ဂျပန်နိုင်ငံရဲ့ ဓားသူရဲကောင်းတွေ၊ ဓားသိုင်းတွေနဲ့ ကျော်ကြားတဲ့ ဆာမူရိုင်းတွေအကြောင်းကို ပြောကြမယ်ဆိုရင် ယနေ့ထက်တိုင် မှတ်မှတ်ထင်ထင်ရှိနေမယ့်သူကတော့ “မူဆာရှီ မီရာမိုတို( Musashi Miyamoto) ပဲဖြစ်ပါတယ်။ သူဟာ ဂျပန်ဆာမူရိုင်းတွေရဲ့ ရှေ့ဆောင်တစ်ယောက်ဖြစ်ပြီး ဂျပန်သမိုင်းရာဇဝင်တွေထဲမှာတော့ အတော်ဆုံးနဲ့ အထူးချွန်ဆုံး ဒဏ္ဍာရီလာ ဓားသူရဲကောင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ မူဆာရှီ မီရာမိုတိုနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေနဲ့ အထိမ်းအမှတ်တွေကလည်း ဂျပန်လူမျိုးတို့အဖို့ပြောမကုန်နိုင်တဲ့ ရာဇဝင်ဖြစ်ရပ်တွေအဖြစ်ကျန်ရှိနေပါတယ်။
မူဆာရှီ မီရာမိုတိုဟာ ဂျပန်ဓားသိုင်းကျွမ်းကျင်သူဖြစ်တဲ့အပြင် ဒဿနိကပညာရှင်၊ စာရေးဆရာနဲ့ ရိုနင်တစ်ယောက်လည်းဖြစ်ပါတယ်။ ရိုနင်ဆိုတာကတော့ ဂျပန်သမိုင်းကြောင်းတွေထဲမှာ အုပ်ချုပ်သူသခင် မရှိဘဲ လှည့်လည်သွားလာရင်း ဓားရေးကိုယှဉ်ပြိုင်တိုက်ခိုက်ကြသူတွေရယ်လို့ ရေးသားထားပါတယ်။ တချို့ကတော့ လေလွင့်ဆာမူရိုင်းတွေလို့ ဆိုကြပါသေးတယ်။ မူဆာရှီဟာ ဘဝသက်တမ်းတစ်လျှောက်မှာ နေရာအနှံ့ကိုလှည့်လည်သွားလာပြီး သူ့အသက် ၆၁နှစ်အထိကို ဓားရေးကျွမ်းကျင်တဲ့ ပြိုင်ဘက်ပေါင်း ၆၀ ခန့်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ ရှုံးနိမ့်ခြင်းအလျဉ်းမရှိခဲ့တဲ့ အတော်ဆုံးဓားသိုင်းပညာရှင် တစ်ယောက်ဖြစ်ပါတယ်။
မူဆာရှီဟာ တစ်ဘဝလုံးကျင်လည်ခဲ့သမျှ သိုင်းပညာရပ်တေအကြောင်းကို သူ မသေဆုံးခင်မှာပဲ “The Book of five rings- Go Rin No Sho” ဆိုတဲ့စာအုပ်မှာ ရေးသားမှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ ဓားနှစ်လက်ကိုတစ်ပြိုင်တည်းသုံးတဲ့ လက်တွေ့ဓားသိုင်းပညာရပ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားပါတယ်။ ဒါ့ပြင် “ The Path of aloneness-Dokkōdō “ လို့ခေါ်တဲ့ စာအုပ်ကတော့ တစ်နည်းဆိုရရင် သူ့ဘဝနဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆတွေကို လွယ်လွယ်ကူကူသိနိုင်စေဖို့ တိုတိုနဲ့ရှင်းရှင်းရေးသားထားခြင်းမျိုးဖြစ်ပြီး မူဆာရှီ မသေဆုံးခင် တစ်ပတ်ခန့်ကပဲရေးသားပြီးစီးခဲ့တာဖြစ်ပါတယ်။
