“၃၇ မင်း နတ်စာရင်းဝင် မင်းစည်သူ”

စောလူးမင်းနဲ့ ကျန်စစ်သားမင်းတို့ရဲ့ မြေးတော် ၊ စောယွန်း နဲ့ ရွှေအိမ်စည် တို့ရဲ့ သားတော် အလောင်းစည်သူ မင်းကြီးကို မွေးတော်မူစဉ်က “ အိမ့်ရှင်စည်ကြီး သူ့မတီးပဲအလိုလိုမြည်၏။ဥကင်္သတံခါးလည်း သူမဖွင့်ဘဲ အလိုလိုပွင့်၏” လို့မဟာရာဇဝင်မှာ ပြဆိုထားပါတယ်။ဘိုးတော် ထီးလှိုင်ရှင်မင်းကြီးက မြေးတော်ကို ရင်ခွင်ပိုက်ပြီး “ငါကား ငါ့မြေးနန်းကို စောင့်နှင့်ပါသည်သာ ”လို့မိန့်ဆိုပြီး သီရိဇေယျသူရ အမည်နဲ့ မင်းမြှောက် ဘိသိက်သွန်းတော်မူပါတယ်။
သက္ကရာဇ် ၄၅၄ (အေဒီ ၁၀၉၄) မှာ ထီးနန်းအမွေဆက်ခံ ပြီး ကျောက်စာမှာတွေ့ရတဲ့ ဘွဲ့အမည်က သီရိ တြိဘုဝနာဒိတျာပဝရ ဓမ္မရာဇာ မဟာဓိပတိနရပတိစည်သူ ဖြစ်ပါတယ်။မင်းဖြစ်တဲ့အခါ ရွှေဂူဘုရားကို တည်တဲ့အတွက် ရွှေဂူဒါယကာလို့လည်းရေးမှတ်ကြပါတယ်။ငယ်စဉ်က ငိုယိုတဲ့အခါ ချက်တော်တစ်မိုက်ခန့်ထွက်တာကို အကြောင်းပြုလို့ ချက်တော်ရှည်လို့လည်းခေါ်ကြပါတယ်။ပုဂံခေတ်မှာ နောက်ထပ် စည်သူဘွဲ့ခံ မင်းတွေရှိလာတာကြောင့် ထီးလှိုင်ရှင်မင်းရဲ့မြေး စည်သူကို ဘုရားလောင်းအဖြစ် ရည်စူးပြီး အလောင်းစည်သူလို့ သမိုင်းဆရာတို့က သတ်မှတ်ခေါ်ဆိုကြပါတယ်။
အလောင်းစည်သူမင်းလက်ထက်မှာ နိုင်ငံအနှံ့လှည့်လည်ပြီး ကန်၊ချောင်း၊ဆည်မြောင်းတွေ တူးဖော်ကာ လယ်၊ယာတွေကို တိုးချဲ့လုပ်ကိုင်ခဲ့တဲ့အတွက် နိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ခရိုင် ၊ မြို့ပြတွေတည်ထောင်စေခဲ့ပြီး နိုင်ငံတော်နယ်နိမိတ် တွေလည်းချဲ့ထွင်ခဲ့ပါတယ်။ စီးပွားကူးသန်းရေး ပိုမိုကျယ်ပြန့်လာစေဖို့ အလေး၊ အချိန်အတွယ်၊ အတိုင်းအတာတွေကိုလည်း မင်းမိန့်နဲ့ တသမတ်တည်း ဖြစ်စေခဲ့ပါတယ်။အ‌လောင်းစည်သူမင်းကြီးက နိုင်ငံခြားဆက်ဆံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ခဲ့ပါတယ်။
