‘‘ဥတ္တရကုရု ခေါ် မြောက်ကျွန်း’’

ဗုဒ္ဓဘာသာကျမ်းဂန်တို့အရ မြင်းမိုရ်တောင်ပတ်လည်မှာ ကျွန်းကြီး(၄)ကျွန်း ၊ ကျွန်းငယ် (၂၀၀၀)တို့ ရှိပါတယ်။ကျွန်းကြီး (၄)ကျွန်းမှာ တစ်ကျွန်းစီကို ကျွန်းငယ်ပေါင်း (၅၀၀)စီက ဝန်းရံထားပါတယ်။ ဒါကြောင့် ကျွန်းငယ် (၂၀၀၀) ရှိပါတယ်။ ဒီလိုမျိုး ကျွန်းကြီး(၄)ကျွန်း ၊ ကျွန်းငယ် (၂၀၀၀) ရှိတဲ့ မနုဿတို့ရဲ့နေရာကို လူ့ဘုံ လို့ ခေါ်ပါတယ်။ ကျွန်းကြီး(၄)ကျွန်းကတော့ ၁။ ပုဗ္ဗဝိဒေဟ – အရှေ့ကျွန်း ၂။ အပရ ဂေါယာန – အနောက်ကျွန်း ၃။ ဥတ္တရကုရု – မြောက်ကျွန်း ၄။ ဇမ္ဗူ ဒီပ – တောင်ကျွန်း တို့ပဲဖြစ်ပါတယ်။ အဲဒီကျွန်းကြီးတွေထဲကမှ ထူးခြားစွာတည်ရှိတဲ့ ဥတ္တရကုရုခေါ် မြောက်ကျွန်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ မြောက်ကျွန်း(ဥတ္တရကုရု)ဟာ ဗုဒ္ဓဘာသာကျမ်းဂန်အရ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း ရဲ့ ဆန့်ကျင်ဘက်အရပ်မှာ တည်ရှိပါတယ်။ မြောက်ကျွန်းရဲ့ အကျယ်အဝန်းက ယူဇနာ (၈၀၀၀) ရှိတယ်လို့ ဆိုပါတယ်။မြောက်ကျွန်းရဲ့ ပုံသဏ္ဌာန်က အင်းပျဉ်မှန်နဲ့ တူပြီး အဲဒီကျွန်းမှာ ရှိတဲ့ လူတွေရဲ့ မျက်နှာ ပုံသဏ္ဌာန်က ကျွန်းသဏ္ဌာန်လိုမျိုး အင်းပျဉ်မှန်နဲ့ တူတယ်လို့ ဆိုကြပါတယ်။ ဥတ္တရကုရု လို့ခေါ်တဲ့ မြောက်ကျွန်းမှာ နေထိုင်ကြတဲ့ လူတို့က ငါးပါးသီလကို အမြဲလုံခြုံကြပါတယ်။မြောက်ကျွန်းကို ဗုဒ္ဓနဲ့ ရဟန္တာတွေက မကြာခဏ ဆွမ်းခံကြွလေ့ရှိကြပါတယ်။ မြောက်ကျွန်း(ဥတ္တရကုရု)ရဲ့ ကျွန်းဦး၊ ကျွန်းထိပ်မှာ အမြင့် ယူဇနာ(၁၀၀) ရှိတဲ့ ပဒေသာပင်တွေ နေရာတိုင်းလိုလို ရှိပါတယ်။ မြောက်ကျွန်းသူ ၊ မြောက်ကျွန်းသားတွေက သူတို့အလိုရှိတဲ့အတိုင်း စိတ်ကြိုက် ပဒေသာပင်ကနေ ဆွတ်ယူ စားသောက်ကြပြီး ချမ်းချမ်းသာသာ နေထိုင်ကြရပါတယ်။ ပဒေသာပင်မှာ သစ်သီးတွေ သီးသလို အဝတ်တန်ဆာတွေနဲ့ တူရိယာတွေလည်း ရှိပါတယ်။ လိုချင်တဲ့ အရာကို အပင်ရင်းက ဖြစ်ဖြစ်၊ အကိုင်းကြားက ဖြစ်ဖြစ် လက်ဖြန့်ထားရင် အလိုအလျောက်ရတယ်လို့ ဆိုပါတယ်။အဲဒီအပြင် မြစ်တွေကလည်း အလွန် ကြည်လင် တဲ့ ရေတွေရှိပြီး ရွှံ့ သဲ လုံးဝမရှိဘဲ ကြည်လင်အေးမြနေပါတယ်။ ရနံ့မွှေးကြိုင် သင်းပျံ့နေတဲ့ ပန်းတွေက အမြဲလှပ ပွင့်လန်း နေပါတယ်။ပန်းပင်တွေမှာ အလိုလို နံ့သာရည်တွေ ယိုစိမ့်နေတတ်ပါတယ်။ မြောက်ကျွန်းသူ ၊ မြောက်ကျွန်းသားတွေက လယ်ယာလုပ်ကိုင်ရတာလည်း မရှိကြသူတွေ ဖြစ်ပါတယ်။ မြေမှာ အလိုလို ပေါ်ပေါက်လာတဲ့ အခွံမပါ ဖွဲကင်းစင်တဲ့ သလေးဆန်ကို အိုးမှာထည့်၊ ဇောတိပါသာဏ မီးကျောက်လို့ ခေါ်တဲ့ ရတနာ ကျောက်တုံးပေါ် တင် ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။အဲဒီလို ချက်ထားတဲ့ ဘောဇဉ်ကို စားသုံးကြတဲ့ အတွက် အနာရောဂါ လုံးဝကင်းရှင်းကြပါတယ်။မြောက်ကျွန်းသူ မြောက်ကျွန်းသားတွေက အသက်(၁၀၀၀) ရှည်ကြသူတွေလည်း ဖြစ်ပါတယ်။ မြောက်ကျွန်းမှာ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးတွေနဲ့ တူတဲ့ သစ်ပင်ကြီးတွေက နေရာအနှံ့ ပေါက်ရောက်နေပါတယ်။ အိုးအိမ် တိုက်တာတွေ ဆောက်လုပ်စရာမလိုဘဲ အဲဒီသစ်ပင်ကြီးတွေကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြပါတယ်။အိပ်လိုတဲ့အခါမှာလည်း အိပ်ယာတွေက မြေပေါ်မှာ အဆင်သင့် ဖြစ်နေပါတယ်။ ကြာမျိုးငါးပါးနဲ့ ဖုံးလွှမ်းနေပြီး သာယာလှပတဲ့ ရေကန်တွေလည်း ရှိပါတယ်။ မြောက်ကျွန်းမှာ ရာသီဥတု အေးခြင်း၊ ပူခြင်းမရှိဘဲ သားရဲတိရစ္ဆာန် ၊ အင်းဆက် စတဲ့ အနှောင့်အယှက် ဘေးရန်တွေ မရှိဘူးလို့ ဆိုပါတယ်။ မြောက်ကျွန်းသူ ၊ မြောက်ကျွန်းသားတွေက ခါးကုန်းခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့ခြင်းတွေ လုံးဝမရှိဘဲ တင့်တယ်တဲ့ ရုပ်ဆင်းအင်္ဂါ ရှိကြသူတွေ ဖြစ်ပါတယ်။ မြောက်ကျွန်းသူ အမျိုးသမီးတွေက လက်ချောင်း သွယ်လျတာ ၊ လက်သည်း နီတာ ၊ ရင်သားရှည်ပြီး ခါးသေးတာ ၊ ပေါင်တံသွယ်လျ လှပတာ ၊ ဖြူစင်တဲ့ သွားတွေရှိတာ၊ နက်မှောင်လှပတဲ့ ဆံပင်ရှိတာ ၊ အမွေးအမှင် မထူမပါးရှိတာ ၊ လပြည့်ဝန်းနဲ့ တူတဲ့မျက်နှာရှိပြီး မျက်လုံး မျက်အိမ်ကျယ်တာ ၊ နူးညံ့တဲ့ အသားအရေ ရှိတာ စတဲ့ လှပမှုတွေ ပိုင်ဆိုင်ကြပါတယ်။ စကားပြောရင်လည်း သိမ်သိမ်မွေ့မွေ့ ပြောဆိုတတ်ကြပါသေးတယ်။ လက်ဝတ်တန်ဆာ အမျိုးမျိုးကို အမြဲ တင့်တယ်စွာ ဝတ်ဆင်တတ်ပါတယ်။ အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် အချိုးအစား တူညီစွာ ရှိကြပါတယ်။ ဇရာရဲ့ နှိပ်စက်ခြင်းမခံရဘဲ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ အမြဲတင့်တယ် နေတတ်ကြပါတယ်။ မြောက်ကျွန်းသားတွေက သားမယားအပေါ် စွဲလန်းချစ်ခင်ခြင်း မရှိတတ်ကြသူတွေ ဖြစ်ပါတယ်။ မြောက်ကျွန်း ယောက်ျား၊ မိန်းမတွေက (၇)ရက် တစ်ကြိမ်ပဲ ကာမဂုဏ်မှာ မွေ့လျော်ကြပါတယ်။ကျန်ရက်တွေမှာတော့ ရာဂကင်းစွာ နေထိုင်ကြပါတယ်။မြောက်ကျွန်းသူတွေက ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခ ၊ မီးဖွားရခြင်း ဒုက္ခ တို့ မှလည်း ကင်းဝေးကြပါတယ်။မိခင်ရဲ့ ဝမ်းဗိုက်မှ ကလေးငယ်က အညစ်အကြေးမရှိ ထွက်လာကြပြီး အမျိုးသမီးတွေက မွေးဖွားချိန် ကျရောက်ရင် ရောက်တဲ့ နေရာမှာ မွေးဖွားတတ်ပါတယ်။ မွေးဖွားတဲ့အခါ ထိုင်ပြီးမွေးဖွားတတ်သလို အိပ်ပြီးလည်း မွေးဖွား တတ်ပါတယ်။ မြောက်ကျွန်းမှာနေသူတွေက ငါ့ရွှေ၊ ငါ့ငွေ ငါ့လင်၊ ငါ့သား၊ ငါ့မယား ဆိုပြီး စွဲလန်းစိတ်တွေ မရှိကြသူတွေ ဖြစ်ပါတယ်။ မိခင်တွေက မီးဖွားပြီး ကလေးတွေအတွက် စိုးရိမ်ပူပန်စရာမလိုဘဲ ကလေးတွေ အိပ်ပျော်နေရာမှာ ထားပြီး လိုရာကို သွားနိုင်ပါတယ်။တွေ့တဲ့သူက အစားကျွေး နို့တိုက်ကြပါတယ်။ယောက်ျား၊ မိန်းမတွေက သူတို့ရဲ့ လက်ညှိုးကို ကလေးငယ်တွေရဲ့ ပါးစပ်ထဲကို ထည့်လိုက်ရင် နို့ထွက်လာပါတယ်။ လက်ညှိုးက ထွက်လာတဲ့ နို့ကိုပဲ စို့ရပြီး အားအင်ဖြစ် ကြီးပြင်းလာကြပါတယ်။ မြောက်ကျွန်းမှာ သားက အမိကို မသိ၊ အမိက သားကို မသိ သားနဲ့ အမိက ယောက်ျား မိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြပါဘူး။ကလေးငယ်တွေက မိန်းကလေးဖြစ်ရင် အမျိုးသမီးကြီးတွေဆီ သွားကြပြီး ယောက်ျားလေးဖြစ်ရင် အမျိုးသားကြီးတွေဆီ သွားရောက်နေထိုင်ကြပါတယ်။ မြောက်ကျွန်းသူ ၊ မြောက်ကျွန်းသားတို့က ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် ငြင်းခုံတာတွေ ခိုက်ရန်ဖြစ်တာတွေ မရှိကြပါဘူး။ ငါးပါးသီလမြဲတာကြောင့် သေတဲ့အခါမှာလည်း အပါယ်လေးဘုံ ကို မရောက်ကြဘဲ နတ်ပြည်မှာပဲ စံစားရပါတယ်။ဒါကြောင့် ဥပစ္ဆေဒက ကံ နဲ့သေဆုံးခြင်းမျိုး မရှိကြသူတွေဖြစ်ပါတယ်။ မြောက်ကျွန်းသူ ၊ မြောက်ကျွန်းသားတွေက လူသေကို တွေ့ရင် သောကဖြစ်ပြီး မငိုကြဘဲ လူသေကောင်တွေကို အဝတ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြပါတယ်။အဲဒီအခါ ငှက်တွေက လူသေကောင်ကို တခြားကျွန်းဆီ ယူဆောင် သွားကြပါတယ်။ ဒါကြောင့် မြောက်ကျွန်းမှာ သင်္ချိုင်း မရှိဘူးလို့ ဆိုရပါမယ်။ ဒါ့အပြင် ဇောတိက သူ‌ဌေးကြီးရဲ့ ကြင်ရာတော်က နတ်တို့ခေါ်ဆောင်လာတဲ့ မြောက်ကျွန်းသူဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ဒါကြောင့် ငါးပါးသီလမြဲသူတွေသာနေထိုင်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ မြောက်ကျွန်းအကြောင်းကို စာပေကျမ်းဂန်တွေကတစ်ဆင့် လေ့လာသိရှိရသလောက် တင်ပြပေးလိုက်ရပါတယ်။

#ZLann #ZLann_Podcast #ဉတ္တရကုရု

#မြောက်ကျွန်း#ဗုဒ္ဓဝါဒီ #TheNorthHeaven

More Interesting Blogs from Zlann