မူဆာရှီ မီရာမိုတိုကို ၁၅၈၄ ခုနှစ်မှာ ဟာရီမာပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ နာမည်အပြည့်အစုံကတော့ ရှင်မန် မူဆာရှီနို ကာမီ ဖူဂျီဝါရာနို ဂျန်ရှင်း(Shinmen Musashi no Kami Fujiwara no Genshin) ဖြစ်တယ်လို့ စာအုပ်ထဲမှာ ကိုယ်တိုင်ရေးသားဖော်ပြထား ပါတယ်။တခြားအမည်တွေအနေနဲ့ သူ့ကို ရှင်မန် တာကီဇို( Shinmen Takezō)၊ မီရာမိုတို ဘန်နိုဆူကီ( Miyamoto Bennosuke)နဲ့ နီတန်း ဒိုရာကု (Niten Dōraku) စသဖြင့်လည်း ခေါ်ဆိုကြပါသေးတယ်။ မူဆာရှီရဲ့ ဖခင်ကလည်း ဓားသိုင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သလို မူဆာရှီဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဦးလေးဖြစ်သူရဲ့ ဘုန်းကြီးကျောင်းမှာနေထိုင်ခဲ့ပြီး ဓားသိုင်းပညာကို ဖခင်နဲ့ ဦးလေးဆီကပဲ သင်ကြားခဲ့ဟန်တူပါတယ်။
အသက် ၁၃ နှစ်အရွယ်ရောက်တဲ့အခါမှာတော့ သူ့ဘဝရဲ့ ပထမဆုံးဓားသိုင်းယှဉ်ပြိုင်မှုကို စတင်ခဲ့ပါတယ်။ အာရီမာ ကီဟိုင် ( Arima Kihei ) ဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်ဖို့ကို မူဆာရှီက သဘောတူခဲ့ပေမဲ့ ဦးလေးဖြစ်သူကတော့ ငယ်လွန်းတာကြောင့် စိုးရိမ်ပြီး မပြိုင်ဖို့တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီယှဉ်ပြိုင်မှုမှာ မူဆာရှီက ကီဟိုင်ကို အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာတော့ မူဆာရှီဟာ တာဒါရှီမာ အကီရာမာ (Tadashima Akiyama) အမည်ရှိတဲ့ နာမည်ကျော်ကျွမ်းကျင်ဓားသမားကိုလည်း အနိုင်ရရှိခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မူဆာရှီဟာ ငယ်စဉ်ကတည်းက ဓားသိုင်းပညာရပ်ကို သူမတူအောင်တတ်ကျွမ်းတဲ့သူတစ်ယောက်အဖြစ် ထင်ရှားနေပါတယ်။
သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်မှာတော့ သူဟာ ဆဲ့ကီဂါဟာရာ(Sekigahara) တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုကြပါတယ်။ အဲဒီတိုက်ပွဲမှာ သူက ရှုံးနိမ့်တဲ့ဘက်ကနေ ပါဝင်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနောက်ပိုင်း ရိုနင်တစ်ယောက်ဖြစ်လာတယ်လို့လည်း တချို့ကဆိုကြပါတယ်။ ဒါပေမဲ့လည်း အဲဒီတိုက်ပွဲနဲ့ပတ်သက်တဲ့ ခိုင်လုံတဲ့အကြောင်းပြချက် အထောက်အထား မရှိပြန်ပါဘူး။
