မန္တလေးတိုင်းဒေသကြီး၊ ပုဂံ၊ သီရိပစ္စယာ အရပ် လောကနန္ဒာစွယ်တော်မြတ် စေတီတော် အနီးမှာ အလွန် ရှေးကျပြီး စဉ့်ရေ မသုတ် ရသေးတဲ့ ၅၅၀ ဇာတ်နိပါတ်တော် မြေဖုတ်အုတ်ခွက် တွေကို ပြည့်ပြည့်စုံစုံလေ့လာ နိုင်တဲ့ ဖက်လိပ်ဘုရား တွေ တည်ရှိနေပါတယ်။ ပါဠိ ကျမ်းဂန်တွေမှာ ဇာတကခေါ် ဘုရားလောင်းနဲ့ သက်ဆိုင်တဲ့ အဖြစ်တော်တွေကို ပြဆိုထား တဲ့ ဇာတ်နိပါတ်တော်တွေဟာ အရေအတွက်အားဖြင့် (၅၄၇) ဇာတ်သာရှိပါတယ်။ဒါပေမဲ့ ခေါ်ရလွယ်ကူစေဖို့ ငါးရာ့ငါးဆယ် နိပါတ်တော် လို့ ခေါ်ကြပါတယ်။ ၅၅၀ ဇာတ်တော်တွေက ကျမ်းစာပြုစုရာ၊ ဟောပြောရာတို့မှာသာမက ရုပ်ကြွစဉ့်ကွင်းနဲ့နံရံပန်းချီဆေးရေးရာ၊ နောက်ဆုံး ဇာတ်သဘင် ကပြဖျော်ဖြေရာအထိ ဘယ်တော့မှ မရိုးနိုင်တဲ့ ဇာတ်နိပါတ်တော်တွေဖြစ်ပြီး မြန်မာ လူမျိုးတို့ အနည်းနဲ့အများဆိုသလို သိရှိထားကြတဲ့ ဇာတ်တော်တွေဖြစ်ပါတယ်။အဲဒီဇာတ်တော်တွေထဲမှာ တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဆိုတဲ့ ဇာတ်ကြီး ဆယ်ဘွဲ့လည်းအပါအဝင်ဖြစ်ပါတယ်။ အများသိရှိထားကြတဲ့ ၅၅၀ နိပါတ်တော်တွေဟာ စုစုပေါင်း ၅၅၀ မရှိဘဲ ၅၄၇ ဇာတ်သာရှိနေပါတယ်။သင်္ဂါယနာ တင်ထားတဲ့ ဇာတ်ပါဠိတော်နဲ့အဋ္ဌကထာတွေမှာလည်း ဇာတ်တော် ၅၅၀ မရှိဘဲ ၅၄၇ ဇာတ်သာရှိနေပါတယ်။ မြန်မာပိဋက မှာသာမက သီရိလင်္ကာ နဲ့ ထိုင်းနိုင်ငံတို့မှာလည်း ဇာတ်နိပါတ်တော် ၅၅၀ မရှိဘဲ ၅၄၇-ဇာတ်သာ ရှိပါတယ်။ ပုဂံမှာရှိတဲ့ ဖက်လိပ်ဘုရား တွေမှာတော့ ပျောက်နေတဲ့ ဇာတ်တော်သုံးခု ကို တွေ့ရှိရပြီး အဲဒီဖြစ်စဉ်က အလွန်အံ့သြဖွယ် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဖက်လိပ်ဘုရားတွေမှာ ဇာတ်နိပါတ်တော် ၅၅၀ အပြည့်ရှိတဲ့ စဉ့်ရေမသုတ်ထားတဲ့ အုတ်ခွက်တွေ ကိုတွေ့ မြင်နိုင်ပါတယ်။လိုအပ်နေတဲ့ ဇာတ်တော် ၃ ခုနေရာမှာ ဝေလာမဇာတ်၊ မဟာဂေါဝိန္ဒဇာတ်၊ သုမေဓပဏ္ဍိတ ဇာတ်တော်တွေကို ထည့်သွင်း ပြုလုပ်ထားတဲ့ အုတ်ခွက်တွေတည်ရှိနေတာပါ။ ဖက်လိပ်ဘုရားရဲ့ ပုံသဏ္ဍာန်က ဖက်ကိုလိပ်ထားဟန်အခေါင်းရှိနားတောင်းတစ်မျိုး နဲ့ ဆင်တူတဲ့အတွက် ဖက်လိပ်ဘုရား လို့ခေါ်ဆိုခြင်းဖြစ်ပြီး ဖက်လိပ်ဘုရားများလို့ ခေါ် ဆိုရခြင်းက အရှေ့ဖက်လိပ်ဘုရား နဲ့ အနောက်ဖက်လိပ်ဘုရား ဆိုပြီး ရှိတာကြောင့် ဖြစ်ပါတယ်။ အရှေ့ဖက်လိပ်ဘုရားရဲ့ စေတီလုံးပတ်နဲ့ဉာဏ်တော်က အနောက်ဖက်လိပ်ဘုရားထက် အနည်းငယ်ပိုကြီးမားပြီး အနောက်ဖက်လိပ် ဘုရား ကတော့ ပိုမိုစနစ်တကျ ထိန်းသိမ်းလာခဲ့ဟန်ရှိပါတယ်။ အရှေ့ဖက်လိပ်ဘုရားရဲ့ အောက်ခြေမှာ ပေါင်းကူးစင်္ကြံပတ်လမ်းတွေ ပြုလုပ်ထားပြီး စင်္ကြံပတ်လမ်းရဲ့ အတွင်းနဲ့ အပြင်နံရံတွေမှာ ငါးရာ့ငါးဆယ် ဇာတ် မြေမီးဖုတ် အုတ်ချပ်တွေ ကပ်ထားပါတယ်။အဲဒီ မြေမီးဖုတ် အုတ်ချပ်တွေမှာ ဇာတ်အမှတ်စဉ်နဲ့ အမည်တွေပါရှိပြီး ဗြဟ္မာ၊ သကြား၊ နတ်၊ ရုက္ခစိုး၊ ရသေ့၊ မင်း၊ မိဖုရား၊ မင်းသား၊မင်းသမီး၊ သဘာဝအလှ ရှုခင်းတွေနဲ့တိရစ္ဆာန်ပုံတွေကို လေ့လာကြည့်ရှုနိုင်ပါတယ်။ အနောက်ဖက်လိပ်ဘုရား အောက်ခြေ ပေါင်းကူး စင်္ကြံပတ်လမ်းတွေရဲ့ အတွင်းနဲ့ အပြင်နံရံတွေမှာ ငါးရာ့ ငါးဆယ် နိပါတ်တော် မြေမီးဖုတ် အုတ်ချပ်တွေ နဲ့တန်ဆာဆင်ထားပါတယ်။ (၅၅၀)ဇာတ်တော်တွေက (၅၄၇)ဇာတ်သာ ရှိပေမဲ့ အနောက်ဖက်လိပ်ဘုရားမှာတော့ (၅၅၀)ဇာတ်ပြည့်အောင် ဝေလာမဇာတ်၊ မဟာဂေါဝိန္ဒဇာတ်နဲ့ သုမေဓပဏ္ဍိတဇာတ် တွေကို ဖြည့်စွက်ပြုလုပ်ထားပါတယ်။ မူလတည်ဆောက်ခဲ့စဉ်က ဘုရားနှစ်ဆူရဲ့အောက်ခြေပတ်လည်မှာ ပေါင်းကူး စင်္ကြံ ပတ်လမ်းတွေတည်ရှိခဲ့ပြီး အရှေ့ဘက်မျက်နှာမှာ ဝင်ပေါက်ရှိခဲ့ပါတယ်။အဲဒီလိုတည်ဆောက်ရခြင်းက ၅၅၀ ဇာတ်နိပါတ်တော်အုတ်ချပ်တွေ မပျက်စီးစေဖို့ အကာအကွယ် ပေးဖို့ရည်ရွယ်တည်ဆောက်ခဲ့ဟန်ရှိပါတယ်။ ၁၉၀၅ ခုနှစ် ပတ်ဝန်းကျင်မှာ ဘုရားနှစ်ဆူရဲ့ အောက်ပိုင်းမှာရှိတဲ့ ပြိုကျနေတဲ့ အုတ်ကျိုးအုတ်ပဲ့ တွေကို ရှင်းလင်းခဲ့ရာမှာ စဉ့်ရည်မသုတ်ထားတဲ့ ရှေးကျတဲ့ ဖြေဖုတ်အုတ်ခွက်တွေကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ ၅၅၀ ဇာတ်တော် ဖောင်းကြွအုတ်ခွက်တွေဟာ နောက်ပိုင်းမှာ ထုလုပ်တဲ့ အခြားဘုရားတွေမှာ ရှိတဲ့ စဉ့်သုတ်အုတ်ချပ်တွေထက် ပိုမိုတိကျပြတ်သားပြီး အသေးစိတ်ပေါ်လွင်ထင်ရှားပါတယ်။ စေတီအခြေပတ်လည်နဲ့ အတွင်းနံရံများအတွင်း လေးထောင့်ပုံသဏ္ဍာန် ဇာတ်တော်အုတ်ခွက်တွေထားရှိတဲ့ အရာဟောင်းတွေ တွေ့ရှိရပါတယ်။ တွေ့ရှိရတဲ့ ဇာတ်တော်အုတ်ခွက်တွေကို နေသားတကျစီစဉ်ထားရှိပြီး မပျက်စီးစေဖို့ ကွန်ကရစ် အမိုးတွေနဲ့ ပြုပြင်ထိန်းသိမ်းထားရှိပါတယ်။ တစ်ချိန်က ဇာတ်ရုပ်အုတ်ခွက်တွေရဲ့ အင်္ဂတေ ပေါင်တွေမှာ ရှေးမွန်ဘာသာစာတန်း အနည်းငယ်ကိုလည်း တွေ့မြင် နိုင်ကြောင်းမှတ်တမ်းတင်ထားကြပါတယ်။ ပုဂံဘုရင် အနော်ရထာမင်းလက်ထက် ၁၁ ရာစု မှာ တည်ဆောက်ခဲ့တယ်လို့ဆိုကြပြီး သုတေသီတို့က အနော်ရထာမင်းလက်ထက် ထက် နောက်မကျဘူးလို့ ခန့်မှန်းထားကြပါတယ်။ ရှေးလက်ရာ မြေဖုတ်အုတ်ခွက် တွေကိုလေ့လာနိုင်တဲ့ အရှေ့ဖက်လိပ်ဘုရားနဲ့ အနောက်ဖက်လိပ်ဘုရား တို့ရဲ့ အနောက်တောင်ဘက်မှာ လောကနန္ဒာစွယ်တော်မြတ် စေတီတော်၊မြန်မာပြည်ရဲ့ အရပ်အရှည်ဆုံး ဒေါ်ဇီးကွက် အမှတ်တရကျောက်တိုင်၊တောင်ဘက်မှာ လောကနန္ဒာ ဥယျာဉ်၊စိမ်းညက်အစ်မဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အပယ်ရတနာဘုရား၊နဂါးရုံဘုရားတို့တည်ရှိနေပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤: https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤: https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #ဖက်လိပ်ဘုရား
#အုတ်ခွက်ဘုရား #မန္တလေးတိုင်းဒေသကြီး