထိုင်ခဲ့ရပြီး ၁၉၂၁ ခုနှစ်ရောက်တော့မှ ရန်ကုန်မြို့မှာ ကောင်းမွန်စွာနေထိုင်ပါ့မယ်လို့ ကတိခံဝန်ချက်ထားပြီးမှ ပြန်ခွင့်ရခဲ့ပါတယ်။ ဗြိတိသျှက ကုက္ကိုင်းလမ်းက မြေ ၃ ဧက ကျယ်ဝန်းတဲ့ ခြံအမှတ် ၁၁၂(ယခု ဗဟန်း အထက ၂)ကို ပေးခဲ့ပါတယ်။ မင်းသားကြီးနဲ့ မိသားစုတွေဟာ အဲဒီခြံပေါ်မှာ စိတ်တိုင်းကျ နှစ်ထပ်တိုက်ခံအိမ်ကြီးကိုဆောက်ပြီး ‘ရတနာသိင်္ဃ’ လို့အမည်ပေးခဲ့ပါတယ်။
ရတနာသိင်္ဃအမည်ရတဲ့ အိမ်ကြီးမှာ မင်းသားကြီးဟာ ကြင်ရာတော်နဲ့ အတူ သားတော်၊သမီးတော်၊ မြေးတော်လေးများနဲ့ ပျော်ရွှင်စွာဘဝကိုဖြတ်သန်းခဲ့ပါတယ်။ ကြင်ရာတော် ရေနံသာခင်ခင်ကြီးဟာ သက်တော် ၆၈ နှစ်အရွယ်မှာ ကံကုန်ခဲ့ပါတယ်။ ငယ်ပေါင်းဖြစ်တာကြောင့် မင်းသားကြီးလည်း အလွန်ကြေကွဲခဲ့ပါတယ်။ ကြင်ရာတော်မရှိတော့တဲ့နောက် စံအိမ်တော်ကြီးမှာ တစ်ပါးတည်း အထီးကျန်စွာ စံရင်း ၁၉၃၃ ခုနှစ်မှာ ကံတော်ကုန်ခဲ့ပါတယ်။ လင်းပင်မင်းသားကြီးဟာ ကနောင်မင်းသားကြီးရဲ့ သားတော်တွေအနက် နောက်ဆုံးမှကံတော်ကုန်တဲ့ သားတော်လည်းဖြစ်ပါတယ်။ မင်းသားကြီးတို့ဇနီးမောင်နှံကို ငါးထပ်ကြီးဘုရားကုန်းတော်ပေါ်ရှိ ဘုရင့်ဆွေတော်မျိုးတော် သင်္ချိုင်းတော်မှာ ယှဉ်တွဲကာ ဂူသွင်း မြှုပ်နှံထားပါတယ်။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
https://forms.gle/d4L8YTEapA58Gho66
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …
#Zlann
#ZLann_Podcast
#လင်းပင်မင်းသားကြီး
More Interesting Blogs from Zlann
ချင်းတို့ရဲ့နှလုံးသား (သို့မဟုတ်) ရိဒ်ရေကန်💙
ချင်းတို့ရဲ့နှလုံးသား (သို့မဟုတ်) ရိဒ်ရေကန်💙
December 4, 2023
Read More
“ သံချိုဝိဇ္ဇာဆရာကြီး မောင်းထောင် ဦးကျော်လှ”
“ သံချိုဝိဇ္ဇာဆရာကြီး မောင်းထောင် ဦးကျော်လှ”
February 5, 2024
Read More
“ကျန်စစ်သားရဲ့ စီမံအုပ်ချုပ်မှုစွမ်းရည်နဲ့ ရွှေစည်းခုံကျောက်စာ”
"ကျန်စစ်သားရဲ့ စီမံအုပ်ချုပ်မှုစွမ်းရည်နဲ့ ရွှေစည်းခုံကျောက်စာ"
October 9, 2024
Read More
“သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို” ဟု ဆုတောင်းပြုခဲ့သည့် သထုံပြည့်ရှင် မနူဟာဘုရင်
"သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကိုမဖြစ်လို" ဟု ဆုတောင်းပြုခဲ့သည့် သထုံပြည့်ရှင် မနူဟာဘုရင်
November 14, 2023
Read More
“လောကလှိုင်းဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ အမေရိကန် ဂန္ထဝင်စာရေးဆရာကြီး ဂျက်လန်ဒန်” 💁♂️✨
“လောကလှိုင်းဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ အမေရိကန် ဂန္ထဝင်စာရေးဆရာကြီး ဂျက်လန်ဒန်” 💁♂️✨
April 8, 2024
Read More
ကိုလိုနီခေတ်က ငယ်ရွယ်တဲ့ စွယ်စုံရ မြန်မာ့ဂီတပညာရှင် ဂီတနက်သန် ကိုစောညိန်း
ကိုလိုနီခေတ်က ငယ်ရွယ်တဲ့ စွယ်စုံရ မြန်မာ့ဂီတပညာရှင် ဂီတနက်သန် ကိုစောညိန်း
July 8, 2024
Read More