မဟာရာဇဝင်ကြီးမှာ သမုဒ္ဒရာသို့ထွက်ပြီး သိန်းခို (သီရိလင်္ကာ) နဲ့ မလ္လာယုသို့ပင်ရောက်ကြောင်း၊ လက်ညိုး ညွှန်ရာ ရေဖြစ်စေပြီး ဖောင်စကြာ ရတဲ့ မင်း၊တူရိယာကိုင် ကျောက်ရုပ်တွေ အသက်ဝင်ကာ ကြိုဆိုရတဲ့အထိ ဘုန်းတန်ခိုးကြီးလှတဲ့ မင်း အဖြစ် ဖော်ပြကြပါတယ်။အလောင်းစည်သူမင်း ဖြတ်ထုံး ဓမ္မသတ်ကျမ်းစာ လည်းပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာရာဇ၀င်ရဲ့ အဆိုအရ မြန်မာဂီတ နဲ့တူရိယာ တွေဟာ အလောင်းစည်သူမင်း လက်ထက်မှာ ဖြစ်ထွန်းခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းစည်သူမင်းကြီးက နိုင်ငံရေးနဲ့ စီးပွားရေးသာမက ဘာသာ သာသနာရေး ကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါတယ်။တိုင်းခန်းလှည့်လည် ရောက်ရှိရာ နိုင်ငံအနှံ့အပြား အရပ်ဒေသတို့မှာ သာသနာအတွက် သိမ်၊ဘုရား၊ကျောင်း၊ပုထိုး၊ဂူဘုရား များစွာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ အလောင်းစည်သူမင်း ကောင်းမှုတော် တွေထဲမှာ ပုဂံမှာ ရှိတဲ့ ရွှေဂူကြီးဘုရား၊ သဗ္ဗညုဘုရား၊အညာဒေသရှိ သရက္ခန်စေတီတော်များ၊ ဆင်ဖြူကျွန်း ဆုတောင်းပြည့်ဘုရား၊ သီဟိုဠ်ရှင်ဘုရား၊ဖောင်တော်ဦးဘုရား အစရှိတဲ့ စေတီ၊ပုထိုး အများအပြား တည်ထား ကိုးကွယ်ခဲ့ပါတယ်။ထင်ရှားတဲ့ ကောင်းမှုတော်တွေက ရွှေဂူကြီးဘုရား နဲ့ ဉာဏ်တော် ပေ ၂၁၀ ကျော်မြင့်မားတဲ့ သဗ္ဗညုစေတီ၊ ကြေးစင်တစ်သောင်းရှိတဲ့ ခေါင်းလောင်းတော် တို့ ဖြစ်ပါတယ်။
သဗ္ဗညုဘုရားက ပုဂံရှိ စေတီပုထိုး တွေထဲမှာ အမြင့်မားဆုံးဖြစ်ပြီး ထူးခြားလှတဲ့ ဗိသုကာလက်ရာများစွာ ရှိတဲ့ စေတီ ပုထိုးဖြစ်ပါတယ်။ရွှေဂူကြီးဘုရားရဲ့ ဉာဏ်တော်အမြင့်က ၆၈ ပေ ရှိပြီး ၁၈ ပေခန့်မြင့်တဲ့ အုတ်ခုံကြီးပေါ် တည်ထားခဲ့ပါတယ်။ရွှေဂူကြီးဘုရားဝင်း ဝင်ပေါက်တစ်ဖက်စီမှာ ကျောက်စာနှစ်မျက်နှာ ရေးထိုးထားပါတယ်။ ကျောက်စာကို ပါဠိဘာသာနဲ့ ဂါထာ ၁၀၀ ရေးသားထားပြီး အဆုံးမှာတော့ ရက်စွဲကို သက္ကရာဇ်ရက်စွဲသုံးပြီး သက္ကတဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ကျောက်စာမှာ ရေးထိုးထားတဲ့ အကြောင်းအရာတွေက မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များစွာကို ဂါထာအဖွဲ့ အနွဲ့နဲ့ သီကုံး ချီူးကျူးထားခြင်းဖြစ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူ ဖြစ်လိုကြောင်း ဆုတောင်း ထားခြင်း ဖြစ်ပါတယ်။