၁၆၀၄ ခုနှစ် မူဆာရှီ အသက် ၂၁ နှစ်အရွယ်မှာတော့ တိုကျိုမြို့ကိုရောက်ရှိခဲ့ပြီး ထင်ရှားတဲ့ ဓားသိုင်းစိန်ခေါ်မှု သုံးခုကိုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျော်ကြားပြီး ဩဇာကြီးမားတဲ့ ယိုရှီရိုကာ ( Yoshioka) မျိုးနွယ်ဝင် သုံးယောက်စလုံးကို အနိုင်ရခဲ့လို့ပဲ ဖြစ်ပါတယ်။ ၁၆၀၄ ခုနှစ်၊ မတ်လ ၈ ရက်မှာ ယိုရှီရိုကာရဲ့ အကြီးအကဲဖြစ်တဲ့ ဆိုင်ဂျူရို( Seijuro)နဲ့ စိန်ခေါ်တိုက်ခိုက်ခဲ့ရာမှာ မူဆာရှီက အချိန်နောက်ကျမှ ရောက်ရှိခဲ့ပြီး အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ဆက်ခံသူညီဖြစ်တဲ့ ဒန်ရှီချီရို( Denshichiro)နဲ့ ထပ်မံယှဉ်ပြိုင်ရာမှာလည်း မူဆာရှီက အချိန်နောက်ကျမှရောက်ရှိလာခဲ့ပြီး အနိုင်ယူခဲ့ပြန်ပါတယ်။ မူဆာရှီအဖို့ အချိန်နောက်ကျမှ ရောက်ရှိခြင်းဟာ ပြိုင်ဘက်ကိုအလေးမထားခြင်း၊ ဂရုမမူခြင်းလို့ ယူဆထားတာပါ။ အဲဒီနောက် ယိုရှီရိုကာ မျိုးနွယ်နဲ့နောက်ဆုံးတိုက်ပွဲမှာတော့ သူဟာ ဆိုင်ဂျူရိုရဲ့ သားဖြစ်သူ အသက် ၁၂ နှစ်သာရှိသေးတဲ့ မာတာရှီချီရို( Matashichiro) နဲ့ရင်ဆိုင်ရပါတယ်။ မာတာရှီချီရိုက မူဆာရှီဟာ သာမန်ပြိုင်ဘက်ဓားသမားတစ်ယောက်မဟုတ်မှန်းသိတာကြောင့် လူသူလက်နက် အပြည့်အစုံနဲ့ ပုန်းခိုတိုက်ခိုက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မူဆာရှီက ဦးစွာရောက်နှင့်ပြီး ကောင်းမွန်စွာပဲ လှလှပပအနိုင်ယူခဲ့ပြန်ပါတယ်။
အဲဒီအချိန်ကစလို့ ဂျပန်နိုင်ငံတစ်ခွင်မှာ ဩဇာကြီးမားတဲ့ ယိုရှီရိုကာ ( Yoshioka) မျိုးနွယ်က အဆုံးသတ်ခဲ့ရပြီး မူဆာရှီရဲ့ ဂုဏ်သတင်းက အတော်လေးမွှေးပျံ့လာခဲ့ပါတယ်။
နောက်ပိုင်းနှစ် ၁၆၀၅ ကနေ ၁၆၁၂ တွေမှာ မူဆာရှီဟာ ဂျပန်နိုင်ငံတစ်ခွင်ကို ဆက်လက်ခရီးထွက်ခဲ့ပြီး နာမည်ကျော် ဓားသိုင်းကျွမ်းကျင်သူတွေ၊ ဆာမူရိုင်းတွေ၊ ရိုနင်တွေ အသီးသီးနဲ့ စိန်ခေါ်တိုက်ခိုက်ခဲ့ကာ သူ့ရဲ့ဓားသိုင်းလက်ရည်ကိုလည်းကောင်းသည်ထက်ကောင်းအောင် လေ့ကျင့်နေခဲ့ပါတယ်။ အဲဒီနောက် “ကောင်းကင်နှစ်ခုကို တစ်ခုတည်းပေါင်းစည်းခြင်း” လို့အဓိပ္ပာယ်ရတဲ့ နိတန်း အိချိရူ (Niten Ichi Ryu) လို့ခေါ်တဲ့ ဓားနှစ်လက်သုံးသိုင်းပညာရပ်ကို တီထွင်ကာ ဓားသိုင်းစွမ်းရည်ကို အဆင့်မြှင့်ခဲ့ပါတယ်။