ကျောက်စာမှာ ရေးထိုးထားတဲ့ ပါဠိဘာသာကို ကြည့်ခြင်းအားဖြင့် အလောင်းစည်သူမင်းလက်ထက်မှာ ပါဠိဘာသာ ထွန်းကားနေကြောင်း သမိုင်းပညာရှင်တို့က သုံးသပ်ထားပါတယ်။အလောင်းစည်သူမင်း က ပညာဉာဏ်အမြော်အမြင်ရှိပြီး ပညာရှိတွေကိုလည်း ချီးမြှင့်မြောက်စားတဲ့ မင်းဖြစ်ပါတယ်။ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်တတ်ပြီး အပြစ်ရှိခဲ့ရင် သွေးသားရင်း ဖြစ်နေပေမဲ့ မညှာမတာ အပြစ်ပေးတတ်ပါတယ်။ဒီလို အပြစ်ပေးလေ့ရှိတာနဲ့ ပတ်သက်ပြီး သားတော် မင်းရှင်စောကို တိုင်းပြည်မှာ မနေစေဘဲ နှင်ထုတ်အပြစ်ပေးပုံကို ကြည့်ရင် သိနိုင်ပါတယ်။သားတော်ကြီးမရှိတဲ့နောက် အုပ်ချုပ်မှုရေးရာတွေကို မိဖုရားငယ်တစ်ပါးမှ မွေးဖွားတဲ့ သားတော်အလတ် နရသူ ကိုတာဝန်ယူ ဆောင်ရွက်စေပါတယ်။
အလောင်းစည်သူမင်းကြီးတစ်ယောက် သာသနာအကျိုး နိုင်ငံအကျိုးဆောင်ရွက်တော် မူရင်း သက်တော် ၁၀၁နှစ်ရောက်တဲ့အခါပြင်းထန်စွာ နာမကျန်း ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန် မှာ သားတော် နရသူက အလောင်းစည်သူမင်းကို ရွှေဂူကြီးဘုရားမှာ ရွှေ့ပြောင်းထားရှိပြီး ထီးနန်း သိမ်းပိုက်မယ်လို့ ကြံစည်ပါတယ်။အလောင်းစည်သူမင်းကြီး အသိပြန်ရလာတဲ့အခါ နရသူအကြံ ကိုသိရှိပြီး အလွန်အမျက်ဒေါသ ထွက်ခဲ့ပါတယ်။ အဲဒီအကြောင်းကို နရသူ ကြားတဲ့အခါ ညတွင်းချင်း ရွှေဂူကြီးဘုရားမှာ ရှိတဲ့ အလောင်းစည်မင်းကြီး ထံသွား ရောက်ပြီး အဝတ်ပုဆိုးတို့နဲ့ ဖိသတ်ပါတယ်။အိမ်နိမ့် ၂၆ နှစ် စည်းစိမ် ခုနစ်ဆယ့်ငါးနှစ် သက်တော် တစ်ရာ့တစ်နှစ် အရောက်မှာတော့ အလောင်းစည်သူမင်းကြီးဟာ သားဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် နတ်ရွာစံခဲ့ပါတယ်။
နတ်ရွာစံပြီးနောက် နတ်တစ်ပါးဖြစ် လာတယ် လို့ဆိုပါတယ်။မြန်မာ့ရိုးရာ ၃၇မင်း နတ်တွေထဲမှာ လူအများ ကိုးကွယ်ယုံကြည်ကြတဲ့ မင်းစည်သူနတ် က အလောင်းစည်သူမင်းကြီးဖြစ်တယ်လို့ဆိုပါတယ်။အလောင်းစည်သူမင်းကြီးကို ကိုယ်စားပြုတဲ့ နတ်ရုပ်ကို အောက်ခုံပလ္လင်၊ ယာဒူးထောက် ဝဲဒူးချ၊ ယာဒူးပေါ် ယာလက်ရုံးတင်၍ လက်ညိုးထိုးဟန်၊ ဝဲလက်က ဒူးစွန်းကိုထောက်လျှက် ဗောင်းစလွယ်၊နားတောင်း ရှေ့ဘယက် နောက်ဘယက် တို့နဲ့အတူထုလုပ်ကြပါတယ်။

More Interesting Blogs from Zlann