၁၆၁၂ ခုနှစ်ဧပြီလမှာတော့ မူဆာရှီဟာ “အနောက်ဘက်ပြည်နယ်တွေရဲ့ မိစ္ဆာ” လို့တင်စားခေါ်ဝေါ်ကြတဲ့ နာမည်ကြီး ဓားသိုင်းပညာရှင် ဆာစာကီ ကိုဂျီရို( Sasaki Kojiro) နဲ့ ဖူနာဂျီမာကျွန်း( Funajima) မှာစိန်ခေါ်တိုက်ခိုက်ခဲ့ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ ဆာစာကီ ကိုဂျီရို သေဆုံးခဲ့ပြီး ကိုဂျီရိုက သူ့ပြိုင်ဘက်တွေထဲမှာတော့ အင်အားကြီးမားတဲ့သူတစ်ယောက်ဖြစ်တယ်လို့ မူဆာရှီက ဆိုခဲ့ပါတယ်။
၁၆၁၄-၁၆၁၅ ခုနှစ်တွေမှာ အိုဆာကာကိုတိုက်တဲ့တိုက်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်ခဲ့သေးတယ်လို့ဆိုကြပေမဲ့ တိကျသေချာတဲ့ အထောက်အထားမရှိပြန်ပါဘူး။
၁၆၁၅ ခုနှစ်ကနေ ၁၆၂၁ ခုနှစ်အထိကာလတွေမှာလည်း ဟာရီမားပြည်နယ်က အိုဂါဆာဝါရာ တာဒါနဲယိုဆီမှာ ဆောက်လုပ်ရေးကြီးကြပ်ရေးမှူးအနေနဲ့ တာဝန်ယူခဲ့ပြီး ဟိုရိုဂိုမှာလည်း မီရာကီ ဂွန်ဘိုင်နဲ့ ထပ်မံရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ၁၆၂၈ ခုနှစ်မှာ အိုဝါရီပြည်နယ်မှာ ရက်ဂရူ ဟရိုဂိုနိုဆူကီ (Yagyu Hyogonosuke) နဲ့ တွေ့ဆုံခဲ့ပါတယ်။ မူဆာရှီဟာ နောက်ပိုင်းနှစ်တွေမှာတော့ အနုပညာနဲ့ပတ်သက်တဲ့ အရာတွေကို အသားပေး လေ့လာခဲ့ပါတယ်။ ၁၆၃၃ ခုနှစ်မှာ လှပတဲ့လက်ရေးနည်းအတတ်နဲ့ ပန်းချီပညာရပ်တွေကို စတင်လေ့လာခဲ့ပြီး ၁၆၃၄ ခုနှစ်မှာတော့ ဖူခူရိုကာပြည်နယ်မှာ ခေတ္တနေထိုင်ခဲ့ကာ ၁၆၃၇ ခုနှစ်မှာ ရှီမာဘာရာ ပုန်ကန်မှုမှာပါဝင်ခဲ့တယ်လို့ အထောက်အထားတွေရှိခဲ့ပါတယ်။ ၁၆၄၂ ခုနှစ်ရောက်ချိန်မှာ မူဆာရှီဟာ အာရုံကြောချို့တဲ့ရောဂါကိုစတင်ခံစားခဲ့ရပြီး သူ့ရဲ့စာအုပ်ဖြစ်တဲ့ “The Book of five rings- Go Rin No Sho” ကို ၁၆၄၅ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။
၁၆၄၅ ခုနှစ်၊ မေလ ၁၉ ရက်မှာတော့ ဂျပန်နိုင်ငံရဲ့ ဓားသိုင်းပညာရှင် မူဆာရှီ မီရာမိုတို ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက်က ၆၁ နှစ်ရှိပါပြီ။ မူဆာရှီတစ်ယောက် ဘဝသက်တမ်းတစ်လျှောက်လုံးမှာ တိုက်ပွဲပေါင်းများစွာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပေမဲ့ မရဏတိုက်ပွဲကိုတော့ အရှုံးပေးလိုက်ရပါတယ်။ သို့သော်လည်း မူဆာရှီရဲ့ ဘဝဖြစ်စဉ်နဲ့ အောင်ပွဲတွေက သမိုင်းမှာကောင်းမွန်စွာထင်ကျန်ရစ်သလို ယနေ့ထက်တိုင်လည်း ကျော်ကြားနေဆဲဖြစ်ပါတယ်။